DVB Logo
Home
နိုင်ငံတကာ
ရုရှားတောင်ပိုင်းကို ယူကရိန်း ထိုးဖောက်ပြီး သုံ့ပန်း ၁၀၀ ကျော်ဖမ်းမိ
DVB
·
August 15, 2024
ရုရှားတောင်ပိုင်းကို ယူကရိန်း ထိုးဖောက်ပြီး သုံ့ပန်း ၁၀၀ ကျော်ဖမ်းမိ
Donate to DVB

ယူကရိန်းတပ်တွေဟာ ရုရှားနိုင်ငံ ကက်စ်ဒေသထဲကို ဆက်လက်ထိုးဖောက် ဝင်ရောက်နေပြီး ရုရှားစစ်သား အများအပြား ဖမ်းမိသလို ရုရှားတိုက်လေယာဉ်တစင်းလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရုရှားမြေထဲကို နိုင်ငံခြားတပ်ဖွဲ့တွေ ကျူးကျော်ခံရတာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

နောက်ထပ် ၁ ကီလိုမီတာကနေ ၂ ကီလိုမီတာအထိ ဆက်တိုးနိုင်ခဲ့ပြီး ရုရှားစစ်သား ၁၀၀ လောက် ဖမ်းမိတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဩဂုတ် ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

တန်ပြန်ထိုးစစ်စပြီးနောက်ပိုင်း ရုရှားနယ်မြေ စတုရန်းကီလိုမီတာ ၁,၀၀၀ ကျော် သိမ်းထားနိုင်ပြီလို့ ယူကရိန်းက ထုတ်ပြန်ထားပါတယ်။

ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်တခုမှာ မျက်နှာတွေ အဝတ်စည်းခံထားရတဲ့ ရုရှားစစ်ယူနီဖောင်း ဝတ်ထားသူတွေကို  ယူကရိန်းထရပ်ကားတစင်းနဲ့ ရုရှားဘက်ခြမ်းကနေ ယူကရိန်းဘက်ခြမ်းကို သယ်သွားတဲ့ပုံတွေ တွေ့ရပါတယ်။

အခုစစ်ဆင်ရေးဟာ စစ်ပွဲကာလတလျှောက် ယူကရိန်းနယ်စပ်ဒေသတွေကို  ရုရှားဘက်ခြမ်းက လက်နက်ကြီးတွေ၊ ဒုံးကျည်တွေနဲ့ တောက်လျှောက်ပစ်နေတဲ့ရန်က ကာကွယ်ဖို့  ကြားခံလုံခြုံရေးဇုန် ဖန်တီးဖို့ ရည်ရွယ်တယ်လို့ ယာယီသိမ်းပိုက်ထားတဲ့ နယ်မြေများ ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ ဝန်ကြီး အီရီနာဗီရာရှုခ်က ပြောပါတယ်။

ယူကရိန်းနိုင်ငံတွင်းက အဓိက စစ်မျက်နှာတွေနဲ့ ရုရှားသိမ်းထားတဲ့ ခရိုင်းမီးယားဒေသက အရန်အင်အားတွေကို ပြန်ခေါ်ပြီး ကိယက်ဗ်ထိုးစစ်ကို ကာဖို့ ရုရှားဘက်က ကြိုးစားနေရတယ်လို့ ယူကရိန်းရဲ့ နိုက်တင်ဂေးလ် တပ်မဟာမှူး ဒင်မ်ထရို ခိုလော့ဒ်က ပြောပါတယ်။

ဒီတန်ပြန်ထိုးစစ်ဟာ ရုရှားအတွက် အရှက်ရစရာဖြစ်ခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ အကြိုညှိနှိုင်းမှုတွေကိုပါ ရပ်ပစ်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ ယူကရိန်းထိုးစစ်ဆင်နေတဲ့ ကက်စ်ဒေသနဲ့ ကပ်လျက် ဘယ်လ်ဂိုရော့ ဒေသမှာပါ ရုရှားက အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။

ဘယ်လ်ဂိုရော့ဒေသက မြို့တမြို့နဲ့ ရွာတရွာကို လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ယူကရိန်းက တိုက်ခိုက်ခဲ့တယ်လို့ ဘယ်လ်ဂိုရော့ဒေသ အုပ်ချုပ်ရေးမှူးက စွပ်စွဲပါတယ်။

ကက်စ်ဒေသလိုပဲ ပြည်ထောင်စုအဆင့် အရေးပေါ်အခြေအနေ ကြေညာပေးဖို့ တောင်းဆိုထားပါတယ်။

ရုရှားအမျိုးသားအစောင့်တပ်က ကက်စဒေသမှာရှိတဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံ တဝိုက် လုံခြုံရေး တင်းကျပ်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013