DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲသတင်းများ (ဩဂုတ် ၃ ရက်)
DVB
·
August 3, 2024
တိုက်ပွဲသတင်းများ (ဩဂုတ် ၃ ရက်)
Donate to DVB

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို အပြီးသတ်သိမ်းပိုက်ရရှိဟု ကိုးကန့်တပ်ဖွဲ့ ကြေညာ

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အခြေအစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို  MNDAAက အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ ဓာတ်ပုံ၊ ဗွီဒီယို တွေနဲ့တကွ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

သြဂုတ် ၃ ရက် နေ့လယ် ၁၂ နာရီ မိနစ် ၂၀ မှာ သွေးထွက်သံယိုတိုက်ပွဲတွေနဲ့အတူ MNDAA တပ်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို အပြည့်အဝ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်တွေကို ခြေမှုန်းနိုင်ခဲ့တယ်လို့လည်း MNDAAက သတင်းထုတ်ပြန်ပါတယ်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကျသွားတဲ့သတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်တာမရှိသေးသလို တိုက်ပွဲမှာ နှစ်ဖက်တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတဲ့ အခြေအနေကိုလည်း မသိရသေးပါဘူး။

စစ်ကောင်စီတပ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) လက်အောက်ရှိ တိုင်းစစ်ဌာနချုပ် ၁၄ ခု ရှိတဲ့အထဲမှာ သမိုင်းကြောင်းအရရော စစ်ရေးဗျူဟာအရပါ အရေးပါတဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ဌာနချုပ်ကို  တော်လှန်ရေးတပ်ဖွဲ့တွေက ပထမဆုံး သိမ်းပိုက်ရရှိနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဂွမြို့တွင် စစ်ကောင်စီရေတပ် အင်အားထပ်ဖြည့်

ရခိုင်ပြည်နယ်၊ ဂွမြို့မှာ စစ်ကောင်စီတပ်က  ရေတပ်အင်အားထပ်ဖြည့်လာနေတယ်လို့ ဒေသတွင်း နေထိုင်သူတွေက ပြောပါတယ်။

ဂွမြို့ ပင်လယ်ရေပြင်မှာ စစ်သင်္ဘောနေဗီ ၁ စင်းထားတာကနေ စစ်ကောင်စီက နောက်ထပ်နေဗီ ၃ စင်းကို ပြီးခဲ့တဲ့ သြဂုတ် ၁ ရက်နေ့မှာ ထပ်ပို့လာတယ်လို့ ဒေသခံတယော်ကက ပြောပါတယ်။

“ပင်လယ်ပြင်မှာ နေဗီ ၃ စီး ၁ ရက်နေ့က ထပ်ရောက်ပါတယ်။ ခေါတောနဲ့ အမောထဲမှာပဲ ကျောက်ချနေကြတယ်။ နေဗီတွေ ထပ်ရောက်လာမယ်လို့လည်းကြားနေရတယ်” လို့ပြောပါတယ်။

အသစ်ရောက်ရှိလာတဲ့ နေဗီ ၃ စင်းထဲက ၁ စင်းဟာ ရိက္ခာတွေတင်ပြီး ပြန်ထွက်သွားတာတွေ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ ဂွမြို့ပင်လယ်ပြင်မှာ နေဗီတွေကို လက်နက်အင်အားဖြည့်တာ၊ လူအင်အားဖြည့်တာတွေလည်း ဆက်တိုက်လုပ်နေတယ်လို့ ဂွဒေသခံတွေက ဆိုပါတယ်။

ဒေသခံတယောက်က “အင်အားကတော့ ဖြည့်နေတုန်းပဲ။ နေဗီကို တပ်သားတွေပို့တယ်။ လက်နက်တွေပို့တယ်။ နေဗီကိုအပို့ခံရတဲ့ စစ်သားလေးတွေက ငယ်ငယ်လေးတွေများတယ်။ စစ်မှုထမ်းဖို့ အခေါ်ခံရတဲ့သူတွေေပါ့” လို့ပြောပါတယ်။

အဲဒီလို ပင်လယ်ပြင်မှာ အင်အားဖြည့် စစ်ရေးလှုပ်ရှားနေလို့ ပင်လယ်ရေပြင်တွင်း စစ်ကောင်စီ အင်အားဖြည့်လှုပ်ရှားတာတွေကို အထောက်ကူပြုနေတဲ့ အရပ်သားမော်တော်ဘုတ်တွေကို ပင်လယ်ပြင်တွင်း ဖြတ်သန်းသွားလာခွင့်ကို ပိတ်လိုက်တယ်လို့ AA က သြဂုတ် ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဂွမြို့နယ်မှာ နှစ်ဖက် စစ်ရေးတင်းမာနေတာကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြပြီလို့လည်း သိရပါတယ်။

မြိုင်မြို့နယ်၊ ပျူစောထီးကျေးရွာက ပြည်သူ ၉ ဦး ထွက်ပြေးလာ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွပျူစောထီးကျေးရွာကထွက်ပြေးလာတဲ့ ဒေသခံပြည်သူ ၉ ယောက်ဟာ တော်လှန်ရေးတပ်တွေဆီ ဝင်ရောက်ခိုလှုံလာကြတဲ့အတွက် ကယ်ဆယ်စောင့်ရှောက် ထားတယ်လို့ Ghost Of Enemies - GOE Revolution Force's ဆီက သိရပါတယ်။

GOE အဖွဲ့ရဲ့တာဝန်ရှိသူတယောက်က “သရက်ကွရွာက ပျူအင်အားကြီးလို့ ကျနော်တို့အဖွဲ့တွေက ရွာကိုဝိုင်းဝန်းပိတ်ဆို့ထားတာ ၃ နှစ်နီးပါးရှိပြီ။ ရွာထဲက ပျူတွေအပြင်မထွက်ရဲကြဘူး။ ကြာလာတော့ ရွာခံတွေမှာ အစားအစာငတ်တဲ့အခြေအနေဖြစ်လာကြတယ်။ အဲဒီဒဏ်ကိုမခံနိုင်ကြလို့ သူတို့တွေ ထွက်ပြေးလာကြတာလို့ သိရတယ်ဗျ” လို့ DVB ကို ပြောပါတယ်။

သရက်ကွကျေးရွာကနေ အမျိုးသား ၃ ယောက်၊ အမျိုးသမီး ၃ ယောက်နဲ့ ကလေး ၃ ယောက်တို့ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့က ထွက်ပြေးလာကြပြီး Ghost Of Enemies - GOE Revolution Force's နဲ့ အညာမြေတပ်ပေါင်းစု ဓားမင်းကြီးပူးပေါင်းအဖွဲ့ဆီကို ဝင်ရောက်ခိုလှုံလာကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ဓားမင်းကြီးအဖွဲ့ရဲ့ တာဝန်ခံတယောက်က “သူတို့တွေ ရွာထဲမှာနေတုန်းက ဆန်၊ ဆီနဲ့ စားစရာတွေ ပြတ်ကုန်လို့ ဆန်ပြုတ်သောက်ပြီး အသက်ဆက်ခဲ့ကြရတယ်။ အဲဒါကြောင့် အစားအစာ ကောင်းကောင်းကျွေးမွေးပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေကအစ ပြုလုပ်ပေးထားပြီးတော့ ဘေးကင်းလုံခြုံစိတ်ချရတဲ့နေရာကို ပို့ဆောင်ပေးထားပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့ကလည်း ပေါက်မြို့နယ်က ပျူစောထီးကျေးရွာတွေဖြစ်ကြတဲ့ ဇီးပြားကျေးရွာနဲ့ တရော်ကိုင်းကျေးရွာက ဒေသခံပြည်သူ ၁၀ ယောက်ဟာ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဆီကို လာရောက်ခိုလှုံခဲ့ကြပါသေးတယ်။

တနင်္သာရီမြို့နယ် လယ်သစ်ရွာက နေအိမ်များကို စစ်တပ် မီးရှို့

မြစ်ရေကြီးပြီး အင်တာနက်လိုင်းတွေပြတ်တောက်နေတဲ့ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာမှာ သြဂုတ် ၂ ရက်နေ့က  နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

လယ်သစ်ရွာအနောက်ကမ်းကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တို့ကြား ထိတွေ့မှုဖြစ်ခဲ့ပြီးနောက် တိုက်ပွဲ ငြိမ်သက်သွားတဲ့အချိန် ညနေ ၅ နာရီလောက်မှာ နေအိမ်တွေကို စစ်တပ်ကနေ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

ဒေသခံပြည်သူတယောက်က “တော်တော်များများ လောင်နေပြီတဲ့။ အိမ်တွေက ခပ်စိပ်စိပ်တွေလေ။ မိုးလည်းရွာနေတော့ လောင်တာလည်းရှိ၊ မလောင်တာလည်းရှိတယ်။ ပြန်ဆုတ်ရာမှာ မီးရှို့သွားတာပါ” လို့ ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ဇူလိုင် ၂၈ ရက်နေ့ကတည်းက ကျွန်းစုမြို့နယ်၊ ဂျိုးတောင်ရွာကနေ  လယ်သစ်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ သိရပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ အကြိမ်ကြိမ်ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းရောက်နေတဲ့ လယ်သစ်ကျေးရွာမှာ အင်တာနက်လိုင်း မရတာ ကြာပြီဖြစ်ပြီ ဖုန်းလိုင်းအဆက်အသွယ်ပါ တခါတလေပြတ်တောက်နေတဲ့အတွက် လတ်တလော တိုက်ပွဲအခြေအနေနဲ့ မီးရှို့ခံရတဲ့ နေအိမ်အရေအတွက်ကို အတိအကျပြောဖို့ မရသေးဘူးလို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“အဲဒါက အတိကျပြောလို့မရသေးဘူး။ မီးခိုးထွက်နေတုန်းပဲဆိုတော့  ဖုန်းလိုင်းတောင် နေရာတိုင်း မရဘူး။ လိုင်းက ပြတ်တောက်တာပါ။ လုံးဝဖြတ်ထားတာမျိုးမဟုတ်ပါဘူး” လို့ ပြောပါတယ်။

မီးရှို့ခံရတဲ့ လယ်သစ်ကျေးရွာအနောက်ကမ်းမှာ အိမ်ခြေပေါင်း ၄၀၀ ကျော်ရှိပြီးတော့ လက်နက်ကြီးတွေနဲ့ ရွာထဲပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင်လာတဲ့ နေ့ကတည်းက ရွာခံပြည်သူတွေအားလုံး ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်နေတဲ့ တနင်္သာရိမြို့နယ် လယ်သစ်ရွာဘက်မှာ အခုနှစ် ဇူလိုင် ၃၀ ရက်နေ့ က စစ်တပ်ကနေ လေကြောင်းအသုံးပြုပြီး ရွာထဲကို ဗုံးသီး ၁၃ လုံးလောက် လာကြဲသွားသေးတယ်လို့လည်း ဒေသခံပြည်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013