
ယူဂန်ဒါနိုင်ငံ၊ ကမ်ပါလာမြို့က သံသယရှိစရာ တရားမဝင် ကောလ်စင်တာတခုကို ဧပြီ ၂၉ ရက် မနက်အစောပိုင်း ၁ နာရီဝန်းကျင်မှာ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေက အချိန်ကိုက် ဝင်ရောက် စီးနင်းခဲ့ပြီး နိုင်ငံခြားသား ၁၆၉ ယောက်ကို ဖမ်းဆီးလိုက်ပါတယ်။
အဲဒီအဖွဲ့ကို မြို့တော်က လူဝင်မှုကြီးကြပ်ရေးဌာနတခုမှာ ထိန်းသိမ်းထားပြီး သူတို့ဟာ ခိုင်လုံတဲ့ အထောက်အထား စာရွက်စာတမ်းတွေ မရှိဘဲ လုပ်ကိုင်နေကြတာလို့ အရာရှိတွေက ပြောပါတယ်။
သူတို့ဟာ လူအဝင်အထွက် ကန့်သတ်ထားတဲ့ ဘူကိုတို–အန်တင်ဒါ ရပ်ကွက်က လူနေအိမ်ဝင်း တခု အတွင်းမှာ အလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။
အဲဒီအဖွဲ့ဟာ စနစ်တကျ ကျူးလွန်တဲ့ ဆိုင်ဘာလိမ်လည်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သတင်းအချက်အလက်အရ စုံစမ်းစစ်ဆေးရေးမှူးတွေက လုပ်ဆောင်ခဲ့တာလို့ ပြည်ထဲရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆိုင်မွန် မန်ဒယ်ယီက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ နိုင်ငံခြားဖုန်းနံပါတ်တွေကို သုံးပြီး အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ မြန်မာနဲ့ ကမ္ဘောဒီးယားအပါအဝင် နိုင်ငံအတော်များများက လူတွေကို အလုပ်အကိုင်၊ ခရီးသွား စာရွက် စာတမ်းနဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေပေးမယ်လို့ မက်လုံးပေးတဲ့အပြင် တရားမဝင် လောင်းကစားနဲ့ အွန်လိုင်းဂိမ်းလုပ်ငန်းတွေပါ လုပ်ကိုင်ပြီး ငွေကြေး လိမ်လည်ခဲ့ကြတယ်လို့ အရာရှိတွေက ဆိုပါတယ်။
ထိန်းသိမ်းခံထားရသူတွေထဲမှာ အမျိုးသမီးတွေ အများအပြားလည်းပါဝင်ပြီး သူတို့ဟာ ထိန်းသိမ်းရေးစင်တာ အပြင်ဘက်မှာ ထိုင်နေချိန်အတွင်း မျက်နှာတွေကို ဖုံးအုပ်ထားကြပါတယ်။
ဘယ်သူတွေက ကိုယ့်သဘောနဲ့ကိုယ် ပါဝင်ပတ်သက်နေတာလဲ၊ ဘယ်သူတွေက လူကုန်ကူးခံရတဲ့ သားကောင်တွေဖြစ်နေမလဲဆိုတာ ခွဲခြားဖို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေတယ်လို့ အာဏာပိုင် တွေက ပြောပါတယ်။
ဥပဒေချိုးဖောက်ကြောင်း တွေ့ရှိရသူတွေကိုတော့ ယူဂန်ဒါနိုင်ငံရဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
Source:Reuters










