
ရှမ်းပြည်တောင်ပိုင်းဒေသတည်ငြိမ်ရေးနဲ့ ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်၊ ပစ္စည်းဥစ္စာတွေ ပျက်စီးဆုံးရှုံးမှုမဖြစ်စေဖို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အနေနဲ့ ပြည်သူလူထုနဲ့ လက်တွဲပူးပေါင်းပြီး ကာကွယ်စောင့်ရှောက်သွားမယ်လို့ ဇူလိုင် ၂၉ ရက်မှာ ထုတ်ပြန် ကြေညာပါတယ်။
RCSS/SSA ဟာ အဖွဲ့အစည်းရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၆ လပတ်အစည်း အဝေးကို ဇူလိုင် ၂၆ ရက် မှ ၂၈ ရက်ထိ ဌာနချုပ် လွိုင်တိုင်းလျန်းမှာ ကျင်းပခဲ့အပြီး ထုတ်ပြန်တာပါ။
အပစ်အခတ်ရပ်စဲရေးဆောင်ရွက်နိုင်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည် ဆောက်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းဆောင်ရွက်သွားဖို့ကိုလည်း RCSS က တိုက်တွန်းပါတယ်။
လတ်တလော ရှမ်းပြည်မြောက်ပိုင်းကတိုက်ပွဲတွေကြောင့် ပြည်သူလူထုတွေဟာ အိုးအိမ ပစ္စည်းဥစ္စာတွေပျက်စီးဆုံးရှုံးတာ၊ သေဆုံးဒဏ်ရာရတာ၊ နေရပ်စွန့်ခွါစစ်ဘေးရှောင်နေရတာတွေ ကြုံတွေ့နေရတဲ့အပြင် ကလေးတွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ အတိဒုက္ခအခက် အခဲကြုံတွေ့ နေရတဲ့အပေါ် RCSS/SSA အနေနဲ့ များစွာ စိတ်မကောင်းဖြစ်မိတယ်လို့ ဆိုပါတယ်။
စစ်တပ်ကနိုင်ငံတော်အာဏာကို သိမ်းယူပြီးတဲ့နောက်ပိုင်း ၃ နှစ်ကျော်ကာလမှာ အကျိုး ဆက်အားဖြင့် တိုင်းပြည်အနှံ့တိုက်ပွဲတွေ စဉ်ဆက်မပြတ်ဖြစ်ပွါးခဲ့တယ်၊ စီးပွါးရေးကျဆင်းတာ၊ လူအခွင့်အရေးချိုးဖောက်မှုများပြားလာတာ၊ တရားဥပဒေစိုးမိုးမှုအားနည်းတာတွေကြောင့် နေရာဒေသအသီးသီးမှာ လူဆိုးသူခိုးဓားပြတွေများပြားလာတာတွေဟာလည်း ပြည်သူလူထုကို လူမှုဒုက္ခအဝဝနဲ့ အခက်အခဲများကြီးစွာကြုံတွေ့စေခဲ့ကြောင်း RCSS ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
RCSS/SSA ဟာ ဦးသိန်းစိန်လက်ထက်မှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA မှာပါဝင်ချုပ်ဆိုထားခဲ့ပြီး ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီး နောက်မှာလည်း NCA ကိုဆက်လက်ထိန်းသိမ်းပြီး စစ်ကောင်စီ ဖိတ်ခေါ်တဲ့ အစည်းအဝေးတွေ ကိုလည်း တက်ရောက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။










