DVB Logo
Home
မြန်မာသတင်း
ပဲခူးမြစ်ရေကြီးမှု လူပေါင်း ၂၀,၀၀၀ နီးပါး ယာယီရေဘေးရှောင်စခန်းများတွင် ခိုလှုံနေရ
DVB
·
July 29, 2024
ပဲခူးမြစ်ရေကြီးမှု လူပေါင်း ၂၀,၀၀၀ နီးပါး ယာယီရေဘေးရှောင်စခန်းများတွင် ခိုလှုံနေရ
1 / 10
Donate to DVB

ပဲခူးမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ပဲခူးမြစ်ရေ မြင့်တက်လာမှုကြောင့် မြို့ပေါ် ရပ်ကွက်တွေအထိ ရေဝင်နစ်မြုပ်မှုတွေ ဖြစ်ပေါ်ခဲ့ရာ ဒီနေ့ ဇူလိုင် ၂၉ ရက်အထိ အိမ်ထောင်စု ၄,၇၀၀ ကျော်ရှိ လူဦးရေ ၂၀,၀၀၀ နီးပါးခန့် ယာယီရေဘေးရှောင်စခန်းတွေမှာ ခိုလှုံနေထိုင်နေရကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်ကစပြီး မိုးသည်းထန်စွာရွာသွန်းကာ မြစ်ရေကြီးလာမှုကြောင့် ပဲခူးမြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ ကျွန်းသာယာ၊ မြို့သစ်၊ ကျောက်ကြီးစု၊ ပြင်စီ၊ ရွာသစ်၊ ဇိုင်းဂနိုင်းတောင်ပိုင်း၊ ဇိုင်းဂနိုင်းမြောက်ပိုင်း၊ ကလျာဏီရပ်ကွက်နဲ့ ကျေးရွာတွေအထိ ရေဝင်နစ်မြုပ်ခဲ့တယ်လို့ သာမဏေကျော် လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

“နေလို့မရတဲ့ အိမ်ကလူတွေရယ်၊ တချို့ကတော့ အိမ်မှာ လူစောင့်လောက်ပဲနေခဲ့ပြီး သက်ကြီးရွယ်အိုနဲ့ ကလေးတွေကို ရေဘေးရှောင်စခန်းတွေနဲ့ ဆွေမျိုးတွေအိမ်တွေကို ရွှေ့ပြောင်းပေးထားပါတယ်။ ကျွန်းသာယာ ရွှေနံ့သာဘက်က ကယ်ဆယ်ရေးစခန်း ဓမ္မာရုံတခုလည်း ရေနစ်မြုပ်လို့ ညတွင်းချင်း အရေးပေါ်ရွှေ့ပြောင်းခဲ့ရတယ်။”

လက်ရှိ ပဲခူးမြို့နယ်ထဲမှာ ရေဘေးကယ်ဆယ်ရေးစခန်း ၂၇ ခု ဖွင့်လှစ်ထားကာ ရပ်ကွက်/ကျေးရွာ အုပ်စု ၁၇ စုရှိ အိမ်ထောင်စု ၄,၇၉၃ စုမှ လူဦးရေ ၁၈,၂၁၀ ဦးကို ပဲခူးတိုင်း စစ်ကောင်စီက ရွှေ့ပြောင်းပေးခဲ့ပြီး ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်နေကြောင်း ဇူလိုင် ၂၉ ရက်ထုတ် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ဇူလိုင် ၂၈ ရက် မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ပဲခူးမြစ်ရေမှာ စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာထက် ကျော်လွန်ပြီး ၉၈၂ စင်တီမီတာကို ရောက်ရှိနေကာ နောက်ထပ် ၂၄ နာရီအတွင်း ၁,၀၀၇ စင်တီမီတာကို ရောက်ရှိနိုင်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အလားတူ ပဲခူးမြို့မှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၈ ရက်က မိုးရေချိန် ၇ ဒသမ ၈၇ လက်မ ရွာပြီး ရေဘေးကယ်ဆယ်ရေးစခန်း ၂၉ ခု ဖွင့်လှစ်ခဲ့ကြောင်းနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၉ နှစ်အတွင်း အများဆုံးဖြစ်တယ်လို့ မိုးဇလဌာနက ထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013