DVB Logo
Home
မြန်မာသတင်း
ဩဂုတ် ၃ ရက် ရေဘေးသတင်းများ
DVB
·
August 3, 2024
ဩဂုတ် ၃ ရက် ရေဘေးသတင်းများ
Donate to DVB

အုတ်တွင်းမြို့နယ်အတွင်းက ရွာ ၉ ရွာထက်မနည်း မြစ်ရေဝင်ရောက်

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်းက စစ်တောင်းမြစ်တလျှောက် ရွာတွေကို ဩဂုတ် ၂ ရက် မနက်ပိုင်းမှာ ရေစတင်ဝင်ရောက်နေပြီလို့ ရေဘေး အရေးပေါ်ကူညီရေး ကော်မတီအဖွဲ့ဝင်တွေက ပြောပါတယ်။

အုတ်တွင်းမြို့နယ်အတွင်းမှာ ရပ်ကွက် ၆ ခုနဲ့ ကျေးရွာအုပ်စု ၄၁ ခုရှိနေပြီး စစ်တောင်းမြစ်က မြို့ကို ဖြတ်သန်းစီးဆင်းနေတာကြောင့် မြစ်ရေတက်လာခဲ့လို့ မြစ်ကမ်းနံဘေးက ရွာ ၉ ရွာထက် မနည်းကို ရေတွေ ဝင်ရောက်လာခဲ့တာပါ။

ရေဝင်လာတဲ့ရွာတွေထဲမှာ အုန်းပင်၊ ဒိုးပင်သောင်၊ ကျွဲပွဲ၊ သာဂရ၊ ခေါင်ရမ်း၊ ဝါးတီး၊ ဇီးဖြူခင်အလယ်ရွာ၊ ဇီးဖြူခင်အောက်ရွာတို့ ပါဝင်ပြီး ခေါင်ရမ်းရွာနဲ့ ဝါးတီးရွာ၊ ဇီးဖြူခင်အလယ်ရွာ၊ ဇီးဖြူခင်အောက်ရွာတို့မှာ ရေအနက် ၂ ပေကနေ ၃ ပေအထိ ရှိနေတဲ့အပြင် တဖြည်းဖြည်းချင်း ရေတက်လာနေပါတယ်။

မြို့ခံလူမှုကူညီရေးအသင်း တာဝန်ရှိသူက “မနက် ၉ နာရီလောက်က စဝင်တာ။ ဒူးခေါင်းလောက်ကနေ ၂ ပေ ၃ ပေလောက်အထိ ရှိတဲ့ရွာတွေလည်း ရှိပါတယ်။ လတ်တလော ၉ ရွာလောက်ပဲ သိသေးတယ်။ ၁၅ ရွာလောက်တော့ ဖြစ်မယ်။ ကော်မတီက မြေပြင်အထိ ဆင်းပြီး စစ်ဆေးနေပါတယ်။ Camp (ရေဘေးရှောင်စခန်း) တွေဖွင့်ဖို့ ရှိပါတယ်။ အဓိက ကျန်းမာရေးနဲ့ စားဝတ်နေရေးအတွက်ပါ။ ဝါးတီး (ဝတီး) ရွာကတော့ ကမ်းပါးပြိုတာတွေလည်း ရှိနိုင်ပါတယ်။ အရင်ကလည်း ဖြစ်ဖူးတယ်” လို့ ပြောပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ဩဂုတ် ၂ ရက် နေ့လယ် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့ရဲ့ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာအနက် ၅၇၂ စင်တီမီတာအထိ ရောက်ရှိနေသလို နောက်တရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရေဘေးကြိုတင်ပြင်ဆင်ထားတဲ့အနေနဲ့ အုတ်တွင်းမြို့နယ်မှာ မြို့ခံ အရပ်ဖက်လူမှုကူညီရေး ၈ သင်းနဲ့ မြို့နယ်ထွေအုပ်၊ မီးသတ်၊ လဝက၊ လူကယ်ပြန်တို့ ပါဝင်တဲ့ ရေဘေးအရေးပေါ်ကူညီရေး ကော်မတီလည်း ဖွဲ့စည်းထားတာ တွေ့ရသလို ရေဘေးသင့်မိသားစုတွေ နေထိုင်ဖို့ ရေဘေးရှောင်စခန်း၊ ရှာဖွေရေးရေယာဉ်တွေကို ပြင်ဆင်နေကြပါတယ်။

စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက်ကို ရောက်လာရင်တော့ လတ်တလော ရေဝင်ထားတဲ့ ရွာ ၉ ရွာရှိ အိမ်ထောင်စု ၇,၅၀၀ ကျော်၊ လူဦးရေ ၃၀,၀၀၀ ကျော်နဲ့ မြစ်ကမ်းပါးတလျှောက်က ရွာတွေ၊ မြို့တွင်းရပ်ကွက်တွေမှာပါ ရေဘေးသင့်သူအရေအတွက် ပိုများလာမှာ ဖြစ်ပါတယ်။

ကျောက်တော်နှင့် မြောက်ဦးတွင် ရေကြီး

ရခိုင်ပြည်နယ်၊ မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်တို့မှာ မိုးသည်းသည်းထန်ထန်ရွာပြီး ရေကြီး နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောက်ဦးမြို့ပေါ်ရပ်ကွက်တွေနဲ့ လေးမြို့မြစ်ကမ်းဘေးကျေးရွာတွေမှာ ရေကြီးနေသလို ကျောက်တော်နဲ့ မြောက်ဦးကားလမ်းမပေါ်မှာရှိတဲ့ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာ၊ မဟာမုနိဘုရားအထိ ရေကြီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ် ၁ ရက်နေ့ နေ့လယ်ပိုင်းက မိုးကြီးပြီး ဒီရေမြင့်တက်လာတာကြောင့် ရေ ၁၀ ပေကျော်အထိ တက်နေတယ်လို့ကျောက်တော်မြို့နယ်၊ မဟာမုနိကျေးရွာသားတယောက်က ပြောပါတယ်။

“မိုးကြီးနေတာ ၂ ပတ်နီးပါးရှိနေပြီ။ အခုဒီရေလည်းတက်လာတော့ ရေက ၁၀ ပေလောက်အထိကို မြင့်တက်နေပြီ။ တချို့မြေနိမ့်တွေ ရွာတွေဆိုရင် ကုန်းမြင့်ပိုင်းတွေကို ရွှေ့ပြောင်းနေကြရတယ်။ ဒီအတိုင်းဆိုရင် ရေနစ်မြုပ်နေတဲ့ လယ်ယာတွေလည်း ပျက်စီးမှုတွေ ရှိလာနိုင်တယ်” လို့ပြောပါတယ်။

ကျောက်တော်မြို့နယ်က သရက်တပင်၊ မဟာမုနိ၊ ကျောက်တလုံး၊ စပါးဆိပ်၊ ညောင်ချောင်း ကျေးရွာတို့အပါဝင် ကျေးရွာပေါင်း ၂၀ လောက်မှာ ရေကြီးနေတာဖြစ်ပြီး မြောက်ဦးမြို့နယ်မှာလည်း ဩဂုတ် ၂ ရက်နေ့ နေ့လယ်ပိုင်းကစလို့ စမြို့ပေါ်ရပ်ကွက်တွေမှာရေကြီးနေပြီး လှေတွေနဲ့ သွားလာနေကြရတယ်လို့ မြောက်ဦးမြို့ခံတယောက်က ပြောပါတယ်။

“ဩဂုတ်လ  ၂ ရက်နေ့ နေ့လယ်ပိုင်းမှာ ရေက မြို့တွင်းရပ်ကွက်တွေကို စပြီး ကြီးတာဖြစ်တယ်။ အခုကတော့ မြို့ပြင်မှာရော မြို့တွင်းမှာပါ ရေကြီးနေတယ်။ မြို့တွင်းမှာတော့ ၄ ပေကနေ ၈ ပေ နီးပါးအထိ ရေနစ်မြုပ်နေကြတာတွေရှိတယ်။ မြေနိမ့်ပိုင်းတွေမှာဆိုရင် လှေတွေနဲ့တောင် သွားလာနေကြရပြီ။ ရေသာမကျဘဲ ၃၊ ၄ ရက်လောက် ကြီးနေမယ်ဆိုရင် စားဝတ်နေရေး ခက်ခဲမှုတွေ ရှိလာနိုင်တယ်” လို့ ပြောပါတယ်။

မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်ကမ်းနံဘေး ကျေးရွာမှာလည်း ရေကြီးနေပြီး စိုက်ပျိုးထားတဲ့ လယ်တွေ ပျက်စီးမှာကို လယ်သမားတွေက စိုးရိမ်နေကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တို့မှာ ရေကြီးတာကြောင့် လယ်ဧက ၇ သောင်းကျော်ပျက်စီးခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013