DVB Logo
Home
မြန်မာသတင်း
မြန်မာ့လူ့အခွင့်အရေးကိစ္စ ကုလသမဂ္ဂတွင် မဆွေးနွေးရန် နိုင်ငံခြားရေးဝန်ကြီးပြော
DVB
·
September 30, 2014
မြန်မာ့လူ့အခွင့်အရေးကိစ္စ ကုလသမဂ္ဂတွင် မဆွေးနွေးရန် နိုင်ငံခြားရေးဝန်ကြီးပြော
Donate to DVB

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေဟာ တိုးတက်လာတဲ့အတွက် လူ့အခွင့်အရေး ကောင်စီနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီရဲ့ ဆွေးနွေးမယ့် အစီအစဉ်မှာ မပါသင့်တော့ဘူးလို့ အခိုင်အမာယုံကြည်ကြောင်း  မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားလိုက်ပါတယ်။

[caption id="attachment_66474" align="alignleft" width="300"]wona maung lwin ဦးဝဏ္ဏမောင်လွင်[/caption]

မြန်မာ့လူ့အခွင့်အရေးအခြေအနေ ဟာ အလယ်အလတ်အဆင့်ကို တိုးတက်လာသလို ဒီတိုးတက်မှုဟာ မြန်မာနိုင်ငံ သားတွေ ရဲ့ အခြေခံလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးကို ပိုမို ခံစားရစေတာ ဖြစ်လို့ မြန်မာ လူ့အခွင့်အရေးကိစ္စ ကုလသမဂ္ဂမှာ မဆွေးနွေး ဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က နယူးယောက်မှာ ကျင်းပတဲ့  ကုလသမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောဆိုလိုက်တာပါ။

မြန်မာစစ်တပ်က အသက်မပြည့်တဲ့ ကလေးစစ်သား အသုံးပြုရေးကို ကာကွယ်တားဆီးတဲ့ လက်တွေ့အကောင်ထည်ဖော်ရေး အစီအစဉ် (Action Plan)ကို အကောင်အထည်ဖော်ရာမှာ အရေးပါတဲ့ တိုးတက်မှုတွေကို ပြုလုပ်နိုင်ခဲ့တဲ့အကြောင်းနဲ့ အသက်မပြည့်သူတွေကို တပ်သားသစ်အဖြစ် စုဆောင်းမှုတွေ မရှိတော့ဘူးလို့လည်း ပြောကြားသွားပါတယ်။

“ကျနော်တို့ရဲ့ ဒီမိုကရေစီက အစပျိုးတဲ့အဆင့်မှာပဲ ရှိနေသလို တခြားနိုင်ငံတွေရဲ့ ပြုပြင်ပြောင်းလဲမှုတွေလို ကျနော်တို့ကလည်း ပြင်းထန်တဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပါတယ်။ အရည်အသွေး ကန့်သတ်ချက်တွေနဲ့ လုပ်စရာတွေအများကြီး အစိုးရမှာ ရှိနေပါတယ်။ ရည်မှန်းချက်တွေ ပြည့်မီမယ်လို့လည်း ကျနော်တို့ ယုံကြည်ပါတယ်”လို့ သူက ပြောပါတယ်။

လူ့အခွင့်အရေး တိုးတက်မှုတွေကို လှိုင်း ၃ လှိုင်းနဲ့ တင်စားပြောဆိုခဲ့သလို ပထမလှိုင်းမှာတော့ အမျိုးသား ရင်ကြားစေ့ရေးအတွက် လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးခဲ့ပြီး နိုင်ငံရေးပါဝင်ခွင့် နေရာ၊ မီဒီယာလွတ်လပ်ခွင်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ အသင်းအဖွဲ့တွေ လွတ်လွတ်လပ်လပ်ဖွဲ့ စည်းခွင့်လွတ်စွာစွာစီတန်းလှည့်လည်ခွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒုတိယလှိုင်းမှာတော့ နိုင်ငံရေး စီးပွားရေး။ အုပ်ချုပ်ရေး၊ ပုဂ္ဂလိကဆိုင်ရာတွေမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့သလို လက်ရှိလုပ်ဆောင်နေတဲ့ တတိယလှိုင်းကတော့ ဒီမိုကရေစီ နိုင်ငံသစ်အတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်တွေချနေတယ်လို့ ပြောပါတယ်။

အကြမ်းဖက်မှုကိုလည်း ဘယ်လိုအကြောင်းပြချက်၊ ဘယ်လိုအခြေအနေမျိုးနဲ့မှ လစ်လျူရှုလို့ မရသလို ဘာသာရေးအမည်ခံပြီး သတ်ဖြတ်နေတာဟာလည်း လစ်လျူရှုလို့ မရဘူးလို့ ဦးဝဏ္ဏမောင်လွင်က ပြောပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးတဲ့နိုင်ငံ ဖြစ်တာနဲ့အညီ အစုလိုက်အပြုံလိုက် ပျက်စီး စေနိုင်တဲ့ လက်နက်တွေကို စက်ဆုပ်သလို နျူကလီးယားလက်နက်ရဲ့ အန္တရာယ်ကိုလည်း သတိပြုမိတဲ့အတွက် ဒါတွေကို အဆုံးသတ်စေဖို့ ၁၉၉၅ ခုနှစ်ကတည်းက ကုလသမဂ္ဂရဲ့  နျူကလီးယား လက်နက်ဖျက်သိမ်းရေး ဆုံးဖြတ်ချက်မူကြမ်း နှစ်စဉ်ဆွေးနွေးပွဲတွေမှာ မြန်မာက ပါဝင်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ဆက်လက်လုပ်ဆောင်ရာမှာ  မြန်မာက နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့  အကူအညီတွေ ဆက်လက် လိုအပ်နေသလို တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ရဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးနဲ့ အတူ လုပ်ဆောင်နေတယ်လို့ သူက ပြောသွားပါတယ်။

လက်နက်ကိုင် ၁၆ ဖွဲ့မှာ ၁၄ ဖွဲ့နဲ့ သဘောတူညီချက်တွေ ရရှိနေသလို နှစ်ပေါင်း ၆၀ ကြာ ပဋိပက္ခ အဆုံးသတ်စေနိုင်တဲ့ နိုင်ငံရေးမူဘောင်ဆွေးနွေးပွဲအတွက် လုပ်ဆောင်နေသလို ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ဖို့ အစိုးရမှာ လေးနက်တဲ့ ခံယူချက်ရှိနေတယ်လို့ ဆိုပါတယ်။

ရေရှည်  ငြိမ်းချမ်းရေး ရရှိဖို့ အတွက်လည်း နီးကပ်လာပြီလို့ ယုံကြည်တယ်လို့လည်း မြန်မာအစိုးရ ကိုယ်စားလှယ်က မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။

အာရှလူ့အခွင့်အရေးအဖွဲ့က ဦးမင်းလွင်ဦးကတော့ အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ပေးနေပေမယ့် နိုင်ငံရေး အကျဉ်းသား ၃၀ လောက်ကျန်နေသေးသလို သတင်းစာ စာနယ်ဇင်း လွတ်လပ်ခွင့်မှာလည်း ဥပဒေတွေက ရေးဆွဲနေဆဲဖြစ်ပြီး လက်တွေ့အကောင်ထည်မဖော်သေးဘူးလို့ ပြောပါတယ်။

လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်မှာလည်း ပုဒ်မ ၁၈ ကို ပြင်ဆင်ထားပေမယ့် နည်းဥပဒေတွေက အရင်အဟောင်းတွေကို ကျင့်သုံးနေဆဲ ဖြစ်တဲ့အတွက် လူ့အခွင့်အရေး အခြေအနေက တိုးတက်တဲ့ အလားအလာမရှိဘူးလို့ ဆိုပါတယ်။

“ကျနော်တို့အနေနဲ့ကတော့ မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေးအရ ပြောရမယ်ဆိုရင် ယခင်အစိုးရနဲ့ ဘာမှ သိပ်မထူးဘူး၊ ဖွံ့ဖြိုးတိုးတက်လာမှု ဘာမှ ပြောင်းလဲမှု မရှိသေးဘူးလို့ပဲ ကျနော်တို့ မြင်ပါတယ်။ အစိုးရသစ်အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ်မှာ ကျူးလွန်နေတာတွေကို နိုင်ငံတကာက အစိုးရတွေရှေ့မှာ မပေါ်စေချင်လို့ ဒီလိုပဲ ပြောတယ်လို့ ကျနော်တို့က ထင်မြင်ယူဆပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ နေစဉ်နဲ့အမျှ လယ်ယာမြေပြန်ရဖို့ လယ်သမားတွေ ဆန္ဒပြနေတာ၊ တရားရင်ဆိုင်နေရတာတွေဟာ နိုင်ငံခြားရေး ၀န်ကြီး ပြောဆိုနေတဲ့ မိန့်ခွန်းနဲ့ လွဲမှားနေတယ်လို့ သူက ထောက်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013