DVB Logo
Home
မြန်မာသတင်း
မြန်မာအတွက် ထိုင်းနိုင်ငံက လူသားချင်းစာနာမှု အကူအညီ ဘတ် ၉ သန်းဖိုး ပေးမည်
DVB
·
July 29, 2024
မြန်မာအတွက် ထိုင်းနိုင်ငံက လူသားချင်းစာနာမှု အကူအညီ ဘတ် ၉ သန်းဖိုး ပေးမည်
Donate to DVB

မြန်မာနိုင်ငံအတွက် ထိုင်းအစိုးရက လူသားချင်းစာနာထောက်ထားမှုအကူအညီ ဘတ်ငွေ ၉ သန်းဖိုး ပေးအပ်သွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဇူလိုင် ၂၈ ရက်က ပြောတဲ့အ‌ကြောင်း Bangkok Post သတင်းမှာ ဖော်ပြပါတယ်။

လာအိုနိုင်ငံမြို့တော် ဗီယန်ကျင်းမှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အ စည်းအဝေးအပြီးမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုင်းမာရစ်ဆငဲမ်ဖုန်းက ခုလိုပြောလိုက် တာဖြစ်ပြီး ထိုင်းနိုင်ငံကနေ လူသားချင်းစာနာထောက်ထားမှု အကူအညီ အမေရိကန် ဒေါ်လာ ၂၅၀,၀၀၀ ကို အာဆီယံ လူသားချင်းစာနာမှု အကူအညီနှင့် သဘာဝဘေးဆိုင်ရာ ညှိနှိုင်းရေးဗဟိုဌာန (AHA Centre) ဆီ ပေးအပ်သွားဖို့ ကတိပြုခဲ့တာပါ။

အာဆီယံလူသားချင်းစာနာမှုအကူအညီအတွက် AHA Centre ဟာ မြန်မာ နိုင်ငံအကျပ်အတည်းမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ ပေးအပ်ရာမှာ အခန်းကဏ္ဍတခုအဖြစ် ပါဝင်နေပြီး ဒီအကူအညီဟာ သီးသန့်မဖြစ်ရဘူးလို့လည်း သူက ပြောပါတယ်။

“လူသားချင်းစာနာထောက်ထားမှုအကူအညီကနေ အကျိုးကျေးဇူးတွေကို မြန်မာနိုင်ငံက ပြည်သူတွေအားလုံး အမှန်တကယ် ရနိုင်ရမယ်” 

တချိန်တည်းမှာပဲ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အလွတ်သဘော ညှိနှိုင်းဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအကျပ်အတည်းနဲ့ ပတ်သက်ပြီးတော့ ပွင့်လင်းမြင်သာပြီးတော့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုပြုလုပ်ဖို့ ထိုင်းနိုင်ငံရဲ့ အကြံပြုချက်ကို ထောက်ခံအားပေးခဲ့ ကြတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံရဲ့ အကြံပြုချက်မှာတော့ မြန်မာ့ အိမ်နီးချင်းနိုင်ငံတွေ၊ အမေရိကန်၊ တရုတ်၊ ကုလသမဂ္ဂနဲ့ လာအိုနိုင်ငံလို အာဆီယံမှာ အရေးပါတဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်နေတဲ့ သက်ဆိုင်သူအားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တ်နို မာဆူဒီကလည်း မြန်မာနိုင်ငံမှာ ဆိုး ရွားနေတဲ့ အခြေအနေတွေအတွက် အဖြေရှာဖို့ အရေးတကြီး လိုအပ်နေသလို အွန်လိုင်း လိမ်လည်မှုတွေနဲ့ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေလို နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုတွေ မြင့်တက်လာမှုကို ရပ်တန့်ဖို့လည်း ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ပြည်သူပေါင်း ၃ သန်းကျော်ရှိလာပြီလို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

မြန်မာလူထုအတွက် AHA Centre ကအကူညီတွေပေးပို့ရာမှာ စစ်ကောင်စီဆီကနေ တဆင့်ပေးပို့တာဖြစ်တဲ့အတွက် အမှန်တကယ် အကူအညီလိုနေတဲ့ ပြည်သူတွေ အကူညီတွေမရောက်ဘူးလို့ အရပ်ဖက်အဖွဲ့အစည်းတွေက ဝေဖန်ထောက်ပြနေကြ ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့်  ထွက်ပြေးခိုလှုံလာသူတွေကို လက်ခံပေးဖို့နဲ့ ကာကွယ် စောင့်ရှောက် ကူညီပေးဖို့  မြန်မာ့ အိမ်နီးချင်းနိုင်ငံတွေကို တိုက်တွန်းထားပါတယ်။

ဒါ့အပြင် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လွယ်ကူ ချောမွေ့စွာ ပို့ဆောင်ပေးဖို့ တိုင်းရင်းသားနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကနေ တဆင့် ဆောင်ရွက်တဲ့ နည်းလမ်းတွေအပါအဝင် အကြမ်းဖက်စစ်တပ်ရဲ့ အတားအဆီးတွေကို ကျော်လွှားကာ မရှိမဖြစ်လိုအပ်သောအကူအညီတွေ လိုအပ်နေသူတွေထံ တိုက်ရိုက် ပေးပို့နိုင်မယ့် ယန္တရား ထူထောင်ဖို့လည်း တိုက်တွန်းထားပါတယ်။

Source: Bangkokpost 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013