DVB Logo
Home
မြန်မာသတင်း
တရားဥပဒေစိုးမိုးရေးကော်မတီ အစီရင်ခံစာ လွှတ်တော်အတည်ပြု
DVB
·
September 30, 2014
တရားဥပဒေစိုးမိုးရေးကော်မတီ အစီရင်ခံစာ လွှတ်တော်အတည်ပြု
1 / 3
Donate to DVB

တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေးကော်မတီ အစီရင်ခံစာကို  ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုပေးလိုက်ပါတယ်။

ကော်မတီရဲ့ အစီရင်ခံစာမှာ တရားရုံးတွေ စောင့်ကြည့်လေ့လာရေး၊ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေ ရှိသင့်ကြောင်း အကြံပေးထားပြီး တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးပိုင်းကို အဓိကထား ဝေဖန်ထားပါတယ်။

ဒီအစီရင်ခံစာကို လွှတ်တော် ကိုယ်စားလှယ်တွေက ထောက်ခံဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စု တရားလွှတ်တော်ချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြပါတယ်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က တရားရုံးတွေ စောင့်ကြည့် လေ့လာရေး လွတ်လပ်တဲ့ အဖွဲ့အစည်းတွေဖွဲ့ဖို့ ကိစ္စဟာ တရားရုံးတွေရဲ့ လွတ်လပ်စွာ တရားစီရင်ရေးကို ၀င်ရောက်စွက်ဖက်ရာ ရောက်မယ်လို့ ပြောပါတယ်။

parliment11“ဒီမိုကရေစီစနစ်ကို ပီပီပြင်ပြင် ကျင့်သုံးတဲ့နိုင်ငံတိုင်းမှာ တရားရုံးများကို စောင့်ကြည့်လေ့ လာရေးအဖွဲ့တွေ ဖွဲ့စည်းထားတာ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီနိုင်ငံများက တရားရုံးများရဲ့ လွတ်လပ်စွာ တရားစီရင်ရေးကို တန်ဖိုးထားကြတဲ့အတွက် ဘယ်နည်းနဲ့မှ လွတ်လပ်စွာ တရားစီရင်ရေးကို ထိခိုက်မခံပါဘူး။ လွတ်လပ်စွာ တရားစီရင်ရေးကို ထိခိုက်တာနဲ့ တရားမျှတ မှန်ကန်မှုဆိုတာ မရှိလောက်ဘူးဆိုတာ သိရှိတဲ့နေကြလို့ ဖြစ်ပါတယ်။ တရားရုံးများ စောင့်ကြည့်လေ့လာရေး လွတ်လပ်တဲ့အဖွဲ့အစည်းများ ဖွဲ့စည်းသင့်တယ်ဆိုတဲ့ အချက်ကို ခြွင်းချက်ပြုပြီး တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီရဲ့ အစီရင်ခံစာကို အတည်ပြုသင့်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါတယ်။”

သူက ဆက်ပြီးတော့ လွတ်လပ်တဲ့ တရားစီရင်ရေးမရှိရင် နိုင်ငံခြား ရင်နှီးမြှုပ်နှံမှုတွေလည်း မလာနိုင်ဘူးလို့ ပြောသွားပါတယ်။

ကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်ကတော့ တရားစီရင်ရေးအပိုင်းဟာ အုပ်ချုပ်ရေးနဲ့ နီးစပ်လွန်းနေတာက  အားနည်းချက်ပဲလို့  ဝေဖန်ထောက်ပြပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုကတော့   တရားခွင်မှာ ဥပဒေအရာရှိနဲ့ ရှေ့နေတွေကို အခွင့်အရေး တန်းတူပေးပြီး မျှတတဲ့ စီရင်ချက်ချဖို့ လိုတယ်လို့ ဆွေးနွေးသွားပါတယ်။

အစီရင်ခံစာကို ထောက်ခံဆွေးနွေးခဲ့တဲ့ ကျားဖြူပါတီအမတ်  ဒေါ်နန်းဝါနုကတော့  မဏ္ဍိုင် ၃ ခုဟာ အချင်းချင်း စောင့်ကြည့် ထိန်းမတ်တာကို  မကြိုက်ဘူးလို့  အခုလို ပြောပါတယ်။

“အချင်းချင်း အပြန်အလှန်ထိန်းကျောင်းခြင်းဆိုတဲ့စနစ်ကို မကြိုက်ကြဘူး။ ကျမတို့နိုင်ငံက အာဏာရှင်စနစ်ဖြစ်ခဲ့တယ်။ အာဏာရှင်စနစ်ကနေ ၀ုန်းကနဲ အချင်းချင်း အပြန်အလှန်ထိန်းကျောင်းရမယ်ဆိုတော့ သူတို့စိတ်ထဲက ဘယ်လိုမှ မခံစားနိုင်ဘူးဆိုတဲ့ အနေအထားလည်း ရှိလို့ပေါ့။ ပူးပေါင်းညှိနှိုင်းမှု ကဏ္ဍအနေနဲ့ကလည်း အတော်လေး အားနည်းတယ်သူတို့က။ ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ စိတ်ဆန္ဒနဲ့ ဆုံးဖြတ်ခဲ့တာတွေ ဖြစ်နေတယ်လေ။ ဥပဒေကလည်း ကိုယ်ဖြစ်ချင်တဲ့ဟာတွေကို လုပ်ခဲ့တာ မှန်သမျှ ဖြစ်ခဲ့တယ်ဆိုတဲ့အပိုင်းဖြစ်သွားတော့ ညှိနှိုင်းပူးပေါင်းမှုမှာ တော်တော်လေး အားနည်းသွားတယ်။ အဲဒါတွေကို မလုပ်ချင်ဘူးဆိုတဲ့အပိုင်း ဖြစ်သွားတာပေါ့။ ကျမတို့နိုင်ငံမှာ အမှန်တကယ်ဖြစ်စေချင်တယ်၊ အမှန်တကယ် တိုးတက်စေချင်တယ်၊ အောင်မြင်စေချင်တယ်ဆိုရင် အချင်းချင်း အပြန်အလှန်ထိန်းကျောင်းတဲ့စနစ်နဲ့ ညှိနှိုင်းပူးပေါင်းမှုစနစ် ဒီနစ် ၂ ခုကို အကောင်အထည်ဖော်မှ ကျမတို့က အောင်မြင်နိုင်မယ်။”

ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့  တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး လွှတ်တေ် ကော်မတီအနေနဲ့  ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီရယူပြီး တရားဥပဒေစိုးမိုးရေးဌာနတွေ ဖွင့်လှစ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ဒီကော်မတီက လက်ရှိ  မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးအခြေအနေနဲ့ ပတ်သက်လို့ အစီရင်ခံစာ တစောင်ကို မနေ့က ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့ပြီး ဒီနေ့ အတည်ပြုခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013