DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲသတင်းများ (သြဂုတ် ၇)
DVB
·
August 7, 2024
တိုက်ပွဲသတင်းများ (သြဂုတ် ၇)
Donate to DVB

မောင်တောမြို့သိမ်းတိုက်ပွဲ ပြင်းထန်

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ မောင်တောမြို့သိမ်းတိုက်ပွဲဟာ ၂ လနီးအထိ ကြာမြင့်လာပြီဖြစ်ပြီး တိုက်ပွဲအရှိန်ဟာလည်း အမြင့်ဆုံးအခြေအနေကို ရောက်ရှိနေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

မောင်တောမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီနဲ့ ရိုဟင်ဂျာလက်နက်ကိုင် အဖွဲ့အစည်း ၃ ခုဟာ အာရက္ခတပ်တော် (AA) ကို ပူးပေါင်းခုခံနေကြပြီး သြဂုတ် ၅ မှာ AA တပ်ဖွဲ့ဝင်တွေက မြို့တွင်းကို ထိုးဖောက်ဝင်ရောက်ခဲ့နိုင်တယ်လို့ မောင်တောမြို့ခံ ရိုဟင်ဂျာ အမျိုးသားတဦးက ပြောပါတယ်။

“တိုက်ပွဲကတော့ အပြင်းထန်ဆုံး အခြေအနေလို့ ပြောလို့ရတယ်။ အရင်ကဆိုရင် AA တပ်က မြို့ပြင်တွေက တိုက်ခိုက်တာပဲရှိတယ်။ အခု မြို့ထဲကို ထိုးဖောက်ဝင်ရောက်ခဲ့တာကြောင့် စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ ရိုဟင်ဂျာလက်နက်ကိုင်တွေ တော်တော်‌လေးကို တုန်လှုပ်နေကြတယ်။ ရိုဟင်ဂျာတပ် RSO ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ အမာခံတွေကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးနေကြပြီ။ ဒီအတိုင်းဆိုရင် စစ်ကောင်စီလည်း ဘယ်လောက်မှ တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး။”

မောင်တောမြို့ထဲမှာ ပိတ်မိနေကြတဲ့ အရပ်သား ရိုဟင်ဂျာ၊ ဟိန္ဒူနဲ့ ရခိုင်လူမျိုး ထောင်နဲ့ချီ ရှိနေကြသေးပြီး အဲဒီလူတွေဆီကနေ စစ်ကောင်စီနဲ့ ပူးပေါင်းနေကြတဲ့ ရိုဟင်ဂျာ တပ်ဖွဲ့ဝင်တွေဟာ ဖမ်းဆီးငွေညှစ်တာတွေ၊ လုယက်တာတွေကို ပြုလုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့်လည်း မောင်တောမြို့အတွင်း အရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်လာနေပါတယ်။

လက်ရှိမှာ မောင်တောမြို့တွင်းရှိ နာရီစင်ခွဆုံနဲ့ မြို့တွင်းနေရာတချို့မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့ နခခ ၅ ကလည်း မြို့တွင်းကိုပဲ လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ နောက်ထပ်မြို့ခံတဦးက ပြောပါတယ်။

“တိုက်ပွဲကတော့ မြို့လယ် နာရီစင်ခွဆုံ၊ ဗိုလ်မှူးရွာနဲ့ မြို့တွင်းနေရာတချို့မှာ ဖြစ်နေကြတာ။ စစ်ကောင်စီနဲ့ ပူးပေါင်းရိုဟင်ဂျာတွေကတော့ အထပ်မြင့်အိမ်တွေမှာ နေရာယူထားပြီးတော့ ခုခံနေကြတယ်။ စစ်ကောင်စီရဲ့ နခခ ၅ ကနေ့ မြို့တွင်းကို လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်နေတာကြောင့် အရပ်သားတွေအတွက် တော်တော်လေးကို အန္တရာယ်များတဲ့ အနေအထားမှာရှိတယ်။”

လက်ရှိမှာ မောင်တောမြို့တွင်း စစ်ပွဲအခြေအနေ ပြင်းထန်နေပြီး လက်နက်ကိုင်တွေ များပြားတာကြောင့် တိုက်ပွဲဖြစ်ပွားမှုဟာလည်း ရှုပ်ထွေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မောင်တောမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေ အားလုံးကို သိမ်းပိုက်ရရှိပြီး မောင်တောမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော်က ဇွန် ၁၆ ရက်မှာ စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ မောင်တောမြို့နယ်အတွင်း နယ်ခြားစောင့် ရဲတပ်ရင်းဌာနချုပ် ၈ ခုရှိတဲ့အထဲက အာရက္ခတပ်တော် (AA) က ရဲတပ်ရင်း ၇ ခုအထိ သိမ်းပိုက်ထားပြီး မြို့အနီးမှာတည်ရှိနေတဲ့ နခခ ၅ အပါအဝင် မြို့တွင်းနေရာယူထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပူးပေါင်း ရိုဟင်ဂျာ လက်နက်ကိုင်တချို့သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

မောင်တောတိုက်ပွဲအတွင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား ရာနဲ့ချီ ရှိလာပြီ ဖြစ်ပါတယ်။

ရွှေဘိုမြို့နယ် ပျူစောထီးရွာက စစ်တပ်ကင်းစခန်း တိုက်ခိုက်ခံရ

photo Crd-Shwebo Federal Army

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းပျူစောထီးကျေးရွာက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ တပ်စွဲနေတဲ့ ကင်းစခန်းကို သြဂုတ် ၆ ရက် မနက် ၆ နာရီဝန်းကျင်မှာ အနီးကပ် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ShweBo Federal Army ဆီကနေ သိရပါတယ်။

ShweBo Federal Army ရဲ့ စစ်ဆင်ရေးတာဝန်ခံတဦးက “မြင်းချင်းရွာ အနောက်ပိုင်းက စစ်သားနဲ့ ပျူတွေ တပ်စွဲနေတဲ့ ကင်းစခန်းကို အနီးကပ် သွားရောက်တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်က သေဆုံးတာတွေရှိတာကတော့ မျက်မြင်တွေ့ခဲ့ရပါတယ်။ အရေအတွက်ကို အတိအကျသိဖို့ စုံစမ်းနေပါတယ်” လို့ DVB ကို ပြောပါတယ်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုဘက်က ရဲဘော်တဦး မစိုးရိမ်ရတဲ့ဒဏ်ရာ ရရှိခဲ့​တယ်လို့ သူက ဆက်ပြောပါတယ်။

photo Crd-Shwebo Federal Army

မြင်းချင်းကျေးရွာအနောက်ပိုင်းက ကင်းစခန်းမှာရှိတဲ့ စစ်သားနဲ့ ပျူစောထီးတွေဟာ အထိနာတဲ့အတွက် မြင်းချင်းကျေးရွာအရှေ့ပိုင်းက သူတို့ အထိုင်ချတပ်စွဲထားတဲ့ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေဆီကို ပြန်လည်ဆုတ်ခွာသွား​ကြတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းပါဝင်ခဲ့တဲ့ ShweBo Federal Army ရဲဘော်တဦးက “သူတို့ဘက်က အထိနာလို့ ဆုတ်သွားကြပေမဲ့ မြင်းချင်းရွာနားက မင်္ဂလာ၊ ပန်းရံ၊ ဇီးကုန်းရွာတွေက အင်အား ၅၀ လောက် ကား ၃ စီးနဲ့ စစ်ကူရောက်လာကြလို့ ကျနော်တို့တပ်ပေါင်းစုတွေ ပြန်ဆုတ်ခဲ့ရတယ်” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို DaungMann ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မဟူရာ ရွှေဘိုသား LPDF၊ ဗိုလ်မဟာ၊ MC၊ Shwebo Federal Army၊ Snake Eyes PDF၊ Warlord Defence Force၊ Eyes For Eyes၊ God of Satan၊ ရွှေဘိုမြို့နယ် ပကဖ (PDO) Drone တပ်ဖွဲ့တွေ မဟာမိတ်ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဆီဆိုင်တိုက်ပွဲတွင် စစ်သား ၁၀ ဦးသေ၊ စစ်တပ်လက်နက်ကြီးကြောင့် စစ်ရှောင်အမျိုးသမီး ၂ ဦး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တောင်ရှေ့ကျေးရွာအုပ်စုအတွင်း တိုက်ပွဲမှာ စစ်တပ်ဘက်က ၁၀ ဦးသေဆုံးပြီး စစ်တပ်လက်နက်ကြီးကြောင့် စစ်ရှောင်အမျိုးသမီး ၂ ဦး သေဆုံးခဲ့ရတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ထံက သိရပါတယ်။

တိုက်ပွဲက သြဂုတ် ၆ ရက်က ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က အလောင်း ၁၀ လောင်း၊ သေနတ် ၁၀ လက်နဲ့ ဒရုန်းတစင်းကိုလည်း သိမ်းဆည်းရမိတယ်လို့ ပြောပါတယ်။

PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “တိုက်ပွဲဖြစ်ပွားတယ်။ ဆီဆိုင်မြို့အရှေ့ဘက် လွယ်ထွယ်ရွာအနီးပေါ့နော်၊ စစ်ကောင်စီဘက်က ၁၀ ဦးသေတယ်။ ဒရုန်းတစီး၊ လက်နက် ၁၀ လက် သိမ်းဆည်းရမိတယ်” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီး ဆီဆိုင်မြို့အရှေ့ဘက် ကျေးရွာ ၁၀ ရွာကို စစ်တပ်နဲ့ PNO ပြည်သူ့စစ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ စစ်ရှောင်အမျိုးသမီးငယ် ၂ ဦး သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။

မီရဲ့ရွာခံတဦးက “သေဆုံးသူ ၂ ဦးက အသက် ၁၈ ဝန်းကျင်ပဲ ရှိသေးတယ်။ သူတို့က ထီရီးရွာကနေမှ ဒီ မီရဲ့ရွာကို စစ်ရှောင်လာတာ။ ၂ ဦးစလုံး ပွဲချင်းသေတယ်။ ၅ ယောက်လည်း လက်နက်ကြီးစ ထိမှန်ဒဏ်ရာ ရသေးတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့နဲ့ လက်အောက်ခံ ပြည်သူ့စစ်တို့က သြဂုတ် ၃ ရက်ကစပြီး ဆီဆိုင်မြို့နယ် အတွင်းရှိ ပအိုဝ်းကျေးရွာ ပအိုဝ်းနယ်မြေအတွင်းကို လက်နက်ကြီးတွေနဲ့ တမင်သက်သက် ပစ်ခတ်နေလို့ ပြည်သူတွေအနေနဲ့ သတိဝီရိယနဲ့ သွားလာဖို့လည်း PNLA က သတိပေးထားပါတယ်။

ချောင်းဦးရဲဂိတ် ပစ်ခတ်ခံရပြီး စခန်းမှူး အပါအဝင် ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်မှာ ခရီးသွားကားတွေဆီက ငွေကြေးကောက်ခံနေတဲ့ ရဲဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ မြို့မရဲစခန်းမှူး အပါအဝင် ၂ ဦး သေဆုံးပြီး ရဲ ၁ ဦး ခြေထောက်တဖက် ဆုံးရှုံးခဲ့တယ်လို့ ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်ဆီက သိရပါတယ်။

ဩဂုတ် ၆ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ချောင်းဦးမြို့မရဲစခန်းနဲ့ ကီလိုမီတာ ၁၂၀ ဝေးတဲ့ လမ်းမပေါ်မှာ ရဲ ၃ ယောက် ငွေကောက်နေတဲ့ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်မှုအတွင်း ချောင်းဦးမြို့မရဲစခန်းမှူးနဲ့ ရဲ ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ရဲ ၁ ဦးလည်း ခြေတဖက်ပြတ်သွားတာကို မျက်မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

Chaung U Revolution Army တာဝန်ရှိသူက “သူတို့ ဆက်ကြေးကောက်နေတာက ၃ ယောက်ပေါ့၊ ကောက်တဲ့နေရာရဲ့ တောင်ဘက် မီတာ ၅၀ လောက်မှာ ရဲစခန်းရဲ့ ကာကင်းရှိတယ်။ လမ်းဟိုဘက်ဒီဘက် ပစ်တာဆိုတော့ သေသွားတာ သေချာကြောင်းကို သိခဲ့ရပါတယ်။ ဆုံးသွားတာက ၂ ယောက်ပါ၊ တယောက်က ခပ်ဝဝနဲ့ စခန်းမှူးပါ၊ လည်ပင်းမှာ လက်သန်းလောက်ရှိတဲ့ ရွှေဆွဲကြိုးအတုတ်ကြီး ဝတ်ထားတာပါ” လို့ ပြောပါတယ်။

ပစ်ခတ်မှုအပြီးမှာ လမ်းသွားလမ်းလာ လူငယ်တချို့ကို စစ်ဆေးရိုက်နှက်တာတွေရှိသလို ရဲစခန်းအနီးဝန်းကျင် စျေးဆိုင်က ဆိုင်ရှင်အချို့ကိုလည်း ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ချောင်းဦးမြို့ခံတဦးက “ပြည်သူတွေကိုဖမ်းတယ်၊ ယောကျ်ားလေးတွေဆို ရိုက်နှက်တယ်၊ အခင်းဖြစ်တဲ့နေရာက ဆိုင်ရှင်တွေကိုလည်း ဖမ်းသွားတာရှိတယ်၊ ပြန်လွတ်မလွတ်ကတော့ အတိအကျ မသိသေးပါဘူး။ ဒီနေ့မနက်မှာလည်း လူ ၂ ယောက်ကို လိုက်ရှာတယ်ဆိုပြီး ချောင်းဦးမြို့ပေါ်မှာ ခြေရှုပ်နေပါတယ်” လို့ ပြောပါတယ်။

တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ်-၁၅ တပ်ရင်း၊ တပ်ခွဲ ၁၅/၃ က ဦးဆောင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013