DVB Logo
Home
မြန်မာသတင်း
ဟိုက်ဂင် ဆွေးနွေးပွဲမတက်သည့် စစ်ကောင်စီ ရှမ်းမြောက်နယ်မြေအားလုံး ဆုံးရှုံးရနိုင်
DVB
·
August 2, 2024
ဟိုက်ဂင် ဆွေးနွေးပွဲမတက်သည့် စစ်ကောင်စီ ရှမ်းမြောက်နယ်မြေအားလုံး ဆုံးရှုံးရနိုင်
Donate to DVB

ဟိုက်ဂင် ဆွေးနွေးပွဲမတက်ဘူးလို့ အာဏာသိမ်းစစ်တပ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းကို ညီနောင်တိုင်းရင်းသားမဟာမိတ် ၃ ဖွဲ့က အလုံးစုံ ထိန်းချုပ်သွားနိုင် ခြေပိုများသွားပြီလို့ စစ်ရေးကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

စစ်ကောင်စီဘက်က မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့နဲ့ တရုတ်နိုင်ငံကူမင်းမြို့မှာ ဆွေးနွေးပြီး သဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ ဟိုက်ဂင်သဘောတူစာချုပ်ကို ဆက်လက်ဆွေးနွေးတော့မှာ မဟုတ်ဘူးလို့ စစ်တပ်ထောက်ခံတဲ့ မီဒီယာတွေက သတင်းဖော်ပြလာပါတယ်။

ဟိုက်ဂင်ဆွေးနွေးပွဲကို မတက်တော့ဘူးလို့ အာဏာသိမ်းစစ်ကောင်စီရဲ့ဆုံးဖြတ်ချက်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အခုထက်ပိုပြီးစစ်ပွဲအရှိန်မြှင့်လာနိုင်သလို  စစ်ကောင်စီတပ်တွေဟာ ရှမ်းပြည်နယ်မြေအားလုံးကို ဆုံးရှုံးသွားနိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပြော ပါတယ်။

တရုတ်နိုင်ငံ ကူမင်းမြို့မှာဆွေးနွေးခဲ့တဲ့ ဟိုက်ဂင်သဘောတူစာချုပ်ဟာ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်ဖွဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ အာရက္ခတပ်တော် (AA) အဖွဲ့တွေရဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ ပေါ်ပေါက်လာခဲ့တဲ့ သဘောတူညီချက် ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေဟာ ခုခံနိုင်ခြင်းမရှိဘဲ တပ်ရင်းစစ်ဌာနချုပ်တွေအပါအဝင် နယ်စပ်ဒေသအရ အရေးပါတဲ့မြို့တွေနဲ့ နယ်မြေအများအပြားကို လက်လွှတ်လိုက်ရတဲ့အထိ စစ်ကောင်စီတပ်တွေဟာ တိုက်ခိုက်ရေးစွမ်းရည်ကျဆင်းနေတာပါ။

တရုတ်နယ်စပ်ကုန်သွယ်ရေးပါ ရပ်တန့်သွားတဲ့အထိ စစ်အရှိန်မြင့်လာတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကို  လျော့ချပြီး နှစ်နိုင်ငံကုန်သွယ်မှု ပြန်လည်စတင်နိုင်ဖို့အတွက် တရုတ်နိုင်ငံရဲ့ကြားဝင်စေ့စပ်မှုတွေနဲ့ စစ်ကောင်စီဟာ မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့ကို တရုတ်နိုင်ငံကူမင်းမြို့မှာ ၅ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ပေဲ့ ဒီလထဲမှာကျင်းပဖို့ရှိနေတဲ့ ၆ ကြိမ်မြောက်ဆွေးနွေးပွဲကို မတက်တော့ဘူးလို့ ဆုံးဖြတ်လိုက်တာပါ။

ကူမင်းဆွေးနွေးပွဲကို မတက်တော့ဘူးလို့ အာဏာသိမ်းစစ်တပ်ရဲ့ ဆုံးဖြတ်ချက်ဟာ အခုထက်ပိုတဲ့ စစ်ရေးအရ လက်တုံ့ပြန်မှုကို လုပ်ဆောင်တော့မှာဖြစ်တယ်လို့ စစ်တပ်ကိုထောက်ခံတဲ့သူတွေက မှတ်ချက်ပြုပါတယ်။

သေနင်္ဂအင်စတီကျု အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးကလည်း နိုင်ငံရေးအရ ဆွေးနွေးသဘောတူခဲ့ကြတဲ့ ဟိုက်ဂင်စာချုပ်ရဲ့ ရလဒ်ဟာ ထူးခြားမှုမရှိသလို ငြိမ်းချမ်းမှုလည်းမရှိတာကြောင့် စစ်ရေးဘက်ကို ပြန်လှည့်လိုက်တဲ့သဘောဖြစ်နိုင်တယ်လို့ သုံးသပ် ပြောဆိုပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့မြောက်ပိုင်းညီနောင်အဖွဲ့ ၃ ဖွဲ့ အကြားချုပ်ဆိုသဘောတူခဲ့ကြတဲ့ ဟိုက်ဂင် သဘောတူညီချက်တွေထဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိနေတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေ ဗျူဟာကုန်တွေကိုမတိုက်ခိုက်ဖို့နဲ့ စစ်ကောင်စီဘက်ကလည်း မြောက်ပိုင်း ၃ ဖွဲ့ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှု တွေမလုပ်ဖို့ပါရှိ ပါတယ်။

စစ်ကောင်စီဟာ အဲဒီစာချုပ်ထဲက သဘောတူညီချက်တွေကို ချိုးဖောက်ပြီး ညီနောင် ၃ ဖွဲ့ရဲ့ တပ်စခန်းတွေကို ဗုံးကြဲတိုက်ခိုက်တာကနေ လက်ရှိမှာ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြန်လည်ဖြစ်ပေါ်လာပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီတပ်တွေဟာ လားရှိုးမြို့ကိုရော လားရှိုးအခြေစိုက်  အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုပါ လက်လွှတ်ရတော့မယ့် အခြေအနေအထိ  တိုက်ပွဲတွေက  ပြင်းထန်လာခဲ့ပါတယ်။ 

အောင်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013