DVB Logo
Home
မြန်မာသတင်း
စစ်တပ်ဗုံးကြဲပစ်ခတ်မှုကြောင့် လားရှိုးထောင်မှ အကျဉ်းသား ၁၀၀ ကျော်သေဆုံး
DVB
·
August 8, 2024
စစ်တပ်ဗုံးကြဲပစ်ခတ်မှုကြောင့် လားရှိုးထောင်မှ အကျဉ်းသား ၁၀၀ ကျော်သေဆုံး
Donate to DVB

လားရှိုးမြို့သိမ်းတိုက်ပွဲဖြစ်ပွားချိန်တုန်းက လားရှိုးအကျဉ်းထောင်ကို ထောင်ပိုင်က ပိတ်ထားခဲ့ပြီးနောက် စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် အကျဥ်းသား ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ လွတ်မြောက်လာသူတွေက ပြန်ပြောပြပါတယ်။ 

လားရှိုးထောင်ကို ကိုးကန့် (MNDAA) နဲ့ မဟာမိတ်တပ်တွေက ဇူလိုင် ၂၄ ရက်ကတည်းက စတင်တိုက်ခိုက်ခဲ့ကြပြီး ဇူလိုင် ၂၈ ရက်မှာတော့ ထောင်ပိုင်က ထောင်ကိုသော့ပိတ်ပြီး ထွက်ပြေးခဲ့တာပါ။

ဒီနောက် ထောင်ကို စစ်ကောင်စီတပ်တွေက လေကြောင်းကနေ ဗုံးကြဲပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ထောင်၀င်းထဲမှာ ၄၀ လောက်နဲ့ ထောင်အပြင်မှာ ၈၀ လောက် သေဆုံးခဲ့တယ်လို့ ထောင်ကပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းသားတွေ ပြောပါတယ်။

လားရှိုးထောင်ပွင့်သွားပြီး အသက်မသေဘဲလွတ်မြောက်လာတဲ့ အကျဉ်းသားတွေက သက်ဆိုင်ရာ နေရာတွေကို ထွက်ပြေးသွားကြသလို တချို့အကျဉ်းသားတွေကိုတော့ မဟာမိတ်ညီနောင်တွေ ထိန်းသိမ်းစောင့်ရှောက်ထားရာမှာ မနေ့ ဩဂုတ် ၇ ရက်နေ့မှာတော့ အများစုပြန်လည်ရောက်ရှိလာခဲ့ကြပြီလို့  မိသားစု၀င်တွေဆီက သိရပါတယ်။

လားရှိုးထောင်မှ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား  ကိုဂါဇာက  “၂၄ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ စကစရဲ့  လွဲမှားတဲ့ တိုက်ခိုက်မှုတွေကြောင့် အကျဉ်းသားတွေရဲ့အဆောင်တွေပေါ်မှာ လက်နက်ကြီးငယ်တွေကျပြီး ၂၈ ရက်နေ့မှာ ထောင်ကို လျှော့တိုက်ဒုံးတလုံးလာကျပြီး လူ ၄ဝ လောက် သေသွားတယ်။ နောက် ထောင်ကကျသွားတယ်၊ ကျသွားတော့ ဝန်ထမ်းတွေက အကုန်ထွက်ပြေးသွားတယ်။ တချို့အဆောင်တွေက အော်တဲ့အဆောင်တွေက အော်နေကြပြီ။ ဆရာရေ တခါးဖွင့်ပေးပါဦး၊ လက်နက်ကြီးတွေကျနေပြီ လူတွေသေနေပြီလို့ အော်ပေမဲ့ မထူးကြဘူး။ နောက်တော့ ၂ ထပ်ဆောင်က စပွင့်သွားတယ်၊ အဆောင်တိုင်းမှာ နိုင်ကျဉ်းကရှိတော့ တဆောင်ပြီးတဆောင် လိုက်ဖွင့်ပေးလိုက်ပြီး အကျဉ်းသားတွေအကုန်လုံး ထောင်ဝန်းထဲမှာ စုနေတာ။ နောက် မလွယ်ပေါက်လေးတခုရှိတယ်၊ အဲ့ဒီမလွယ်ပေါက်လေးကို တနာရီခွဲလောက်ကြာအောင် ဖျက်ဆီးပြီးဖွင့်ရတာ။ အဲ့ဒီအချိန်မှာ လေယာဉ်နဲ့ ဗုံးကြဲတယ်။ အမြောက်တွေနဲ့ပစ်တယ်၊ အဲ့ဒီမှာလည်း သေကြတယ်။ နောက်တော့ အကျဉ်းသားတွေ ကြိုးစားအားထုတ်မှုနဲ့ ထောင်ပွင့်သွားတယ်၊ ပွင့်သွားပြီး အပြင်ရောက်တဲ့အချိန်မှာ အကျဉ်းသားတွေကို လေယာဉ် နဲ့ ၈ လုံးတွဲ ဗုံးတွေနဲ့ပစ်ချတယ်။ အမြောက်တပ်ရင်းကနေလည်း ပစ်တော့ အဲ့မှာ ကျနော့်ဘေးနားက ၂ ယောက်ကတော့ ပွဲချင်းပြီးသေသွားတယ်။ Air strike ၃ ခေါက်လာချတယ်၊ ၈၀ နဲ့ ၁၀၀ ကြားထဲမှာသေတယ်” လို့ ပြောပါတယ်။

ထောင်ဖောက်ပြီး လွတ်လာသူတွေကို မဟာမိတ် ညီနောင်အဖွဲ့တွေက လွတ်မြောက်တဲ့ နေရာတွေမှာ ခေတ္တခေါ်ယူစောင့်ရှောက်ထားကာ အဖွဲ့အစည်းတွေက လူတွေကိုတော့ မိခင်အဖွဲ့အစည်းက တာ၀န်ခံပြီး ထုတ်ခွင့်ပေးထားပြီး တချို့ကတော့ အခုထိ အိမ်မပြန်ရသေးဘဲ ကျန်နေခဲ့ပါသေးတယ်။

အိမ်ပြန်ရောက်လာတဲ့ နိုင်ငံရေးအကျဥ်းသားတဦးက “အကုန်လုံးက တံခါးတွေ သော့ပိတ်ပြီး ထွက်ပြေးသွားတာ။ တခြားအဆောင်တွေက စပွင့်တော့မှ အကုန်လိုက်ဖွင့်ပြီး တံခါးကြီး ရောက်တော့မှ ထောင်ဝင်စာအခန်းမှာရှိတဲ့ စစ်သားဆီက သေနတ်ကိုလုပြီး ဖွင့်လိုက်တော့မှ ညီလေးတို့က ထွက်လို့ရတာ၊ ထွက်ပြီး ပြေးကြတာပေါ့။ တကယ်တော့ ကိုယ့်အိမ်ကို ရောက်အောင်ပြေးကြတာ။ အဲ့ဒီမှာ ကိုးကန့်စစ်သားတွေက ရိုးရိုးအမှု ၁၉၀၀ ကျော်ထားပြီးတော့ နိုင်ကျဉ်း ၂၁၃ ယောက်ကိုတော့ ၃၁ ရက်နေ့မှာ ကားနဲ့လာခေါ်သွားပြီး တနေရာမှာထားပြီး အပြင်ကနေ တံခါးပိတ်ပြီး စောင့်ရှောက်ထားတယ်။ အခု ကျနော်တို့ပြန်တော့ ၂၀၁ ယောက်ကျန်ခဲ့သေးတယ်။ အဲ့ဒါထဲက အဖွဲ့အစည်းတွေက လာထုတ်ကြတာလည်း ရှိတယ်။  NUG နဲ့ ပကဖ အဖွဲ့အစည်းအောက်က လူတွေတော့ကျန်ခဲ့သေးတယ်။ ကျန်တဲ့အဖွဲအစည်းတွေက လူတွေကတော့ လာထုတ်သွားပြီ။ ပထမတော့ မိသားစုကလာခေါ်ရင်လည်း ထုတ်မပေးဘူး၊ ဒီနေ့တော့ ထည့်ပေးတယ်ကြားတယ်။ သူငယ်ချင်းတယောက်ဆို သူ့မိဘက လာခေါ်တာ ထည့်ပေးလိုက်တယ်” လို့ ပြောပါတယ်။

လားရှိုးထောင်မှာ ထောင်မပွင့်ခင်က အကျဥ်းသားစုစုပေါင်း ၂၄၈၇ ယောက်ရှိပြီး စစ်တပ်က ဗုံးကြဲပစ်ခတ်မှုကြောင့် ၁၀၀ ကျော် သေဆုံးသွားတယ်လို့ လွတ်မြောက်လာသူတွေက ပြောပေမဲ့ သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။

  မင်းညို 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013