DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှု အာဆီယံ ပြစ်တင်ရှုတ်ချ
DVB
·
July 28, 2024
မြန်မာနိုင်ငံ၌ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှု အာဆီယံ ပြစ်တင်ရှုတ်ချ
Donate to DVB

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ ပြည်တွင်းစစ်အတွင်း အရပ်သား ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကို အာဆီယံက  အပြင်းအထန် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

လာအိုနိုင်ငံ၊ မြို့တော် ဗီယန်ကျင်းမှာ ကျင်းပပြီးစီးသွားတဲ့ ၅၇ ကြိမ်မြောက်အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးနဲ့ပတ်သက်ပြီး ဇူလိုင် ၂၇ ရက်က ပူးတွဲကြေညာချက်ထုတ်ပြန်ရာမှာ အခုလို ရှုတ်ချထားတာဖြစ်ပါတယ်။

“အရပ်သား ပြည်သူတွေနဲ့ ပြည်သူ့ အဆောက်အအုံတွေအပေါ် ဆက်လက်အကြမ်းဖက်နေတဲ့ လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ချက်ချင်း အပစ်အခတ် ရပ်စဲသွားဖို့ တောင်းဆိုပါတယ်။ မဆင်မခြင် လက်လွတ်စပယ် အကြမ်းဖက်မှုတွေကို ချက်ချင်းဟန့်တားနိုင်ဖို့အတွက် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းနဲံ ခိုင်မာတဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားဖို့ လည်း သက်ဆိုင်တဲ့အဖွဲ့အားလုံးကို တိုက်တွန်းပါတယ်” လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ချက်ချင်း ဖြည့်ဆည်းပေးဖို့ လိုအပ်ကြောင်းနဲ့ အကူအညီလိုအပ်နေတဲ့ မြန်မာပြည်သူတွေကို ခွဲခြားမှုမရှိဘဲ လူသားချင်းစာနာမှု အကူအညီအထောက်အပံ့တွေ ဘေးကင်းလုံခြုံစွာနဲ့ ပွင့်လင်းမြင်သာစွာ ထောက်ပံ့ပေးနိုင်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရာမှာ အာဆီယံခေါင်းဆောင်တွေ ချမှတ်ထားတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အဓိကလမ်းညွှန်အဖြစ်  ဆက်လက်ပြီးကိုင်စွဲသွားမှာ ဖြစ်ပြီး ဘုံသဘောတူညီချက် ၅ ရပ်ကို ပြည့်စုံကျယ်ပြန့်တဲ့သုံးသပ်မှုတွေလည်း ပြန်လုပ်သွားမယ်လို့  အာဆီယံကြေညာချက်မှာ ဖော်ပြထားပါတယ်။

အာဆီယံအနေနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ဘုံသဘောတူညီချက် ၅ ရပ်ကို တွန်းအားပေး ဆောင်ရွက်နေပေမဲ့ မြန်မာစစ်ခေါင်းဆောင်ဘက်ကတော့ အဲဒီအစီအစဉ်ကို မျက်ကွယ်ပြုနေဆဲ ဖြစ်တဲ့အတွက် အာဆီယံရဲ့ စွမ်းဆောင်နိုင်စွမ်းနဲ့ အများယုံကြည် လက်ခံနိုင်စွမ်းနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာတွေလည်း မြင့်တက်နေပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှ်နန်က ကလည်း   မြန်မာစစ်တပ်ရဲ့ စိတ်ဆန္ဒမရှိမှုကြောင့်   အာဆီယံ  ဘုံသဘောတူညီချက် ၅ ရပ်ဟာ တိုးတက်မှု အရမ်းနည်းလွန်းတယ်လို့  သတင်းထောက်တွေကို  ပြောပါတယ်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်းကလည်း အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကိုလေးစားလိုက်နာဖို့နဲ့  ပဋိပက္ခတွေ ဖြေရှင်းဖို့ မတူကွဲပြားတဲ့ နည်းလမ်းနဲ့ လုပ်ဆောင်ဖို့လည်း မြန်မာစစ်အာဏာရှင်ကို  တိုက်တွန်းထားပါတယ်။

လာအိုနိုင်ငံမှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနဲ့အတူ အမေရိကန်၊ ဩစတြေးလျ၊ ရုရှား၊ တရုတ်နဲ့ ဂျပန်နိုင်ငံတို့အပါအဝင် အာဆီယံ မိတ်ဖက်နိုင်ငံတွေနဲ့ ပြုလုပ်တဲ့ ဒေသတွင်းဆွေးနွေးပွဲတွေလည်း ဆက်လက်ကျင်းပခဲ့တာဖြစ်ပါတယ်။

လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့  နိုင်ငံခြားရေးဝန်ကြီး ဆလွမ်ဇိုင်ကွမ်မာစစ်က “ဒေသတွင်း လုံခြုံရေးဆိုင်ရာ အဓိကအကြောင်းအရာတွေကို ဆွေးနွေးဖက်မိတ်ဖက်တွေနဲ့ ပွင့်ပွင့်လင်းလင်း အကျိုးရှိရှိ အမြင်ချင်း ဖလှယ် ဆွေးနွေးနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

ဆွေးနွေးပွဲတွေမှာတော့ အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ ပြည်တွင်းစစ်အတွင်း အကြမ်းဖက်မှုတွေ မြင့်တက်လာနေတဲ့ကိစ္စနဲ့ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှာ ကမ္ဘာ့အရေးပါဆုံး ရေလမ်းကြောင်းတွေထဲက တခုဖြစ်တဲ့ တောင်တရုတ်ပင်လယ် အတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့နဲ့ တရုတ်နိုင်ငံတို့ကြား ရေကြောင်းပိုက်နက် အငြင်းပွားမှုကိစ္စတွေကို အလေးပေး ဆွေးနွေးကြတာပါ။

မြန်မာနိုင်ငံမှာ ပြည်သူ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို စစ်တပ်က ဖြုတ်ချပြီး အာဏာသိမ်းခဲ့မှုနဲ့ ဒီမိုကရေစီစနစ် ပြန်လည်ကျင့်သုံးရေး ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြသူတွေကို အကြမ်းဖက် ဖြိုခွင်းခဲ့မှုတွေက အကြမ်းဖက်မှုတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေ ပိုမိုမြင့်တက်စေဖို့ ဦးတည်စေခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် လူပေါင်း ၅၄၀၀ ကျော် သေဆုံးခဲ့ရပြီး လူပေါင်း ၂၇၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း သိရပါတယ်။

ဒါ့အပြင် နိုင်ငံအတွင်း လူပေါင်း ၃ သန်းကျော် နေရပ်စွန့်ခွာခဲ့ရပြီး တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့အတွက် စစ်ရှောင်ဒုက္ခသည် အရေအတွက်ဟာ နေ့စဉ်ဆိုသလို တိုးလာနေပါတယ်။

Source-AP

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013