DVB Logo
Home
မြန်မာသတင်း
ပင်လောင်းစစ်ရှောင် ၁၀၀၀ ကျော်အတွက် စောင်၊ ခြင်ထောင်နှင့် အခြေခံဆေးဝါး လိုအပ်နေ
DVB
·
July 30, 2024
ပင်လောင်းစစ်ရှောင် ၁၀၀၀ ကျော်အတွက် စောင်၊ ခြင်ထောင်နှင့် အခြေခံဆေးဝါး လိုအပ်နေ
1 / 3
Donate to DVB

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်နဲ့ ပင်လောင်းမြို့နယ်အစပ်မှာ စစ်ရှောင်နေကြတဲ့ ပင်လောင်းမြို့နယ်ထဲက စစ်ရှောင် ၁၀၀၀ ကျော်အတွက် စောင်၊ ခြင်ထောင်နဲ့ အခြေခံဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတွေထံကသိရပါတယ်။

စစ်ရှောင်တွေကို စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို တောက်လျှောက်ကူညီနေခဲ့ပေမဲ့ လက်ရှိအချိန်မှာ ဆက်ပြီးကူနိုင်ဖို့ ခက်ခဲကျပ်တည်းလာတယ်လို့လည်း စစ်ရှောင်တွေကို ကူညီနေတဲ့ ဖယ်ခုံဒေသခံက ပြောပါတယ်။

''ဖယ်ခုံအနောက်ဖက်ခြမ်းမှာ အဲ့ဖက်တကြောလုံးက ဆေးရုံ၊ ဆေးခန်းတွေမရှိဘူး။ ဆေးရုံ၊ ဆေးခန်းကောင်းတွေမရှိဘူး။ ဆရာဝန်တွေမရှိဘူး။ ကျန်းမာရေး ပြဿနာကလည်း အလှမ်းဝေးတယ်။ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကြီးမားတယ်။ ပြီးတော့ လှောင်ကန်တွေနဲ့ပဲ နေရတဲ့အတွက် ယင်လုံအိမ်သာတွေလည်း မလုံလောက်ကြဘူးပေါ့။ ရေလှောင်ကန်တွေမှာလည်း ပိုးလောက်လန်းတွေများတယ်ပေါ့။ များတော့ စောင်၊ ခြင်ထောင်တွေလည်းမရှိတော့ တကိုယ်ရေသန့်ရှင်းမှုကိစ္စရပ်ကလည်း အားနည်းနေတဲ့ခါကျတော့ ကျန်းမာရေးကလည်း အခက်ခဲတွေ၊ စိန်ခေါ်မှုတွေ ကြီးမားတယ်။ အဘက်ဘက်က  လိုအပ်နေတဲ့ နေရာမျိုးပေါ့။" 

စစ်ရှောင်တွေအတွက် အဖွဲ့အစည်းတခုက စောင်နဲ့ ခြင်ထောင်တွေကို ကံစမ်းမဲစနစ်နဲ့ ဝေခဲ့တာရှိပေမဲ့ မလုံလောက်တဲ့အတွက် ခြင်မကိုက်အောင်  မီးမွေးပြီးအိပ်ကြတာလည်းရှိတယ်လို့ ပင်လောင်းစစ်ရှောင်တစ်ဦးက ပြောပါတယ်။

"စောင်တွေ၊ ခြင်ထောင်တွေ ဝေတာမျိုးတော့ရှိတယ်။ ဒါပေမဲ့ လောက်ငှမှုမျိုးမရှိပဲနဲ့ မဲနိုက်တဲ့စနစ်နဲ့ပဲ အဖွဲ့အစည်းတခုက လာလုပ်ပေးထားတာတော့ရှိတယ်။ အိမ်လုံးစေ့ ရတာမျိုးတော့မရှိဘူး။ တယောက်ကခြင်ထောင်ရရင်၊ တယောက်က စောင်ရတယ်၊ တယောက်က ဖျာရတယ် အဲ့မျိုးတော့ရှိတယ်။ ကံစမ်းမဲပေါက်တဲ့လူကျတော့ ခြင်ထောင်နဲ့ အိပ်ရတာပေါ့။ မပေါက်တဲ့လူကျတော့ ဒီတိုင်းပဲ ခြင်ကိုက်ခံပြီး အိပ်တာမျိုးလည်းမဟုတ်ဘူး။ သူတို့ကမီးမွေးတယ်။ မီးမွေးပြီး အိပ်တာမျိုးပေါ့။”

အဲ့ဒီစစ်ဘေးရှောင်တွေဟာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်ထဲက တောင်စလုံး၊ မြောက်စလုံး၊ ဘောရန်အထက်နဲ့ ဘောရန်အောက်စတဲ့ ကျေးရွာတွေက စစ်ဘေးရှောင်ပြည်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ပင်လောင်းမြို့နယ်ထဲက စစ်ဘေးရှောင်တွေဟာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလလောက်ကတည်းက ကရင်နီပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်တွေကြား ဖြစ်ပွားတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့သူတွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013