DVB Logo
Home
နိုင်ငံတကာ
ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် ဟာနီယာ့ အသတ်ခံရ
DVB
·
July 31, 2024
ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် ဟာနီယာ့ အသတ်ခံရ
Donate to DVB

ဟားမတ်စ် နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ်ဟာနီယာ့ဟာ အီရန်နိုင်ငံမြို့တော် တီဟီရန်မှာ ရှိနေစဉ် အသတ်ခံခဲ့ရတယ်လို့ ဟားမတ်စ်အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

တီဟီရန်ရှိ သူ့နေအိမ်ကို ဇီယွန်ဝါဒီတွေရဲ့ ဝင်ရောက်စီးနင်းမှုတခုအတွင်းမှာ  အသတ်ခံရတာလို့ ဟားမတ်စ်က ထုတ်ပြန်လိုက်တာပါ။

ဆိုလိုတာက ဟာနီယာ့ ရှိနေတဲ့အိမ်ကို အစ္စရေးတပ်တွေ ဝင်စီးပြီး သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သဘောဖြစ်ပြီး အစ္စရေးဘက်ကတော့ လတ်တလော မထုတ်ပြန်သေးပါဘူး။

အသက် ၆၂ နှစ်အရွယ် ဟာနီယာ့ဟာ ဂါဇာမြို့အနီးက ဒုက္ခသည်စခန်းတခုမှာ မွေးဖွားခဲ့သူဖြစ်ပြီး ၁၉၈၀ ပြည့်လွန်နှစ်တွေက ပထမ အင်တီဖာဒါလို့ အုံကြွမှုကြီးအတွင်းမှာ ဟားမတ်စ်အဖွဲ့တွင်း ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။

ဟားမတ်စ် အင်အားကောင်းလာချိန်မှာ ဟာနီယာ့လည်း ရာထူးအဆင့်ဆင့်တက်လာခဲ့ပြီး ၂၀၀၄ မှာ လျှို့ဝှက်စုပေါင်းခေါင်းဆောင်မှုအတွင်းမှာ ခေါင်းဆောင်တယောက်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

၂၀၀၆ မှာ အသိအမှတ်ပြုမခံရတဲ့ ရွေးကောက်ပွဲမှာ ဟားမတ်စ်အနိုင်ရတော့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ရဲ့ ဝန်ကြီးချုပ်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

၂၀၁၇ မှာ ဟားမတ်စ်အဖွဲ့ရဲ့ တရားဝင်ခေါင်းဆောင် ဖြစ်လာခဲ့ပြီး အမေရိကန်ကတော့ ကမ္ဘာ့ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။

နှစ်ပေါင်းများစွာအတွင်း အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ၊ ကာတာစော်ဘွား၊ တရုတ်သံတမန် စတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဟားမတ်စ်ကိုယ်စားပြု ပါဝင်ခဲ့သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဧပြီလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဟာနီယာ့ရဲ့ သား ၃ ဦး၊ မြေး ၄ ဦး သေဆုံးခဲ့ပါတယ်။

အဲဒီအချိန် ကာတာမှာရောက်နေတဲ့ ဟာနီယာ့က ဒီဖြစ်စဉ်ကြောင့် အပစ်ရပ်ရေးနဲ့ ဓားစာခံ လဲလှယ်ရေး ဆွေးနွေးပွဲအပေါ် သက်ရောက်မှုမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုဟာ ဂါဇာကမ်းမြောင်ဒေသက အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အမေရိကန် အဆိုပြုချက်ထဲမှာ အခြေအနေအသစ်တွေနဲ့ တောင်းဆိုမှုတွေ ထပ်ထည့်သွင်းထားကြောင်း ဟားမတ်စ်က ဇူလိုင် ၂၉ ရက်မှာ ပြောကြားခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေးနဲ့ အကျဉ်းသားလဲလှယ်ရေး ညှိနှိုင်းမှုတွေနဲ့ ပတ်သက်ပြီး ရောမမြို့ အစည်းအဝေးမှာ မကြာသေးခင်က ဖြစ်ပျက်ခဲ့တာတွေကို ကြားဝင်ဖျန်ဖြေသူတွေက သူတို့ဆီ အကြောင်းကြားခဲ့တယ်လို့လည်း ဟားမတ်စ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“နေတန်ယာဟုဟာ အခြေအနေသစ်တွေနဲ့ တောင်းဆိုချက်တွေကို သတ်မှတ်ခြင်းအားဖြင့် သဘောတူညီချက်တခု ရရှိဖို့ကနေ အချိန်ဆွဲခြင်း၊ နှောင့်နှေးကြန့်ကြာစေခြင်းနဲ့ ရှောင်လွှဲခြင်းဆိုင်ရာ ဗျူဟာကို ပြန်သုံးနေတာလို့ ဖျန်ဖြေသူတွေ ရှင်းရှင်းလင်းလင်းကို ပြောပြထားပါတယ်။”

တနင်္ဂနွေနေ့က အစ္စရေး၊ ကာတာ၊ အီဂျစ်နဲ့ အမေရိကန်တို့က အကြီးတန်းအရာရှိတွေ ပူးတွဲအစည်းအဝေးကို အီတလီနိုင်ငံ ရောမမြို့မှာ ပြုလုပ်ခဲ့ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့ အကျဉ်းသားလဲလှယ်ရေး အပေးအယူတွေကို ဆွေးနွေးခဲ့ကြပါတယ်။

အစည်းအဝေးအတွင်း အစ္စရေးနိုင်ငံက တင်သွင်းလာတဲ့ သဘောတူညီချက်မူကြမ်းနဲ့ စပ်လျဉ်းတဲ့ ရှင်းလင်းချက်တွေကို ဆွေးနွေးဘက် အသီးသီးက ဆွေးနွေးခဲ့ကြကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဓိကကိစ္စရပ်တွေအတွက် စေ့စပ်ညှိနှိုင်းမှုတွေကို လာမယ့်ရက်တွေအတွင်း ဆက်လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

တချိန်တည်းမှာပဲ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း သေဆုံးမှုဟာ ဆက်လက်မြင့်တက်နေပြီး လက်ရှိအချိန်ထိ သေဆုံးသူအရေအတွက် ၃၉,၀၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013