DVB Logo
Home
နိုင်ငံတကာ
ဂါဇာတွင် လူ ၇၅,၀၀၀ ရွှေ့ပြောင်းခံရ၊ အပစ်ရပ်ရန် ကုလနှင့် အမေရိကန် တိုက်တွန်း
DVB
·
August 13, 2024
ဂါဇာတွင် လူ ၇၅,၀၀၀ ရွှေ့ပြောင်းခံရ၊ အပစ်ရပ်ရန် ကုလနှင့် အမေရိကန် တိုက်တွန်း
Donate to DVB

လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း ဂါဇာကမ်းမြောင် အနောက်တောင်ပိုင်းမှာ လူ ၇၅,၀၀၀ ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂအေဂျင်စီတခုက သြဂုတ် ၁၁ ရက်မှာ ပြောပါတယ်။

စနေညက အစ္စရေးစစ်တပ်က ဂါဇာတောင်ပိုင်းက ခန်းယူးနစ် မြို့လယ်မှာရှိတဲ့ လူတွေ ရွှေ့ပြောင်းကြဖို့ အမိန့်ထပ်ထုတ်ပြန်ခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဇုန်တွေဆီ ပြောင်းရွှေ့ခိုင်းခဲ့ပါတယ်။

အစ္စလာမ္မစ်ဂျီဟတ်လှုပ်ရှားမှု လက်နက်ကိုင်အဖွဲ့ အယ်လ်ကဒ်စ် တပ်မဟာက ခန်းယူးနစ်မြို့ထဲမှာ အစ္စရေးစစ်သားတွေနဲ့ ကားတွေကို မော်တာတွေနဲ့ တိုက်ခိုက်ခဲ့ပြီး မြို့အရှေ့မြောက်ပိုင်းက အစ္စရေးကွပ်ကဲမှုစင်တာကို ဗုံးကြဲခဲ့တယ်လို့ တနင်္ဂနွေနေ့က ပြောပါတယ်။

လက်နက်ကိုင်အဖွဲ့ဟာ အစ္စရေးတောင်ပိုင်းမြို့ အက်ရှ်ခလွန်နဲ့ ဂါဇာကမ်းမြောင်က အစ္စရေးစစ်စခန်းတွေကို တိုက်ခိုက်ဖို့ ဒုံးကျည်တွေသုံးနေတဲ့ ဗီဒီယိုဖိုင်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

ဂါဇာအလယ်ပိုင်းက နူဆေးရတ်နဲ့ ဘူရပ်ဂျ် ဒုက္ခသည်စခန်းတွေနဲ့ ခန်းယူးနစ် အပါအဝင်  နယ်မြေအများအပြားကို အစ္စရေးစစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ပါလက်စတိုင်း သတင်းနဲ့ပြန်ကြားရေး အေဂျင်စီ WAFA က တနင်္ဂနွေနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးစစ်တပ်ရဲ့ စစ်ဆင်ရေးကြောင့် စာသင်ကျောင်းပေါင်း ၁၀၀ ကျော် ပျက်စီးခဲ့ပြီး တက္ကသိုလ် ပါမောက္ခတွေနဲ့ ပညာရှင်ပေါင်း ၁၀၀ ကျော် သေဆုံးခဲ့သလို နိုင်ငံတဝန်းက မူလတန်းနဲ့ အလယ်တန်းကျောင်းဆရာ ၅၀၀ ကျော်လည်း သေဆုံးခဲ့တယ်လို့ ဂါဇာအစိုးရ မီဒီယာရုံးက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို စီစဉ်ထားတဲ့အတိုင်း ရှေ့ဆက်သွားဖို့ မျှော်လင့်တယ်လို့ အမေရိကန်အစိုးရက သြဂုတ် ၁၂ ရက်မှာ ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ ဖြစ်နိုင်သေးတယ်လို့ ယုံကြည်တယ်လို့လည်း ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဗီဒန့် ပတေးက ဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ အပြည့်အဝ မျှော်လင့်ထားပြီး သဘောတူညီချက်တွေ ဖြစ်နိုင်ခြေ ရှိနေဆဲပါလို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးနဲ့ ပါလက်စတိုင်း စစ်သွေးကြွ ဟားမတ်စ်တို့ကြား စစ်ပွဲကြောင့် လူ့အသက်တွေ ဆက်ပြီး ဆုံးရှုံးနေရတာတွေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က သြဂုတ် ၁၂ ရက်မှာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ပြန်လည်လက်ခံပြီး ဓားစာခံတွေ လွှတ်ပေးဖို့ကိုလည်း နှစ်ဖက်စလုံးကို တိုက်တွန်းလိုက်တယ်လို့ ကုလ ဒုပြောခွင့်ရ ဖာဟန် ဟက်ခ်က ပြောခဲ့ပါတယ်။

တိုက်ပွဲတွေ ဆက်ဖြစ်နေချိန်မှာ ဟားမတ်စ်က ကြာသပတေးနေ့မှာလုပ်မယ့် အီဂျစ်နဲ့ ကာတာ အစိုးရတို့ ကြားဝင်စေ့စပ်ပေးတဲ့ နောက်ဆုံးအကြိမ် ဆွေးနွေးပွဲအတွက် သံသယနဲ့ တုံ့ပြန်ခဲ့ပြီး အစ္စရေးဘက်ကတော့ လှုပ်ရှားမှုအရိပ်အယောင် မတွေ့ရဘူးလို့လည်း ပြောပါတယ်။

ဟားမတ်စ်တွေက လက်ခံထားတဲ့ အကြံဉာဏ်တွေကို အခြေခံတဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို အစ္စရေးက လက်ခံဖို့ ဖျန်ဖြေသူတွေက အတင်းအကျပ် ဖိအားပေးရမယ်လို့လည်း ဟားမတ်စ်တွေက တနင်္ဂနွေနေ့မှာ ပြောခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013