DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စုကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲကို လက်မခံရန် အာဆီယံကို NUG တိုက်တွန်း
DVB
·
July 28, 2024
စစ်အုပ်စုကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲကို လက်မခံရန် အာဆီယံကို NUG တိုက်တွန်း
Donate to DVB

စစ်ကောင်စီက ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို လုံးဝငြင်းပယ်ဖို့နဲ့ စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေးအတွက် ကြိုးပမ်းတိုက်ပွဲဝင်နေကြတဲ့  မြန်မာပြည်သူလူထုကို အားပေးထောက်ခံဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အာဆီယံကို တိုက်တွန်းလိုက်ပါတယ်။

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှာ ကျင်းပနေတဲ့ (၅၇) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ပတ်သက်ပြီး  အမျိုးသားညီညွတ်ရေးအစိုးရက ဇူလိုင် ၂၇ ရက်မှာ သဘောထားထုတ်ပြန်ရာမှာ တိုက်တွန်းလိုက်တာပါ။

အာဏာသိမ်းထားတာ ၃ နှစ်ကျော်ရှိလာပြီဖြစ်တဲ့  စစ်ကောင်စီက အခုနှစ်မှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ဖို့နဲ့ လာမယ့် ၂၀၂၅ မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့  ပြင်ဆင်ဆောင်ရွက်နေတာဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေး တရားဝင်စေဖို့ရည်ရွယ်ပြီး  စစ်အုပ်စုက ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲဟာ  မြန်မာနိုင်ငံရဲ့ လက်ရှိပြဿနာတွေကို ပြေလည်စေမှာ မဟုတ်ဘဲ၊ အခြေအနေတွေကို ပိုမိုရှုပ်ထွေးစေပြီး၊ ဒေသတွင်း မတည်ငြိမ်မှုနဲ့ မလုံခြုံမှုတွေကိုသာ ပိုဖြစ်စေမယ်လို့ NUG ကဆိုပါတယ်။

မြန်မာ့နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်ရေးဆောင်ရွက်ရာမှာ ရေတိုဆေးမြီးတို ဖြေရှင်းနည်းထက် ပြဿနာရဲ့အရင်းအမြစ်ကို ကုစားတဲ့ ရေရှည်ခံမယ့်ဖြေရှင်းနည်းတွေကို ဦးစားပေး ရှာဖွေဖို့နဲ့ အတုအယောင် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို လုံးဝငြင်းပယ်ဖို့၊ မြန်မာပြည်သူလူထုကို အားပေးထောက်ခံဖို့  NUG က အာဆီယံကို တိုက်တွန်းလိုက်ပါတယ်။

အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း၊ အကြမ်းဖက်စစ်တပ်ဟာ အာဆီယံဘုံ သဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဆောင်ခြင်းမရှိဘဲ ဆက်လက်ကျူးလွန် ဖောက်ဖျက်နေကြောင်း၊ အာဆီယံဆက်စပ်အစည်းအဝေးတွေမှာ စစ်ကောင်စီခန့် အပ်ထားသူတွေကို ဆက်လက်ကိုယ်စားပြုပါဝင်စေတာဟာ အကြမ်းဖက်စစ်တပ်ရဲ့ အကျိုးစီးပွားကိုသာ ထင်ဟပ်ပြီး၊ မြန်မာပြည်သူလူထုရဲ့ စိတ်ဆန္ဒနဲ့  ကောင်းကျိုးကို လုံး ဝထင်ဟပ်ခြင်း မရှိကြောင်းလည်း  NUG ကဆိုပါတယ်။  

လက်ရှိလာအိုနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို တက်ရောက်ခွင့် မပြုပေမဲ့ နိုင်ငံခြားရေး အတွင်းဝန် ဦးအောင်ကျော်မိုးနဲ့အဖွဲ့ကို တက်ရောက်ခွင့်ပေးထားတာဖြစ်ပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ပြင်ပဆွေးနွေးပွဲတွေမှာ   မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးကြတာရှိပြီး  စစ်ကောင်စီအနေနဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ အာဆီယံ ဝန်ကြီးတွေက တိုက်တွန်းမှုတွေလည်းရှိပါတယ်။

NUG ကတော့ အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်သုံးသပ်ဖို့တိုက်တွန်းလိုက်သလို ပိုမိုအားကောင်းတဲ့ ချဉ်းကပ်မှုနည်းလမ်းတရပ် ရှာဖွေဖော်ထုတ်ဖို့နဲ့  အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်တွေအတွက် တာဝန်ခံမှုရှိစေရေး သံတမန်ရေးအရ ဖိအားပေးမှုတွေ ပိုမိုတိုးမြှင့်လုပ်ဆောင်ဖို့ တောင်းဆိုအပ်ထားပါတယ်။  

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားနဲ့ အရပ်ဘက်အဖွဲ့အစည်း မိတ်ဖက်တွေကို  မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူလူထုရဲ့ တရားဝင်ကိုယ်စားလှယ်တွေအဖြစ် တိုက်ရိုက်ထိတွေ့ဆက်ဆံဖို့၊ လေကြောင်းတိုက်ခိုက်မှုတွေကို တားဆီးဖို့အတွက် ဂျက်လေယာဉ်လောင်စာဆီ အရေးယူ ပိတ်ဆို့မှုချမှတ်ဖို့၊ ထွက်ပြေးခိုလှုံလာသူတွေကို လက်ခံ ကာကွယ် စောင့်ရှောက် ကူညီပေးဖို့၊ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့ စတာတွေလည်း တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013