DVB Logo
Home
မြန်မာသတင်း
စဉ့်ကူးတွင် စစ်တပ်က ရက်ဆက်ဗုံးကြဲ၊ ပြည်သူများသေဆုံးပြီး အဆောက်အဦများ ပျက်စီး
DVB
·
August 6, 2024
စဉ့်ကူးတွင် စစ်တပ်က ရက်ဆက်ဗုံးကြဲ၊ ပြည်သူများသေဆုံးပြီး အဆောက်အဦများ ပျက်စီး
Donate to DVB

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ရက်ဆက် ဗုံးကြဲချခဲ့တဲ့အတွက်ကြောင့် ဒေသခံပြည်သူတွေ သေဆုံးဒဏ်ရာရခဲ့ပြီး ဆေးရုံနဲ့ စာသင်ကျောင်း အဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ လက်ပန်လှကျေးရွာကို သြဂုတ် ၅ ရက် ညနေပိုင်းမှာ တကြိမ်နဲ့ သြဂုတ် ၆ ရက် မနက်စော ၂ နာရီခွဲဝန်းကျင်မှာ တကြိမ် လေကြောင်းကနေ ဗုံးကြဲချသွားတာလို့ ဆိုပါတယ်။

ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတအဖွဲ့ဝင်တဦးက “စဥ့်ကူးနဲ့ လက်ပန်လှရွာက ၄ မိုင်လောက် ကွာတယ်ဗျ။ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ၂ ရက်ဆက်တိုက် ဗုံးကြဲသွားတာဗျ။ ပထမနေ့ ဗုံးကြဲတာကြောင့် လက်ပန်လှကျေးရွာ၊ ပြည်စိုးအောင်ရပ်ကွက်က မူလတန်းကျောင်းခွဲ၊ ပုဂ္ဂလိကဆေးရုံနဲ့ စျေးဆိုင်တချို့ ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာတွေ ရသွားကြတယ်” လို့ DVB ကို ပြောပါတယ်။

ဒုတိယအကြိမ်ဟာ လက်ပန်လှကျေးရွာထဲက ငြိမ်းချမ်းအောင်ရပ်ကွက်ကို စစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲချခဲ့တဲ့အတွက် ဒေသခံပြည်သူ အမျိုးသမီးတဦး သေဆုံးကာ တဦး ဒဏ်ရာရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံတဦးက “ကျောက်မြောင်းမြို့ပေါ်က စစ်တပ်ကနေလည်း ၁၂၀ မမ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတယ်။ အခုရက်ပိုင်း လက်ပန်လှရွာမှာ တိုက်ပွဲဖြစ်တာမရှိဘူး။ သက်သက်မဲ့ ပစ်နေတာ။ စစ်တပ်က ရှုံးမဲမဲပြီး ပြည်သူကို ဒုက္ခပေးနေတာပါ” လို့ ပြောပါတယ်။

ဩဂုတ် ၄ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်မှာလည်း စဉ်ကူးမြို့နယ်၊ ကံတောင်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ ၃ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ 

ဩဂုတ် ၄ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲဝန်းကျင်မှာလည်း စဉ်ကူးမြို့နယ် နွယ်ရုံရွာကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံတိုက်ခိုက်တာကြောင့် ကလေးတယောက် အပါအဝင်ပြည်သူ ၁၀ ဦး သေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက် မနက်ပိုင်းမှာလည်း လက်ပန်လှကျေးရွာအုပ်စုထဲက ပင်လယ်ကြီးကျေးရွာ၊ ရုံးပင်ကုန်းကျေးရွာနဲ့ ရှောက်ပင်ရိုးကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ၄ ကြိမ်ထက်မနည်း ဗုံးကြဲချခဲ့တာကြောင့် ဒေသခံပြည်သူတွေ သေဆုံးဒဏ်ရာရကာ နေအိမ်တချို့လည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

စဉ်ကူးမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းအားလုံးနဲ့ စဉ့်ကူးမြို့ကို ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့ တပ်ပေါင်းစုတွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက် ရရှိထားတာလည်း ဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေ သိမ်းပိုက်ရရှိထားတဲ့ စဥ့်ကူးမြို့နယ်ထဲကို စစ်ကောင်စီတပ်က သြဂုတ် ၅ ရက်အထိ လေကြောင်းကနေ ဗုံးတွေကြဲချနေတဲ့အတွက် ဒေသခံပြည်သူ အများအပြား သေဆုံးဒဏ်ရာရရှိခဲ့ကြလို့ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013