
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်က ကျေးရွာတွေကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲမှုကြောင့် အရပ်သားတယောက် ဒဏ်ရာရရှိပြီး နေအိမ်နဲ့ အဆောက်အအုံတွေ မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧပြီ ၁၉ ရက် ညပိုင်းက လေးမျက်နှာမြို့နယ်ထဲက ပန်းတောကြီးနဲ့ စက်စက်ယို ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲမှုကြောင့် နေအိမ်တွေ အများအပြား အိမ်လောင်ပျက်စီးသွားတဲ့အပြင် ပန်းတောကြီးကျေးရွာက အသက် ၃၀ ကျော်အရွယ် ကိုထူးထူး ဆိုသူ အရပ်သားတယောက် ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ဧပြီလ ၁၉ ရက် ည ၈ နာရီလောက်နဲ့ ၈ နာရီခွဲလောက်မှာ ဗုံးကြဲချတာ။ အရပ်သားတွေ ထိခိုက်တာရှိတယ်။ လောလောဆယ်တော့ တယောက်လို့ပဲ သိရတယ်။ အများစုက စစ်ရှောင်နေတော့ ထိခိုက်တာ နည်းနိုင်တယ်။ အိမ်တွေက မီးလောင်တာ မနည်းဘူး” လို့ ပြောပါတယ်။
စစ်တပ်က လေးမျက်နှာမြို့နယ်ထဲက ကျေးရွာတွေကို ဂျက်တိုက်လေယာဉ်တွေ အသုံးပြုပြီး ဗုံးတွေနဲ့ ကြဲချခဲ့မှုကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ အရပ်သားတွေရဲ့ လူနေအိမ်တွေ လုံးဝ မီးလောင်ပြာကျကုန်တယ်လို့ သိရပါတယ်။
စစ်ရေးသတင်းရင်းမြစ်တယောက်က “ဗုံးကြဲချခံရတဲ့နေရာတွေက တော်လှန်ရေးတပ်တွေ ယာယီထိန်းချုပ်ထားတဲ့ နေရာတွေလို့ သိရတယ်။ လက်ရှိလည်း စက်စက်ယို၊ ရှမ်းကွင်း၊ ပန်းတောကြီး ပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်နေတယ်။ အရပ်သားတွေရဲ့ အိမ်တွေမှာ တော်လှန်ရေးတပ်တွေ နေနေတယ်ဆိုပြီး စစ်တပ်က အခုလိုလုပ်တာ” လို့ ပြောပါတယ်။
စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခံရတဲ့ ဒေသတွေမှာ မတ် ၁ ရက်ကနေ ၂၀ ရက်အထိ ကာလအတွင်း စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲ ၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဒါ့အပြင် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲချနေတဲ့အပြင် ပန်းတောကြီး၊ စက်စက်ယိုရွာတွေဘက်ကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေပြီး အရပ်သားတွေကို တွေ့ရှိပါက AA နဲ့ PDF လို့ စွပ်စွဲကာ ဖမ်းဆီးနေပါတယ်။
အဆိုပါအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်တပ်ဘက်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။










