DVB Logo
Home
နိုင်ငံတကာ
ဖျက်သိမ်းခံရသည့် MFP ပါတီကို  People's Party  အဖြစ် ပြန်လည်ဖွဲ့စည်းတည်ထောင်  
DVB
·
August 9, 2024
ဖျက်သိမ်းခံရသည့် MFP ပါတီကို  People's Party  အဖြစ် ပြန်လည်ဖွဲ့စည်းတည်ထောင်  
Donate to DVB

နန်းတွင်းဆိုင်ရာဥပဒေပြုပြင်ဖို့ကြိုးပမ်းမှုနဲ့ ပါတီဖျက်သိမ်းခံခဲ့ရတဲ့  Move Forward Party ဟာ နိုင်ငံရေးဆက်လက်ဆောင်ရွက်သွားဖို့  ပရချားချွန်း  People's Party  (ပြည်သူ့ပါတီ) ဆိုတဲ့အမည်သစ်နဲ့ ပါတီသစ်ဖွဲ့စည်းတည်ထောင်လိုက်ကြောင်း ပါတီတာဝန်ရှိသူတွေက ဩဂုတ် ၉ ရက် မွန်းလွဲပိုင်း သတင်းစာရှင်းပွဲမှာ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ပါတီရဲ့ အမှတ်တံဆိပ်မှာလည်း ယခင် MFP ပါတီသင်္ကေတနဲ့  ဆင်တူတဲ့ လိမ္မော်ရောင်တြိဂံပုံ ဖြစ်ပါတယ်၊ တူညီတဲ့ မျဉ်း ၃ ကြောင်းကို တြိဂံပုံဆိုင်ထားတာဖြစ်ပြီး အဆိုပါမျဉ်း ၃ ကြောင်းမှာ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းနဲ့ မိတ်ဆွေဖြစ်ခြင်းတို့ကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။ 

အသစ်ဖွဲ့စည်းထူထောင်လိုက်တဲ့ ပြည်သူ့ပါတီသစ်ထဲကို လွှတ်တော်ထဲရောက်နေတဲ့  MFP ပါတီလွှတ်တော်အမတ် ၁၄၃ ဦးစလုံးကလည်း ပြန်လည်ဝင်‌ရောက်လာပါတယ်။ 

ပြည်သူ့ပါတီ ခေါင်းဆောင် ဥက္ကဋ္ဌအဖြစ် အသက် ၃၇ နှစ်ရွယ် လူငယ်နိုင်ငံရေးသမား “ ထိန်း ” (ခ) နိုင်းနာ့ဿ်ဖုန်း လိန်းပန်းယားဝုဒ်ကို  တညီတညွတ်တည်း ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။ 

နိုင်းနာ့ဿ်ဖုန်းမှာ  Future Forward Party ပါတီဝင်ဖြစ်စဉ်က လွှတ်တော်အမတ်ဖြစ်ခဲ့သလို   Move Forward Party အမည်ပြောင်းတော့လည်း ဒုတိယအကြိမ် လွှတ်တော်အမတ်အဖြစ် အရွေးခံခဲ့ရပါတယ်။

သူဟာ ထိုင်းတောင်ပိုင်း ဆုန်ခလာဇာတိဖြစ်ပြီး မိဘက အိမ်ခြံမြေရောင်းဝယ်ရေး ကုမ္ပဏီပိုင်ရှင်ဖြစ်ပါတယ်။

ကျူလာလောင်ကွန်းတက္ကသိုလ် ကွန်ပြူတာအင်ဂျင်နီယာ အထူးပြုဘာသာနဲ့ဘွဲ့ရပြီး   အသက် ၂၇ နှစ်ရွယ်ကတည်းက Future Forward Party ပါတီကနေ  နိုင်ငံရေး လောကထဲဝင်ရောက်ခဲ့ပါတယ်၊  အဆိုပါ ပါတီဖျက်သိမ်းခံရပြီး Move Forward Party ဖြစ်လာတော့ ပါတီလွှတ်တော်ကိုယ်စားလှယ်အပြင် ပါတီရဲ့ ဒစ်ဂျစ်တယ်လ်နဲ့အချက်အလက် ဖွံ့ဖြိုးရေး တာဝန်ခံအဖြစ်ပါ တာဝန်ယူခဲ့ပါတယ်။

သူဟာ FFP ပါတီခေါင်းဆောင် ထနားထွဏ်းနဲ့ရော MFP ပါတီခေါင်းဆောင် ထိမ်းဖိထားနဲ့ပါ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး ပါတီထဲမှာလည်း လူတိုင်းနဲ့ဆက်ဆံရေးပြေပြစ်တယ်၊ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်တတ်သူဖြစ်တယ်၊ အကျင့်စာရိတ္တကောင်းမွန်သူဖြစ်တယ်၊ ဒါကြောင့် ပါတီဥက္ကဋ္ဌအဖြစ် ရွေးချယ်လိုက်တာလို့ ဆိုပါတယ်။

နိုင်းနာ့ဿ်ဖုန်းကတော့“ကျနော်ကတော့ ပြီးပြည့်စုံတော်တဲ့သူမဟုတ်သေးပါဘူး။ ဒါပေမဲ့ ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုကိုရရှိနေသရွေ့ အားပေးသံတွေရှိနေသရွေ့  မိမိကိုယ်ကိုယ် တိုးတက်မှုရှိအောင် အားလုံးနဲ့အတူတကွကြိုးစားသွားမယ် ”  လို့ ပြောသွားပါတယ်။ 

ခေတ်ပညာတတ်လူငယ်အများစုပါဝင်ဦးဆောင်တဲ့  FFP ပါတီနဲ့ MFP ပါတီဟာ ဘုရင်စနစ်ကို ဆန့်ကျင်တယ်လို့ သမုတ်ခံရပြီး အကြောင်းပြချက်အမျိုးမျိုးနဲ့  စွဲချက်တင်ခံရကာ ပါတီဖျက်သိမ်းခဲ့ရပါတယ်။

ပါတီတည်ထောင်သူ ပါတီခေါင်းဆောင်တွေဟာ နိုင်ငံရေးလှုပ်ရှာခွင့် ၁၀ နှစ်ထိ ပိတ်ပင်ခံထား ခဲ့ရပါတယ်။

MFP ပါတီခေါင်းဆောင် ထိမ်းဖိထားကတော့ သူ့ကို နိုင်ငံရေးလောကကနေ ထုတ်ပယ်လိုက်ပေမဲ့ ပြည်သူတွေထဲကနေတော့ ထုတ်ပယ်လို့ မရဘူး။

သူဟာ နိုင်ငံရေးပါတီထဲကနေ ပြည်သူ့အကျိုး ဆောင်ရွက်လို့ မရပေမဲ့လည်း ပြည်သူတယောက် အနေနဲ့ နိုင်ငံပြုပြင်ပြောင်းလဲရေးတိုးတက်‌ရေးတွေ ဆောင်ရွက်သွားမယ်၊ ပြည်သူ့ပါတီအနေနဲ့ အာဏာရပါတီဖြစ်လာအောင် ပံ့ပိုးကူညီသွားမယ်၊  နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်ခံရတဲ့ ၁၀ နှစ်တာကာလအတွင်း ကောင်းမွန်တဲ့ အတွေ့အကြုံတွေနဲ့ လာမယ့် ၁၀ နှစ် သူ့အသက် ၅၃ နှစ်မှာ ပြန်လာခဲ့မယ်၊ နိုင်ငံရေးရည်ရွယ်ချက်ရောက်အောင် ဆက်လက်လျှေက်လှမ်းမယ်လို့ သတင်း ထောက်တွေကို ပြောသွားပါတယ်။ 

ကိုးကား -  TheReporters  

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013