DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စုကို နိုင်ငံတကာက အရေးယူမှု အကြိမ် ၆၀ ကျော်ပြုလုပ်၊ ပိတ်ဆို့ဒဏ်ခတ်မှု ပိုလိုအပ်
DVB
·
August 1, 2024
စစ်အုပ်စုကို နိုင်ငံတကာက အရေးယူမှု အကြိမ် ၆၀ ကျော်ပြုလုပ်၊ ပိတ်ဆို့ဒဏ်ခတ်မှု ပိုလိုအပ်
Donate to DVB

စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုပေါင်း ၆၁ ကြိမ်ပြုလုပ်ခဲ့ပြီး အမေရိကန်နိုင်ငံက ပိတ်ဆို့ ဒဏ်ခတ်မှု ၂၁ ကြိမ်နဲ့ အများဆုံးပြုလုပ်ခဲ့တာဖြစ်တယ်လို့ DVB ရဲ့ စုဆောင်းထားတဲ့ ဒေတာတွေ အရသိရပါတယ်။

စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်းမှာ စစ်ကောင်စီရဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်နဲ့ ပတ်သက်ဆက်နွှယ်သူတွေအပေါ်  နိုင်ငံတကာက  အရေးယူဒဏ်ခတ်မှုပေါင်း ၆၁ ကြိမ် ပြုလုပ်ခဲ့တာမှာ အမေရိကန်အစိုးရရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေက အများဆုံးဖြစ်ပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပြုလုပ်ခဲ့တဲ့ အရေးယူဒဏ်ခတ်မှုပေါင်း ၂၁ ကြိမ်မှာ လူပုဂ္ဂိုလ် ၉၃ ယောက်နဲ့  အဖွဲ့အစည်း ၄၉ ခုကို ဒဏ်ခတ်ထားတဲ့အပြင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကိုလည်း  ငွေကြေးဝန်ဆောင်မှုတွေ  ကန့်သတ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်အစိုးရရဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနကလည်း အဖွဲ့အစည်း ၈ ခုကို ပို့ကုန်သွင်းကုန်လုပ်ငန်းတွေ ကန့်သတ်ထားပါတယ်။

ဥရောပသမဂ္ဂ (EU) ၊ အမေရိကန်တို့အပါအဝင် အာရှနိုင်ငံတွေရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေက စစ်ကောင်စီအပေါ် ထိရောက်မှု ရှိသလို တော်လှန်ရေးအပေါ်မှာလည်း အကျိုးသက်ရောက်တဲ့အတွက် ဆန်ရှင်တွေပြုလုပ်ဖို့ ဆက်လက်ပြီးတောင်းဆို သွားမယ်လို့ သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ရဲ့  ပြင်ပဆက်ဆံရေးတာဝန်ခံက ပြောပါတယ်။

“အခုဆိုရင် စင်ကာပူအခြေစိုက်ကုမ္ပဏီ ၈၀ ရာခိုင်နှုန်းကျော်ထိ ကျဆင်းသွားပြီးဆိုတာ ကျနော်တို့ မြင်တွေ့ရတယ်။ ဒါတွေကိုကြည့်မယ်ဆိုရင် နိုင်ငံတကာဆန်ရှင်ချတယ်၊ အရေးယူပိတ်ဆို့မှုတွေလုပ်တဲ့အခါ စစ်အုပ်စုအပေါ် ဘယ်လောက်ထိ ထိရောက်လဲ၊ တဖက်မှာ တော်လှန်ရေးဘက်ကို ဘယ်လောက်ထိ အကျိုးသက်ရောက်မှုရှိလဲ ဆိုတာကို ကျနော်တို့ သိသိသာသာမြင်တွေ့ရမှာဖြစ်ပါတယ်။ တော်လှန်ရေးကို ပိုအကျိုးရှိစေမယ့် နောက်ပြီး စစ်အုပ်စုကို ပိုပြီးထိစေမယ့် အရေးယူပိတ်ဆို့မှုတွေကို ပြည်သူလူထုအသံနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အသံနဲ့ အတူ ဆက်လက် တောင်းဆိုသွားမှာဖြစ်တယ်။”

ဥရောပသမဂ္ဂကနေ စစ်ကောင်စီအပေါ် အရေးယူဒဏ်ခတ်မှု ၈ ကြိမ်ပြုလုပ်ခဲ့ပြီး လူပုဂ္ဂိုလ် ၈၉ ယောက်နဲ့ အဖွဲ့အစည်း ၂၁ ခုကို ဒဏ်ခတ်ထားပြီးဖြစ်ပါတယ်။ ဒီအတွက် ယူရိုငွေကြေးနဲ့ လည်ပတ်နေတဲ့ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းဟာ စစ်ကောင်စီဆီ ငွေကြေးစီးဆင်းမှုတွေက ရပ်တန့်ခံထားရတာလည်း ဖြစ်ပါတယ်၊  

နိုင်ငံတကာအစိုးရတွေအနေနဲ့ စစ်အုပ်စုရဲ့ ရန်ပုံငွေ၊ လက်နက်နဲ့ လေယာဉ်လောင်စာဆီ သုံးစွဲနိုင်ခွင့်ပိတ်ဆို့ရေးကို  ပိုမိုလုပ်ဆောင်ဖို့ လိုအပ်နေပြီး စစ်ကောင်စီရဲ့ အကြီးမားဆုံး ၀င်ငွေရင်းမြစ်ဖြစ်တဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပေါ် အမေရိကန်အစိုးရက အပြည့်အဝ ပိတ်ဆို့မှုမချမှတ်နိုင်တဲ့အတွက် ဆန်ရှင် အကျိုးသက်ရောက်မှုတွေကို အားနည်းသွားစေခဲ့တဲ့အပြင် ကနေဒါ၊ ယူကေနဲ့ ဩစတြေးလျတို့ကလည်း MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ မတွေ့ရသေးဘူးလို့ Justice for Myanmar ရဲ့  ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကလည်း ပြောပါတယ်။

လူပုဂ္ဂိုလ်တွေကို ပိတ်ဆို့ဒဏ်ခတ်တာက ထိရောက်မှုအားနည်းပြီး ဘဏ်လုပ်ငန်းစနစ်နဲ့ ငွေကြေးလုပ်ငန်းစဉ်တွေကို ပိတ်ဆို့နိုင်မှာသာ စစ်ကောင်စီ ပြိုလဲဖို့ အဓိကအသက်သွေးကြော ဖြစ်တယ်လို့ ဘောဂဗေဒပညာရှင် ဒေါက်တာ မင်းမင်းသော်က သုံးသပ်ပါတယ်။

“Banking system ကို ကိုင်ရင်တော့ ထိရောက်မှုရှိတယ်၊ လူတဦးချင်းကို boycott လုပ်ရင် သိပ် မထိရောက်ဘူး။ ဘာကြောင့်လဲဆိုတော့ အမေရိကန်တနိုင်ငံတည်းကပဲ actively boycott လုပ်နေတာ။ European နိုင်ငံတွေက မပူးပေါင်းကြဘူးဖြစ်နေတယ်။ ဗဟိုဘဏ်ကိုသူတို့ boycott လုပ်ခဲ့မယ်ဆိုရင်တော့ ဒါက အရမ်းကို ထိရောက်မှာ ဖြစ်တယ်။ သူတို့ရဲ့ အသက်သွေးကြောကို လုံးဝဖျစ်ညှစ်တာပေါ့ သိတယ်မလား။ ဗဟိုဘဏ်ကို အမေရိကကနေ boycott လုပ်ခဲ့ရင် လုပ်နိုင်ခဲ့ရင် that’s will be very very effective (အရမ်းထိရောက်မယ်)။ စစ်ကောင်စီရဲ့ ကျဆင်းတဲ့ down fall က ပိုပြီး မြန်သွားမယ်”လို့ ပြောပါတယ်။

ကနေဒါအစိုးရကလည်း အရေးယူဒဏ်ခတ်မှု ၉ ကြိမ်ချမှတ်ခဲ့ပြီး လူပုဂ္ဂိုလ် ၈၉ ယောက် နဲ့  အဖွဲ့အစည်း ၄၁ ခုကို ဒဏ်ခတ်ထားပြီး၊ နယူးဇီလန်အစိုးရက ခရီးသွားလာခွင့်ပိတ်ပင်မှု ၃ ကြိမ်မှာ လူပုဂ္ဂိုလ် ၅၈ ယောက်ကို ခရီးသွားလာခွင့် ပိတ်ပင်ထားပြီးဖြစ်ပါတယ်။ 

ယူကေရဲ့ အရေးယူဒဏ်ခတ်မှု ၁၈ ကြိမ်ထဲ လူပုဂ္ဂိုလ် ၂၈ ယောက်နဲ့ အဖွဲ့အစည်း ၃၃ ခုကို ဒဏ်ခတ်ထားပြီး ဩစတြေးလျအစိုးရကတော့ အရေးယူဒဏ်ခတ်မှု ၂ ကြိမ်ချမှတ်ခဲ့ပြီး လူပုဂ္ဂိုလ် ၁၆ ယောက်နဲ့  အဖွဲ့အစည်း ၇ ခု တို့ကို ဒဏ်ခတ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013