DVB Logo
Home
မြန်မာသတင်း
AD လိုင်စင်ရဘဏ်များက ထိုင်းဘတ် ၆၉ သန်းနှင့် တရုတ်ယွမ် ၉ သန်း ရောင်းချပေး
DVB
·
August 2, 2024
AD လိုင်စင်ရဘဏ်များက ထိုင်းဘတ် ၆၉ သန်းနှင့် တရုတ်ယွမ် ၉ သန်း ရောင်းချပေး
Donate to DVB

ကျပ်ငွေတန်ဖိုးထိုးကျပြီး ပြင်ပဈေးကွက်မှာ နိုင်ငံခြားငွေဈေးတွေ ထိုးတက်နေချိန် နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်း (AD) လိုင်စင်ရဘဏ်တွေက Fx Trading Platform ကတဆင့် စားဆီ၊ မြေဩဇာနဲ့ ဆေးဝါးတင်သွင်းတဲ့ ကုမ္ပဏီတွေအတွက် ထိုင်းဘတ်ငွေ ၆၉ သန်းနဲ့ တရုတ်ယွမ် ၉ သန်းတို့ကို  သြဂုတ် ၁ ရက်မှာ ရောင်းချပေးမှာဖြစ်ကြောင်း စစ်ကောင်စီ ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်ကလည်း AD လိုင်စင်ရ ဘဏ်တွေကတဆင့် စားသုံးဆီ၊ ဓာတ်မြေဩဇာနဲ့ ဆေးနဲ့ဆေးပစ္စည်း ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ သန်း စစ်ကောင်စီ ဗဟိုဘဏ်က ရောင်းချပေးခဲ့ပါတယ်။

စစ်ကောင်စီဗဟိုဘဏ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်အတွင်းမှာ နိုင်ငံခြားငွေကြေးဈေးကွက်ထဲကို စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၅ ဒသမ ၄ သန်း၊ ထိုင်းထိုင်းဘတ် ၆၉ သန်းနဲ့ တရုတ်ယွမ် ၁၄ သန်း ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။

အခုလို စစ်ကောင်စီ ဗဟိုဘဏ်က စက်သုံးဆီ၊ စားသုံးဆီ၊ ဆေးဝါးနဲ့ စိုက်ပျိုးရေး သွင်းအားစု တင်သွင်းသူတွေကို နိုင်ငံခြားငွေတွေ ထုတ်ရောင်းချပေးနေပေမဲ့ လုံလောက်တဲ့ပမာဏ မဟုတ်တာကြောင့် လုပ်ငန်းရှင်အများစုက ပြင်ပဈေးကွက်မှာပဲ အပြင်ဈေးနှုန်းနဲ့ ဝယ်ယူတင်သွင်းနေရတယ်လို့ သိရပါတယ်။

လတ်တလော ပြင်ပဈေးကွက်ထဲမှာတော့ အမေရိကန်ဒေါ်လာဈေးက တရိပ်ရိပ် မြင့်တက်နေပြီး ဒီနေ့ သြဂုတ် ၁ ရက်က မနက်ပိုင်းမှာ တဒေါ်လာကို ၅,၄ဝဝ ကျော်ထိ မြင့်တက်နေပါတယ်။

ဒါ့အပြင် ထိုင်းဘတ်ငွေဈေးကလည်း တောက်လျှောက် မြင့်တက်နေပြီး အရင်သီတင်းပတ်က ထိုင်းတဘတ်ကို ၁၃၈ ကျပ်ကနေ ဒီနေ့မှာ ၁၄၈ ကျပ်ဝန်းကျင်၊ တရုတ်ယွမ်ငွေကလည်း အရင်တပတ်ဈေး ၆၉၀ ကျပ် ဝန်းကျင်ကနေ ဒီနေ့ ၇၂၇ ကျပ်ဝန်းကျင်ထိ တပတ်အတွင်း အသီးသီး မြင့်တက်လာတာကို ငွေကြေးဈေးကွက်ထဲက စုံစမ်းသိရှိရပါတယ်။

Amara Maung

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013