DVB Logo
Home
နိုင်ငံတကာ
ဒုသမ္မတလောင်း ဟားရစ်အပေါ်  လူမျိုးရေးဝေဖန်တိုက်ခိုက်ခဲ့သည့် ထရမ့်ပ်ကို  အိမ်ဖြူတော် ရှုတ်ချ
DVB
·
August 1, 2024
ဒုသမ္မတလောင်း ဟားရစ်အပေါ်  လူမျိုးရေးဝေဖန်တိုက်ခိုက်ခဲ့သည့် ထရမ့်ပ်ကို  အိမ်ဖြူတော် ရှုတ်ချ
Donate to DVB

ဒီမိုကရက်တစ် သမ္မတလောင်း ကမ်မလာ ဟားရစ်ရဲ့ လူမျိုးရေးလက္ခဏာနဲ့ ပတ်သက်ပြီး ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်ရဲ့ ဝေဖန်တိုက်ခိုက်ပြောဆိုမှုတွေဟာ လူမျိုးရေးစော်ကားမှု ဖြစ်ကြောင်း အိမ်ဖြူတော်က ဇူလိုင် ၃၁ ရက်မှာ ပြောပါတယ်။

ဇူလိုင် ၃၁ ရက်က နိုင်ငံရဲ့ အကြီးဆုံး နှစ်စဉ် လူမည်းသတင်းထောက်များ တွေ့ဆုံပွဲမှာ အငြင်းအခုံဖြစ်ပွားမှု တခုအတွင်း ထရမ့်ပ်က သူ့ရဲ့ ဒီမိုကရက်တစ်ပြိုင်ဘက် ကမ်မလာ ဟားရစ်ဟာ လူမည်း ဟုတ်၊ မဟုတ် မေးခွန်းထုတ်ခဲ့တာပါ။

ထရမ့်ပ်က သမ္မတရွေးကောက်ပွဲမှာ သူ့ရဲ့ အလားအလာရှိတဲ့ ပြိုင်ဘက်နဲ့ပတ်သက်ပြီး သူက အင်ဒီးယန်းလား၊ လူမည်းလားလို့ လူ ၁,၀၀၀ လောက်ရှိတဲ့ ပရိသတ်တွေဆီကနေ ခပ်ညံ့ညံ့ဟာသလုပ်ပြီး ရယ်သံတွေကို ချူယူသွားတယ်လို့ ဆိုပါတယ်။

သူက တချိန်လုံး အင်ဒီးယန်းဖြစ်နေပြီးတော့ ရုတ်​တရက်​ အလှည့်အပြောင်း လုပ်လိုက်တော့ လူမည်းဖြစ်သွားပြန်ရောလို့ ထရမ့်ပ်က ဟာသလုပ်ခဲ့တာပါ။

ထရမ့်ပ်ဟာ ဟားရစ်ကို ပုဂ္ဂိုလ်ရေးအရ စော်ကားမှုတွေ ပြောဆိုခဲ့ပြီးနောက် သူ့ကို အပြောအဆိုလျှော့ခိုင်းဖို့ အကြံပေးချက်တွေကိုလည်း လျစ်လျူရှုထားမယ်လို့ ပြောကြားခဲ့ပါတယ်။

သူက သိပ်သဘောကောင်းနေမှာမဟုတ်ဘူးလို့လည်း မဲဆွယ်စည်းရုံးပွဲမှာ သူ့ထောက်ခံသူတွေကို ပြောခဲ့ပါတယ်။

“ထရမ့်ပ်က အခုပြောသွားတာတွေက စက်ဆုပ်ရွံရှာစရာ ကောင်းပြီး စော်ကားတာလည်း ဖြစ်တယ်” လို့ အိမ်ဖြူတော် ပြန်ကြားရေးအရာရှိ ကာရင်းန် ယွန်ဖျယ်ရ်က ထရမ့်ပ်ရဲ့ မှတ်ချက်ကို တုံ့ပြန်ခဲ့ပါတယ်။

အခုက ခေါင်းဆောင်ဟောင်း၊ သမ္မတဟောင်း ဖြစ်နေရင် စော်ကားပြောဆိုတာ အရေးမကြီးပေမဲ့ အခုက အမေရိကန်ပြည်ထောင်စုရဲ့ လက်ရှိ ဒုသမ္မတ ကမ်မလာဟားရစ် ဖြစ်ပါတယ်။ သူ့ရဲ့နာမည်နဲ့ အချိန်ကာလကိုတော့ လေးစားမှုရှိရပါမယ်လို့ ပြောသွားပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ လက်ယာစွန်းတွေနဲ့ ကွန်ဆာဗေးတစ်တွေရဲ့ အကောင့်တွေမှာ ဟားရစ်ရဲ့ လူမျိုးရေးအထောက်အထားကို မေးခွန်းထုတ်တဲ့ သတင်းမှားတွေ ပျံ့နှံ့နေတာပါ။

ဟားရစ်ဟာ သူ့ရဲ့ လူမျိုးရေးအထောက်အထားကို ဖုံးကွယ်လိမ်ညာထားတာမရှိဘဲ သူ့ကိုယ်သူ လူမည်းနဲ့ တောင်အာရှ အမေရိကန် ၂ မျိုးလုံးအဖြစ် အသိပေးထားတာ ကြာပါပြီ။

မိခင်က အိန္ဒိယဖြစ်ပြီး ဖခင်ဟာ လူမည်းဖြစ်တဲ့ ဟားရစ်က ပထမဆုံး လူမည်းအမေရိကန် ဒုသမ္မတဖြစ်ပြီး ပထမဆုံးသော အာရှအမေရိကန် ဒုသမ္မတလည်း ဖြစ်ပါတယ်။

တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ရှိ သမိုင်းဝင် လူမည်းတက္ကသိုလ်/ကောလိပ် ကျောင်းသူများအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပွဲမှာ ဟားရစ်ကတော့ ထရမ့်ပ်ရဲ့ မှတ်ချက်အပေါ် ဒါက သဘောထားကွဲလွဲမှုနဲ့ မလေးစားမှုတို့ကို ပြသနေတဲ့ ပြဇာတ်ဟောင်းကြီး၊ နည်းဟောင်းကြီးပဲ သုံးနေတာဖြစ်တယ်လို့ ပြောကြား တုံ့ပြန်ခဲ့ပါတယ်။

အမေရိကန်ပြည်သူတွေဟာ အမှန်တရားကိုပြောတတ်တဲ့ ခေါင်းဆောင်၊ အဖြစ်မှန်နဲ့ ရင်ဆိုင်ရတဲ့အခါ ရန်ငြိုးဒေါသနဲ့ မတုံ့ပြန်တတ်တဲ့ ခေါင်းဆောင်၊ အမေရိကန်ပြည်ထောင်စုနဲ့ မတူကွဲပြားမှုတွေက ခွဲခြားလို့မရဘူး ဆိုတာကို နားလည်သဘောပေါက်နိုင်စွမ်းရှိတဲ့ ခေါင်းဆောင်မျိုးနဲ့ ထိုက်တန်ပါတယ်လို့ ဒုတိယသမ္မတ ဟားရစ်က အလေးပေး ပြောကြားခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013