DVB Logo
Home
မြန်မာသတင်း
လားရှိုးထောင်ပွင့်ပြီး နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားများ လွတ်မြောက်
DVB
·
July 29, 2024
လားရှိုးထောင်ပွင့်ပြီး နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားများ လွတ်မြောက်
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊  လားရှိုးအကျဉ်းထောင် ဇူလိုင်  ၂‌၈ ရက်မှာ ပွင့်သွားပြီး နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသားတွေ လွတ်မြောက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရာဇသတ်ကြီး ပုဒ်မ - ၁၂၂၊ ရာသတ်ကြီးပုဒ်မ - ၅၀၅ (က) ၊ပုဒ်မ - ၅၀၅ (ခ) တို့နဲ့ ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရတဲ့ NLD ဗဟိုအလုပ်အမှုဆောင်နဲ့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် အပါအဝင် နိုင်ငံရေးအကျဉ်းသား အမျိုးသား ၃၀၀၊  အမျိုးသမီး ၇၀ လွတ်မြောက်သွားပြီး ရိုးရိုးအကျဉ်းသားဦးရေတော့ မသိဘူးလို့ တော်လှန်ရေးမှာ ပါဝင်နေတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

လားရှိုး အကျဉ်းထောင်ကို ဖွင့်ပေးသူက ဒုတိယထောင်ပိုင်ဖြစ်တယ်လို့ ကြားရပြီး လက်ရှိ ဒဏ်ရာနဲ့ ပြေးနေတာလို့ လားရှိုးဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

“လွှတ်ပေးလိုက်တာပါ။ ရှော့တိုက်ဒုံးတွေ အများကြီးကျတာကြောင့် အားလုံးက အသက်တွေနဲ့မလို့ပါ။ ကိုယ့်နေရပ်ကို တန်းတန်းမတ်မတ် ပြန်ကြရင်ပဲ ၀မ်းသာလှပါပြီ။

ဇူလိုင် ၂၇ ရက်‌ကတည်းက လားရှိုးအကျဉ်းထောင် ထောင်ပိုင်နဲ့ ဒုတိယထောင်ပိုင်တို့ ရှောင်ပြေးသွားတာဖြစ်ကာ လားရှိုးထောင်ကို တပ်ဆုတ်ခွာရင်းနဲ့ စစ်ကောင်စီတပ်မဟာ ၁၄ မှူးရဲ့ အမိန့်နဲ့ ဖွင့်ပေးလိုက်တာဖြစ်ကြောင်း၊ ထောင်အပွင့်ကို အကာအကွယ်ယူပြီး တိုင်းစစ်ဌာနချုပ် အတွင်းကို ဆုတ်ခွာပူးပေါင်းနိုင်ဖို့ ဖွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း CDM အရာရှိဟောင်း ဗိုလ်ကြီး  ဇင်ယော်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။

လားရှိုးဒေသခံ တဦးက “လားရှိုး ထောင်ပွင့်သွားတယ်လို့ ကြားတယ်။ အကျဉ်းသားတွေ အကုန်ပြေးပြီတဲ့။ ဝန်ထမ်းတွေ ဖွင့်ပေးသွားတာပဲ ဖြစ်မယ်။ ခံချရင် သေမယ့်အတူတူ ထင်တာတော့ ဝန်ထမ်းတွေ လွှတ်ပေးပြီး သူတို့လည်း ရောပြေးတာပေါ့" လို့ ပြောပါတယ်။

လက်ရှိ လားရှိုးထောင်ကနေ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို  MNDAA က စောင့်ရှောက်ထားတယ်လို့ သတင်းတွေထွက်နေပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တပ်မှူး  မောင်ဆောင်းခက “ဦးထွန်းထွန်းဟိန်နဲ့ နိုင်ကျဉ်းတချို့ကို ရှာဖွေနေပါတယ်။ တိုက်ပွဲဖြစ်နေရင်း ထောင်ပွင့်သွားတော့ အကုန်လုံး လွတ်ရာကျွတ်ရာ ပြေးကြရင်း အဆက်အသွယ်လည်း သေချာမရလိုက်ပါဘူး။ ဘေးကင်းရာမှာ ရှိနေမယ်လို့တော့ ယုံကြည်ပါတယ်”လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ရေးထားပါတယ်။

လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း MNDAA ဘက်က ဇူလိုင် ၂၅ ရက်  အသိပေး ကြေညာစာ ထုတ်ပြန်ထားပေမယ့် လက်ရှိ လားရှိုးမြို့တွင်း တချို့ နေရာတွေဘက်မှာ တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013