
ထိုင်းအရှေ့တောင်ပိုင်း၊ ချွန်းပူးရီးခရိုင်ထဲမှာ ရုံးခန်းဖွင့်ပြီး အလုပ်သမားကတ်တွေ လုပ်ပေးနေတဲ့ မြန်မာပွဲစား ၆ ယောက် ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ချွန်းပူးရီးခရိုင်၊ ဘန့်ပိုင်မြို့ ခလောင်းကျူရပ်ကွက်ထဲမှာ မြန်မာတချို့ ဥပဒေနဲ့မညီညွတ်တဲ့ အလုပ်သမားကတ် ဝန်ဆောင်မှုတွေ လုပ်ကိုင်နေကြောင်း သတင်းပေးပို့ချက်ရတာကြောင့် လဝကရဲ၊ နယ်မြေခံရဲနဲ့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေနဲ့အတူ ဇူလိုင် ၇ ရက်က သွားရောက် စစ်ဆေးအရေးယူခဲ့တယ်လို့ ချွန်းပူးရီးခရိုင် အလုပ်သမားရှာဖွေခန့်ထားရေးရုံး တာဝန်ရှိသူမှ သတင်းထောက်တွေကို ပြောပါတယ်။
အဆိုပါနေရာမှာ ၂ ခန်းတွဲ ၂ ထပ်တိုက်ဖြစ်ပြီး ရှေ့မှာ မြန်မာစာ ထိုင်းစာနဲ့ အလုပ်သမားကတ် ဝန်ဆောင်မှုပေးကြောင်း ဆိုင်းဘုတ်တွေ တပ်ထားတယ်။ အထဲမှာတော့ မြန်မာ ၄ ယောက်က ကွန်ပျူတာနဲ့ စာရေးစာချီလုပ်တာ၊ ဆိုရှယ်မီဒီယာကနေ လိုက်ဖ်လွှင့်ပြီး အလုပ်သမားကတ်အကြောင်း ရှင်းပြနေတာနဲ့ ဖောက်သည်တွေကို ကားနဲ့ အကြိုအပို့လုပ်ပေးတဲ့ ယာဉ်မောင်း တယောက်ကို တွေ့ရှိတယ်။
အနီးမှာ အလုပ်သမားလုပ်ဖို့ လာထိုင်စောင့်သူတွေရှိပြီး အပေါ်ထပ်မှာလည်း မြန်မာရွှေ့ပြောင်း ၈ ယောက် လာရောက်တည်းခိုနေတယ်လို့ ဆိုပါတယ်။ အဆိုပါ ၈ ယောက်မှာ ပွဲစားက အလုပ်အကိုင်ရှာပေးနေစဉ် နေစရာမရှိသေးလို့ ခဏလာတည်းနေတာ ဖြစ်တယ်။
ဆက်လက်စုံစမ်းမေးမြန်းချက်အရ နောက်ထပ် အဖွဲ့ဝင် ၂ ယောက်မှာလည်း လူ ၁၄ ယောက်ကို အလုပ်သမားရုံးသို့ သွားရောက်ပို့ဆောင်ပေးနေတယ်၊ ဝန်ဆောင်ခ တယောက်လျှင် ဘတ် ၅၀၀ နှုန်းယူတယ်။
အဲဒီရုံးခန်းမှာ ရွှေ့ပြောင်းလုပ်သားတွေကို အလုပ်သမားကတ် လုပ်ပေးတဲ့အပြင် ကားနဲ့ အသွားအလာကြိုပို့ပေးတာ၊ တည်းခိုနေထိုင်ခွင့်ပေးတာ စတဲ့ ဝန်ဆောင်မှုမျိုးစုံကို တနေရာတည်းကနေ လုပ်ဆောင်ပေးနေတယ်။ ဝန်ဆောင်ပေးသူတွေမှာလည်း သာမန် ရွှေ့ပြောင်းလုပ်သာကတ်သာ ရှိတာကြောင့် အဲဒီလို ရုံးလုပ်ငန်းဆိုင်ရာအလုပ်တွေ လုပ်ခွင့်မရှိလို့ စုစုပေါင်း ၆ ယောက်ကို အလုပ်သမားဥပဒေအရ အရေးယူဖို့ ဖမ်းဆီးထိန်းသိမ်းထားတယ်။
ဒီလို စစ်ဆေးဖမ်းဆီးတာဟာ လတ်တလောခရိုင်ထဲမှာ ၇ လ ၇ ရက် စီမံချက်နဲ့ တရားမဝင် အလုပ်သမား ဖမ်းဆီးရေးစီမံချက်နဲ့လည်း အကျုံးဝင်နေပါတယ်၊ ရှေ့ဆက်ပြီးတော့လည်း တရားမဝင် ဝင်ရောက်လုပ်ကိုင်မှုတွေ စစ်ဆေးနှိမ်နင်းသွားမယ်လို့ အလုပ်သမားရုံး တာဝန်ရှိသူက ပြောပါတယ်။
ထိုင်းအလုပ်သမားဥပဒေအရ ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားတွေဟာ ဈေးလည်ရောင်းခြင်း၊ ပွဲစား၊ ကိုယ်စားလှယ်လုပ်ခြင်း၊ ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်၊ လက်သည်းပြင်ဆိုင်၊ အနှိပ်သည်၊ ကားဒရိုင်ဘာ၊ ဧည့်လမ်းညွှန်၊ ဥပဒေဝန်ဆောင်မှု၊ ရက်ကန်းရက်၊ လက်မှုပညာနဲ့ လုံခြုံရေးအစောင့် စတဲ့ လုပ်ငန်းတွေ လုပ်ခွင့်မရှိဘူးလို့ ထုတ်ပြန်ကြေညာထားပါတယ်။
Source: Khaosod News










