DVB Logo
Home
မြန်မာသတင်း
အရပ်သားပစ်မှတ်များကို တိုက်ခိုက်နေသည့် စစ်ကောင်စီကို အရေးယူပေးရန် တောင်းဆို
DVB
·
August 8, 2024
အရပ်သားပစ်မှတ်များကို တိုက်ခိုက်နေသည့် စစ်ကောင်စီကို အရေးယူပေးရန် တောင်းဆို
1 / 5
Donate to DVB

ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ် ၅ ခုထက် မနည်းကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတာတွေမရှိတဲ့ လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဩဂုတ် ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းယူထားပြီး တိုက်ပွဲဖြစ်ပွားတာ လုံးဝမရှိတဲ့ လောက်ကိုင်၊ သိန္နီ၊ နမ့်ဆန်၊ ကွတ်ခိုင်နဲ့ မြောက်ဦးမြို့တို့ကို ပေါင် ၅၀၀ ဗုံး အပါအဝင် ဖျက်အားပြင်း ဗုံးမျိုးစုံတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူလူထုရဲ့ ဈေး၊ ကျောင်း၊ ဆေးရုံနဲ့ နေအိမ်အဆောက်အဦတွေ များစွာပျက်စီးခဲ့သလို ပြည်သူတွေရဲ့ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ သေဆုံးမှုတွေဟာလည်း နေ့စဉ်တိုးလာနေတယ်လို့ ညီနောင် ၃ ဖွဲ့က ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

စစ်ကောင်စီက စစ်ပွဲဇုန်မဟုတ်တဲ့ နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေတာကို ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ အပြင်းအထန် ကန့်ကွက်ရှုတ်ချတယ်လို့လည်း ပြောထားပါတယ်။

အဲဒီလို ပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ကာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတဲ့ စစ်ကောင်စီကို ဟန့်တားပေးဖို့ တရုတ်နိုင်ငံ အဓိကထားပြီး တခြား နိုင်ငံတကာကိုလည်း အားကိုးတကြီး တောင်းဆိုတယ်လို့လည်း ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။

ဒါ့အပြင် ညီနောင်မဟာမိတ်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေ အနေနဲ့လည်း လေကြောင်းအန္တရာယ်က ကင်းဝေးစေဖို့အတွက် ထုတ်ပြန်ချက်တွေကို လိုက်နာဖို့နဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

စစ်ကောင်စီက ညီနောင်မဟာမိတ် ၃ ဖွဲ့ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ရှုံးနိမ့်နေတာကြောင့် စစ်ချင်းတိုက်မနိုင်တဲ့အခါမှာ ပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်လာတာလို့ နိုင်ငံရေးအကဲခတ်တဦးက ပြောပါတယ်။

“စစ်ကောင်စီဟာ သူတို့ရဲ့ အရှေ့မြောက်တိုင်းဒေသတခုလုံး အပါအဝင် အနောက်ပိုင်းတိုင်း စစ်ဒေသမှာလည်း ရှုံးနိမ့်နေတာကြောင့် စစ်တပ်ချင်း တိုက်မနိုင်တဲ့အခါ ရှုံးမဲမဲပြီး အဲဒီဒေသမှာရှိတဲ့ ပြည်သူတွေကို လေကြောင်းကနေ တိုက်ခိုက်နေတာဖြစ်တယ်။ စစ်ကောင်စီက သူတို့ကျူးလွန်နေကြဖြစ်တဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်မြဲ ကျူးလွန်နေတာဖြစ်ပြီး စစ်ခေါင်းဆောင်တွေက ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်နေကြတာ ဖြစ်တယ်” လို့ ပြောပါတယ်။

ဩဂုတ် ၅ ရက်က ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၇ လုံး ကြဲချခဲ့တာကြောင့် အရပ်သားသေဆုံးသူ ၆ ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၀ ဦးရှိကာ ဆိုင်ခန်းပေါင်း ၄၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ တအာင်းတပ် (TNLA) က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကိုးကန့်ဒေသ လောက်ကိုင်မြို့ကိုလည်း မကြာခဏ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေသလို ရခိုင်ပြည်နယ် မြောက်ဦးမြို့ကိုလည်း ဩဂုတ် ၆ ရက်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၅,၈၀၀ ကျော်အထိ ပြုလုပ်ခဲ့တယ်လို့ ISP Myanmar က ဩဂုတ် ၅ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013