DVB Logo
Home
မြန်မာသတင်း
ညီနောင်မဟာမိတ် ၃ ဖွဲ့အပေါ် အထင်မှားအောင် ပြုလုပ်နေသူများကို ထိရောက်စွာ အရေးယူမည်ဟု သတိပေး 
DVB
·
July 31, 2024
ညီနောင်မဟာမိတ် ၃ ဖွဲ့အပေါ် အထင်မှားအောင် ပြုလုပ်နေသူများကို ထိရောက်စွာ အရေးယူမည်ဟု သတိပေး 
Donate to DVB

စစ်ကောင်စီကို တိုက်နေတဲ့  မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ အမည်၊ တံဆိပ်တုံးတွေကို အသုံးပြုပြီး မြန်မာနိုင်ငံအတွင်းက ခွဲထွက်မယ်၊ နိုင်ငံအသစ် ထူထောင်မယ်ဆိုတဲ့ တရုတ်ဘာသာစကားနဲ့ ကြေညာချက်အတုတွေ ဖြန့်ဝေနေသူတွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဇူလိုင် ၂၈ ရက်မှာ သတိပေး ထုတ်ပြန်ပါတယ်။

အသိဉာဏ်မဲ့တဲ့ လူပုဂ္ဂိုလ်တချို့က ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ အဖွဲ့အစည်းအမည်၊ တံဆိပ်တုံးအသုံးပြုပြီး ညံ့ဖျင်းတဲ့ တရုတ်ဘာသာအရေးအသား၊ တိကျမှန်ကန်မှုမရှိတဲ့ ရေးပုံရေးနည်းနဲ့ Photoshop တွေကို အသုံးပြုပြီး အင်တာနက်ပေါ်မှာ ထုတ်ပြန်ချက် ၁၀ စောင်ထက်မနည်းကို သတင်းအချက်အလက်အတုတွေနဲ့ ထုတ်ပြန် တိုက်ခိုက်နေတယ်လို့ ဆိုထားပါတယ်။

အဲဒီထုတ်ပြန်ချက်အတုတွေမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့က မြန်မာနိုင်ငံက ခွဲထွက်မယ်၊ နိုင်ငံအသစ်ထူထောင်မယ်ဆိုပြီး ပါရှိပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့ကို ဖိအားပေးဖို့ ဖြစ်စေ၊ အိမ်နီးချင်းနိုင်ငံတွေက အထင်အမြင်လွဲမှားစေရန်နဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီကို အသက်ရှူအနားယူခွင့်ရရှိစေဖို့ ရည်ရွယ်ပြီး တိုက်ခိုက်နေကြတာလို့ ညီနောင်မဟာမိတ်က တုံ့ပြန်ထားပါတယ်။

ညီနောင်မဟာမိတ်(၃) ဖွဲ့ကို နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်နေတဲ့ လူပုဂ္ဂိုလ်(သို့) အဖွဲ့အစည်းတွေဟာ အီလက်ထရွန်နစ်ဥပဒေနဲ့ လူ့ဘောင်အဖွဲ့အစည်း စနစ်ကို ပြင်းထန်စွာချိုးနေခြင်းဖြစ်ပြီး ဆက်သွယ်မှုကွန်ရက်ဟာ ဥပဒေကင်းလွတ်တဲ့ နေရာမဟုတ်သလို သတင်းတုထုတ်လွင့်နေသူရဲ့ IP address ကတဆင့် စုံးစမ်းစစ်ဆေးနိုင်တာကြောင့် တိုက်ခိုက်နေသူတွေကို ရှာဖွေဖော်ထုတ်ပြီး ပြင်းထန်စွာ အရေးယူသွားမယ်လို့လည်း ဆိုထားတာဖြစ်ပါတယ်။

အခုတိုက်ခိုက်ချက်တွေဟာ စစ်ကောင်စီ လော်ဘီတွေက နိုင်ငံတဝန်း တိုက်ပွဲတွေကို လျော့ကျစေချင်တာကြောင့် ညီနောင် ၃ ဖွဲ့ကို နိုင်ငံတကာက အထင်လွဲမှားအောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ နိုင်ငံရေး လေ့လာနေသူ တဦးက ပြောပါတယ်။

“ဒီလို ကြေညာချက်အတုတွေကို ပြုလုပ်လေ့ရှိတာက စစ်ကောင်စီလော်ဘီတွေပဲ ပြုလုပ်လေ့ရှိတယ်။ အခုက ရခိုင်နဲ့ ရှမ်းမြောက်မှာ စစ်ကောင်စီက အရှုံးကြီး ရှုံးနိမ့်နေတာကြောင့် ညီနောင် ၃ ဖွဲ့ကို နိုင်ငံတကာမှာ နာမည်ဖျက်ဖို့ ကြိုးစားနေတာဖြစ်တယ်။ အထူးသဖြင့် တရုတ်အစိုးရရဲ့ ထောက်ခံမှုတွေကို ရပ်တန့်စေဖို့ ကြိုးပမ်းတာဖြစ်တယ်။”

လက်ရှိမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်( MNDAA)က လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ထားပြီး လက်ကျန်တပ်ရင်းတွေကို တိုက်ခိုက်နေသလို၊ တအာင်းတပ်(TNLA)ကလည်း ရှမ်းမြောက်နဲ့ မန္တလေးတိုင်း အစပ်က မြို့နယ်တွေကို တိုက်ခိုက် သိမ်းပိုက်နေပြီး အာရက္ခတပ်တော်က ရခိုင်ပြည်နယ်အတွင်းက သံတွဲ၊ အမ်း၊ မောင်တောမြို့နယ်တွေမှာ မြို့သိမ်းတိုက်ပွဲ တိုက်ခိုက်နေကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013