DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲသတင်းများ (သြဂုတ် ၈)
DVB
·
August 8, 2024
တိုက်ပွဲသတင်းများ (သြဂုတ် ၈)
Donate to DVB

ကိုင်းတောမရဲစခန်းကို PDF တပ်ပေါင်းစု သိမ်းပိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမကျေးရွာက ကိုင်းတောမရဲစခန်း အပါအဝင် စစ်ကောင်စီရဲ့ အထိုင်စခန်းအားလုံးကို သြဂုတ် ၇ ရက်မှာ သိမ်းပိုက်ရရှိပြီးဖြစ်တယ်လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) ဆီကနေ သိရပါတယ်။

Photo Crd-ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA)

ပြည်သူ့ဒီမိုကရက်တစ်တပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “၄ ရက်လောက် တိုက်လိုက်ရတယ်။ သူတို့တွေဘက်က အထိနာပြီး သေတာတွေ၊ ဒဏ်ရာရတာတွေ များပြီး စစ်ကူနဲ့ ရိက္ခာတွေ မလာနိုင်တော့တာ​မို့ ကျန်နေတဲ့ကောင်တွေက စခန်းစွန့်ပြီး သရက်ကန် ပျူရွာဘက်ကို ထွက်ပြေးသွားကြတယ်။ အဲဒီမှာပဲ ဒီရဲစခန်းကို အပြီးသိမ်းနိုင်ခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။

အဆိုပါ ကိုင်းတောမရဲစခန်းကို သြဂုတ် ၃ ရက်ကနေ ၆ ရက်အထိ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေက ၄ ရက်ကြာ တိုက်ခိုက်ခဲ့ရပြီး စခန်းသိမ်းတိုက်ပွဲအတွင်း PDF ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲ စတင်ခဲ့တဲ့ ဩဂုတ် ၃ ရက်မှာ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) က ရဲဘော် ‌မဟောက်နဲ့ အညာမြေတပ်ပေါင်းစုက ရဲဘော် G Shock တို့ ကျဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

ပြည်သူ့ဒီမိုကရက်တစ်တပ်တော်ရဲ့ တာဝန်ရှိသူတဦးက “အဲဒီစခန်းကို PDF တပ်ဖွဲ့တွေ အကြိမ်ကြိမ်တိုက်ခဲ့တာ မသိမ်းနိုင်ခဲ့ဘူး။ အခုအကြိမ်ကတော့ စခန်းသိမ်းနိုင်ပါပြီ။ လက်နက်ကြီးတွေ အပါအဝင် စစ်အသုံးဆောင်နဲ့ ဆက်စပ်ပစ္စည်းတချို့လည်း သိမ်းဆည်းရရှိခဲ့ပါတယ်။ စစ်ရေးနဲ့သက်ဆိုင်တဲ့ နေရာတွေကိုတော့ မီးရှို့ဖျက်ဆီးပစ်ခဲ့တယ်။ နယ်မြေရှင်းလင်းရေးတွေနဲ့ တခြားကိစ္စတွေ ဆောင်ရွက်နေရလို့ အသေးစိတ်ကတော့ နောက်မှ ဖြေပေးပါမယ်။ သတင်းလည်း ထုတ်ပြန်ပါမယ်” လို့ DVB ကို ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဟာ သြဂုတ် ၃ ရက်က စတင်ပြီး မြိုင်မြို့နယ်ထဲက ကိုင်းတောမကျေးရွာ နယ်မြေရဲစခန်း၊ စစ်သားတွေတပ်စွဲနေတဲ့ ရေစက်စောင့်ကင်းဂိတ်၊ စာသင်ကျောင်း၊ ဆေးရုံနဲ့ ကင်းတဲတွေကို တရက်တည်း ၂ ကြိမ် ၀င်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြပေမဲ့ ကိုင်းတောမရဲစခန်းကို သိမ်းပိုက်နိုင်ခြင်းမရှိဘဲ သြဂုတ် ၇ ရက်မှ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြတာလို့ သိရပါတယ်။

ကိုင်းတောမရဲစခန်းနဲ့ စစ်ကောင်စီတပ်စခန်းတွေကို Earthquake people`s defence force၊ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) (အမှတ် ၈၁၅ တပ်ဖွဲ့ အနောက်မြောက်စစ်ဒေသ)၊ ပခုက္ကူစုဖွဲ့မှုတပ်ရင်းတပ်ဖွဲ့၊ အညာမြေတပ်ပေါင်းစု၊ မြိုင်မြို့နယ်ပ.က.ဖ၊ မြိုင်စုဖွဲ့မှုတပ်ရင်း၊ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF)၊ Lighting Drone Force, ပခုက္ကူစုဖွဲ့မှု (Young Force, PPDF, ThuRain, Hunter Pakokku, Earthquake)၊ အညာမြေတပ်ပေါင်းစုနဲ့ မြိုင်မြို့နယ်က တော်လှန်ရေးအဖွဲ့တွေ (မြိုင်ပကဖ တပ်ရင်း ၁၊ တပ်ခွဲ ၄ စကြ်ာအဖွဲ့၊ ပေါက် ပလဖ၊ Justice Revolution Force) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

ပုသိမ်-မုံရွာကားလမ်းတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ပုသိမ်-မုံရွာ ကားလမ်းပိုင်းမှာ ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်ကောင်စီ တပ်သားတွေကို သြဂုတ် ၇ ရက် မနက် ၇ နာရီဝန်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်သား ၂ ဦး သေဆုံးပြီး ၂ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြတယ်လို့ Brother Defense Force ကနေ သိရပါတယ်။

Brother Defense Force ရဲ့ တာဝန်ခံတဦးက “ဒီကောင်တွေက ဆားလင်းကြီးမြို့နယ်ထဲက ကြေးနီစီမံကိန်းနယ်မြေဖြစ်တဲ့ ဝမ်ပေါင်ယန်စီကနေ ထွက်လာကြတာကို ကျနော်တို့ ရဲဘော်တွေက လမ်းကနေ ဖြတ်ဆွဲလိုက်တာ ၂ ကောင်လစ်သွားပြီး ၂ ကောင်ကတော့ အပြင်းအထန် ဒဏ်ရာရသွားတယ်” လို့ DVB ကို ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ တပ်ခွဲ ၁ (Brother Defense Force) က လုပ်ဆောင်ခဲ့တာလို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ခံတဦးက ပြောပါတယ်။

“ပြီးခဲ့တဲ့လကတည်းက ပုသိမ်-မုံရွာလမ်းပေါ် အထက်မင်းလှမြို့နယ်က ဘန့်ပြင်ရွာနားမှာ စစ်သား ၄၀ လောက် ခိုးကြောင်ခိုးဝှက် လိုက်လာတဲ့ FAW ကားတစီးကို ကြားဖြတ်ပစ်ခတ်ခဲ့တာ၊ စစ်သား ၆ ယောက် သေဆုံးပြီးတော့ ၁၄ ယောက်ထက်မနည်း ဒဏ်ရာရသွားကြတယ်။ အဲဒီထဲမှာပါတဲ့ စစ်ကောင်စီဘက်က ဒုဗိုလ်မှူးကြီး မင်းအောင်ကျော်လင်း ကတော့ အပြင်းအထန် ဒဏ်ရာရလို့ သရက်ဆေးရုံမှာ ဆေးကုနေရတယ်။”

ပုသိမ်-မုံရွာကားလမ်းပေါ်မှာ စစ်ကောင်စီတပ်သားတွေ မကြာခဏ တိုက်ခိုက်ခံနေရပြီး သေဆုံးဒဏ်ရာရတာတွေ များပြားနေသလို အထိနာနေတဲ့ စစ်ကောင်စီဘက်ကလည်း အဆိုပါလမ်းကို အသုံးပြုပြီး စစ်သားတွေကို မော်တော်ယာဥ်အမျိုးမျိုးနဲ့ ပို့ဆောင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ထားဝယ်တွင် နေအိမ်ဖောက်ထွင်းသည့် စစ်သားများ တိုက်ခိုက်ခံရပြီး ၁၃ ဦးသေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ တရွာလုံး စစ်ရှောင်နေရတဲ့ မောင်မယ်ရှောင်ကျေးရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ဖောက်ထွင်းခိုးယူနေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် ၁၃ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ တယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) က ဩဂုတ် ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ထားဝယ်မြို့နယ်ရှိ တရွာလုံးစစ်ရှောင်နေရတဲ့ မောင်မယ်ရှောင်ရွာထဲကို ဩဂုတ် ၄ ရက် နေ့လယ် ၁၂ နာရီကျော်က အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်း ဝင်လာပြီး စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းပြီး ပစ္စည်းတွေယူဆောင်နေတဲ့အချိန် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက အနီးကပ် တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၃ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့တွေက ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) တာဝန်ခံက “အင်အား ၁၀၀ လောက်နဲ့ မောင်မယ်ရှောင်ရွာထဲက ပစ္စည်းတွေကို ‌အကုန်ဖောက်ထွင်းပြီး ယူဆောင်နေတာ။ ကျနော်တို့ သူတို့ကို အနီးကပ်သွားပစ်တာ တော်တော်အထိနာတယ်။ စစ်ကောင်စီဘက်က ၁၃ ဦးသေတယ်၊ ၂၀ လောက် ဒဏ်ရာရတယ်။ ကျနော်တို့ဘက်က ထိခိုက်မှုမရှိပါဘူး။ သူတို့ ခုထိ ရွာထဲမှာပဲရှိနေပြီး ပစ္စည်းယူနေတာတို့ မီးရှို့နေတာတို့ လုပ်နေပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် အင်အား ၁၀၀ ကျော် ထပ်ဖြည့်ကာ စုစုပေါင်း အင်အား ၂၀၀ ကျော်နဲ့ မောင်မယ်ရှောင်ကျေးရွာအတွင်း ဆက်လက်တပ်စွဲထားတယ်လို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံက သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ အင်အားဖြည့်တင်းပြီးနောက် မောင်မယ်ရှောင်ကျေးရွာ ရန်ကင်းစေတီနဲ့ ဘိုးဘိုးကြီးနတ်နန်းကြားကို ဩဂုတ် ၅ ရက် မနက် ၈ နာရီကျော်မှာ တကြိမ်၊ ညနေ ၄ နာရီကျော်မှာ တကြိမ် မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၆ လုံးလောက် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“သူတို့ကို PDF တွေက လာတိုက်တာကို မကျေနပ်လို့ ရွာထဲကအိမ်တွေကို မီးရှို့တာ။ မနက်ဘက်တကြိမ် ညနေဘက်တကြိမ် မီးရှို့တာ။ အိမ်အရှို့ခံရတဲ့အိမ်အားလုံးက ၁၆ လုံးလောက်ရှိတယ်။ စစ်ကောင်စီစစ်ကြောင်းက မထွက်သေးတော့ ဘယ်သူ့အိမ်တွေ မီးရှို့ခံရလဲ ဆိုတာတော့ အတိအကျ မသိသေးဘူး။ ရွာထဲမှာလည်း တယောက်မှ မရှိ‌ကြတော့တာ ၃ လလေက်ရှိပြီ။”

တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ ကျားသစ်နက်၊ ဘီလုံးပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

ထားဝယ်မြို့ကနေ ၇ မိုင်သာကွာ‌‌ဝေးပြီး အိမ်ခြေ ၁,၂၀၀ ရှိတဲ့ မောင်မယ်ရှောင်ကျေးရွာဟာ စစ်ကောင်စီ စစ်ကြောင်းထိုးတာကြောင့် မေလအကုန်ကတည်းက ရွာလုံးကျွတ် စစ်ရှောင်နေရပါတယ်။

မြိတ်-တနင်္သာရီလမ်းတွင် စစ်တပ်ရိက္ခာတင်ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ရိက္ခာတင်ဆောင်လာတဲ့ စစ်ကောင်စီ ယာဥ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ၂ ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှု ရှိနိုင်ပြီး အပြန်အလှန် ပစ်ခတ်မှုတွေလည်း ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

မြိတ်မြို့နယ်၊ တုံးဗျောရွာကနေ ရိက္ခာတင်ဆောင်ပြီး အမြောက်တပ်ကို ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို သြဂုတ် ၆ ရက် နေ့လယ် ၁၂ နာရီခွဲက ဘန်းလမွတ်ကျေးရွာ အနီးမှာ တော်လှန်းရေးပူးပေါင်းတပ်ဖွဲ့တွေက မိုင်း ၂ လုံးတွဲနဲ့ စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုဖြစ်ပြီးတော့ သြဂုတ် ၇ ရက်မှာ ၃၀၆ အမြောက်တပ်က ဇဝဲအမြောက်တပ်ကို ရိက္ခာပို့ဖို့ ထွက်လာတဲ့ အင်အား ၆၀ ခန့်ရှိ ယာဥ်တန်းကို ချောင်းညီကိုကျေးရွာအနီးမှာ ဆွဲမိုင်းတွေနဲ့ ထပ်မံတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ဝန်းကျင်အထိ ဖြစ်ပွားခဲ့တယ်လို့လည်း ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက “မိုင်းက ၂ လုံးတွဲဆိုတော့ ၂ လုံးတွဲတွေချည်းပါပဲ၊ ကားပေါ်ကနေပြီး ပြန်ပစ်တာပါ၊ ပထမရက်က ဘန်းလမွတ်ကျေးရွာအနီးပါ၊ အထိအခိုက်ရှိနိုင်တယ်၊ မြိတ်ဘက်ကနေပြီး ဇဝဲ၊ မော်တုံးတပ်တွေကို ရိက္ခာပို့မယ့်ကားတွေပါ” လို့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှု ၂ ကြိမ်အတွင်း စစ်ကောင်စီယာဥ်တန်းဘက်က ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ သိရပြီး သေနတ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု လုပ်ဆောင်ခဲ့ပေမဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှု ၂ ကြိမ်လုံးကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တောပုံးကြီးအဖွဲ့တို့က အတူပူးပေါင်း လုပ်ဆောင်ခဲ့ကြတာလို့ သိရပါတယ်။

လက်ရှိမှာတော့ မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးတလျှောက် စစ်ကောင်စီ စစ်ကြောင်းတွေနဲ့ ဒေသတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲ ပြင်းထန်နေပြီး စစ်ရေးတင်းမာနေတာကြောင့် ခရီးသွားပြည်သူတွေ အသွားအလာ သတိရှိဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အသိပေး ထုတ်ပြန်ထားပါတယ်။

တွင်းငယ်ရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၂ ဦး အလင်းဝင်

Photo crd-ABSDF

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရဲစခန်းက ရဲတပ်ဖွဲ့ဝင် တပ်သားအဆင့်ရှိသူ ၂ ဦးဟာ စခန်းသိမ်းတိုက်ပွဲ မတိုင်ခင်ကတည်းက လက်နက်ခဲယမ်းတွေနဲ့အတူ ဇူလိုင် ၁၉ ရက်မှာ ကြိုတင်အလင်းဝင်ရောက်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) က သြဂုတ် ၇ ရက်မှာ ထုတ်ပြန်ပါတယ်။

ABSDF ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “သူတို့တွေရဲ့ အဘက်ဘက်က လုံခြုံရေးအရ သတင်းမထုတ်ပြန်ဘဲ ထားခဲ့တာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ၂ ဦးဟာ အလင်းမဝင်ခင်ကတည်းက ကျနော်တို့တပ်ဖွဲ့ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေကို အများကြီး အကူအညီပေးခဲ့ကြသူတွေ ဖြစ်နေလို့ပါ။ သူတို့နဲ့အတူ သေနတ် ၁ လက်နဲ့ ကျည်အနည်းငယ် ပါလာတယ်” လို့ DVB ကို အတည်ပြု ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်က တွင်းငယ်ရဲစခန်းကို ABSDF နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက ဇူလိုင် ၂၅ ရက်မှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ABSDF တာဝန်ရှိသူတဦးက “သူတို့ကို လေးလေးစားစား မှတ်တမ်းတင် ဂုဏ်ပြုပေးထားပြီး မိသားစု ဘဝရှေ့ရေးတွေကအစ အားလုံး စီမံဆောင်ရွက်ပေးထားပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်မှာ ကျန်ရှိနေကြသူတွေ အနေနဲ့လည်း နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အမြန်ဆုံးချိတ်ဆက်ပြီး အလင်းဝင်ရောက်ကြဖို့ တိုက်တွန်းပါတယ်လို့ ဆိုပါတယ်။

အဆိုပါ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရဲစခန်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အပါအဝင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး တိုက်ခိုက်သိမ်းပိုက်ရရှိမှု မှတ်တမ်းဓာတ်ပုံတွေကိုလည်း ABSDF က သြဂုတ် ၇ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013