DVB Logo
Home
မြန်မာသတင်း
ကျိန္တလီမြို့ကို AA စတင်တိုက်ခိုက်၊ စစ်ကောင်စီက လေတပ် ရေတပ် ပေါင်းပြီး ခုခံနေ
DVB
·
August 13, 2024
ကျိန္တလီမြို့ကို AA စတင်တိုက်ခိုက်၊ စစ်ကောင်စီက လေတပ် ရေတပ် ပေါင်းပြီး ခုခံနေ
Donate to DVB

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို အာရက္ခတပ်တော် (AA) က ဩဂုတ် ၁၁ ရက်မှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က ရေကြောင်း၊ လေကြောင်း ပစ်ကူတွေနဲ့ အသည်းအသန် ခုခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂွမြို့နယ်၊ ချင်းကွင်းကျေးရွာအနီးက စစ်ကောင်စီ တပ်စခန်းငယ်ကို ဩဂုတ် ၈ ရက်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကျိန္တလီမြို့မှာ ခံစစ်ပြင်ဆင်ထားတဲ့ စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဒေသခံတဦးက “သြဂုတ် ၁၁ ရက်နေ့ မနက်ပိုင်းကစပြီး ကျိန္တလီမှာ ခံစစ်တည်ထားတဲ့ စခန်းတွေကို စပြီးတိုက်တာ။ သြဂုတ်လ ၁၂ ရက်နေ့မှာ မြို့တွင်းတိုက်ပွဲ တော်တော်‌လေးကို ပြင်းထန်တယ်လို့ သိရတယ်။ စစ်ကောင်စီဘက်ကတော့ ပင်လယ်ဘက်က နေဗီ ၃ စီး၊ နောက် လေကြောင်းပစ်ကူနဲ့ပါ အပြင်းအထန် ခုခံနေရတာ။ AA ဘက်ကလည်း စစ်ကောင်စီရဲ့ ရဲစခန်းနဲ့ တပ်စွဲထားတဲ့ နေရာတွေကို လက်နက်ကြီး၊ ရှော့တိုက်ဒုံးတွေနဲ့ ပစ်နေတာတွေ ရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ကျိန္တလီမြို့တွင်းရှိ နေအိမ်တချို့ မီးလောင်ပျက်စီးနေပြီး မြို့ခံတချို့လည်း မြို့တွင်း ပိတ်မိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ မြို့နယ်အတွင်း တိုက်ပွဲပြင်းထန်လာတာကြောင့် အရပ်သားအများစုဟာ ဧရာဝတီနဲ့ ရန်ကုန်ဘက်ကို ရွှေ့ပြောင်းနေကြတယ်လို့ ဂွမြို့ခံ နောက်တဦးက ပြောပါတယ်။

“တိုက်ပွဲကတော့ တော်တော်လေး ပြင်းထန်လာတာကြောင့် ဂွအဝင်အထွက်တွေမှာ စစ်ဆေးမေးမြန်တာတွေ တော်တော်လေးကို တင်းကျပ်လာတယ်။ မြို့ခံတွေကတော့ ဘေးလွတ်မယ့် ပြည်မဘက် တိမ်းရှောင်ကြတာပေါ့။ စစ်ကောင်စီက ဧရာဝတီဘက်တွေ အင်အားတွေ ရေကြောင်းကတဆင့် ​ပို့နေတာတွေလည်း ရှိတယ်။ မြို့မှာ အခြေစိုက်ထားတဲ့ တပ်ရင်းတွေ တိုက်ခိုက်ခံရမှာကို တော်တော်‌လေး ကြောက်နေကြတယ်။”

ရခိုင်ပြည်နယ် တောင်ပိုင်းအဆုံးမြို့ဖြစ်တဲ့ ဂွမြို့ဟာ  ဧရာဝတီတိုင်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး AA ရဲ့ ထိုးစစ်တွေဟာ ဧရာဝတီကို ရောက်လာမှာ စိုးရိမ်တာကြောင့် စစ်ကောင်စီက ဧရာဝတီဘက်မှာလည်း လုံခြုံရေး တင်းကျပ်ထားတယ်လို့ သိရပါတယ်။

ရခိုင်တိုက်ပွဲမှာ အာရက္ခတပ်တော်က မြို့နယ် ၁၀ ခု သိမ်းပိုက်ရရှိထားပြီး သံတွဲ၊ မောင်တော၊ ဂွ၊ တောင်ကုတ်၊ အမ်းတို့ကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013