
အမေရိကန်စစ်တပ်ဟာ ကိုရီးယားကျွန်းဆွယ်မှာ သူတို့ရဲ့တပ်ဖြန့်ချထားမှု အဆင်သင့်ဖြစ်နေကြောင်းကို စမ်းသပ်ဖို့ သြဂုတ် ၁၄ ရက်က တောင်ကိုရီးယားမှာ တိုက်ရိုက်ပစ်ခတ်လေ့ကျင့်မှုကို ပြုလုပ်ခဲ့ပါတယ်။
တက္ကဆက်အခြေစိုက် အမှတ် ၁ သံချပ်ကာ တိုက်ခိုက်ရေးအဖွဲ့က ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုကို ဆိုးလ်မြို့မြောက်ဘက် ဖိုချွန်းမှာရှိတဲ့ ရိုဒရီဂွက်ဇ် တိုက်ရိုက်ပစ်ခတ် လေ့ကျင့်ကွင်းမှာ ပြုလုပ်ခဲ့ပြီး အဲဒီနေရာဟာ မြောက်ကိုရီးယားနဲ့ လုံခြုံရေးအခိုင်အမာ လုပ်ထားတဲ့ နယ်စပ်ကနေ ၃၀ ကီလိုမီတာအောက်အကွာမှာ ရှိကြောင်း စစ်တပ်က ပြောပါတယ်။
လေ့ကျင့်မှုရဲ့ရည်ရွယ်ချက်ဟာ အမေရိကန်ဆီမှ လျင်မြန်တဲ့ တုံ့ပြန်မှုတွေမှာ သူတို့ရဲ့ ကျွမ်းကျင်မှုကို ပိုနိုင်နင်းအောင်ဖြစ်တယ်လို့ စစ်တပ်က ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ လက်နက်တွေနဲ့ ဆိုက်ဘာခြိမ်းခြောက်မှုတွေကို တန်ပြန်ရာမှာ သူတို့ရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့အတွက် တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ လာမယ့်အပတ်မှာ နှစ်စဉ် နွေရာသီ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ဖို့ စီစဉ်နေချိန်မှာ ဗုဒ္ဓဟူးနေ့ တိုက်ရိုက်ပစ်ခတ်မှု လေ့ကျင့်ရေးကို လုပ်ဆောင်တာ ဖြစ်ပါတယ်။
နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားကို ဟန့်တားဖို့ ကြိုးပမ်းမှု တစိတ်တပိုင်း အနေနဲ့ တောင်ကိုရီးယားမှာ တပ်စွဲထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၂၈,၅၀၀ လောက်အပြင် ဒီယာယီ တပ်ဖြန့်ချထားမှုကိုလည်း လုပ်ဆောင်တာပါ။
တောင်ကိုးရီးယားဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေ အစောပိုင်းကတည်းက အမေရိကန် တပ်ဖြန့်မှုစရိတ်တွေ၊ ပြည်တွင်းအလုပ်သမား ရန်ပုံငွေအတွက် အသုံးပြုခြင်းအပြင် စစ်ဖက်အဆောက်အဦတွေ တည်ဆောက်ခြင်းနဲ့ တခြားထောက်ပံ့ပို့ဆောင်ရေးတွေကို လက်ခံခဲ့ပါတယ်။
Source-Reuters