DVB Logo
Home
မြန်မာသတင်း
စစ်တပ်စခန်းကိုသိမ်းယူနိုင်သဖြင့် ကလေးဝ-မဟာမြိုင်လမ်းပြန်ဖွင့်
DVB
·
July 27, 2024
စစ်တပ်စခန်းကိုသိမ်းယူနိုင်သဖြင့် ကလေးဝ-မဟာမြိုင်လမ်းပြန်ဖွင့်
Donate to DVB

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်က စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးပြီဖြစ်လို့ ၂ လ နီးပါးကြာ ပိတ်ထားတဲ့ ကလေးဝ- မဟာမြိုင်ကားလမ်းကို ဒီနေ့ ဇူလိုင် ၂၇ ရက် ဒီကနေ့ကစလို့ ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်တယ်လို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။

မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတယောက်က “ကလေးဝ-မဟာမြိုင် လမ်းမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အောင်ချမ်းသာ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်လို့ ပြည်သူတွေအတွက် လမ်းအသုံးပြုနိုင်မှုကို ပြန်လည်ခွင့်ပြုပေးခဲ့တာပါ။ အောင်ချမ်းသာတပ်စခန်းကို ၂ လ နီးပါးကြာအောင် တိုက်ခိုက်ခဲ့ရပါတယ်။ တိုက်ခိုက်မှုအတွင်းမှာ ခရီးသွားပြည်သူတွေ ထိခိုက်နစ်နာမှု မရှိစေလိုတာကြောင့် လမ်းပိတ်ထားရတာကိုလည်း တောင်းပန်လိုပါတယ်။ ကျနော်တို့ PDF တွေဘက်ကနေ ပြည်သူတွေအခက်အခဲမဖြစ်စေဖို့ အတတ်နိုင်ဆုံးရှောင်ပါတယ်။ စစ်ရေးကိစ္စတွေနဲ့ ပတ်သက်ရင်တော့ ကြိုတင် သတင်းမပေါက်ကြားအောင် လျှို့ဝှက်ထားရတဲ့အတွက် အခု စခန်းသိမ်းတိုက်ပွဲ လုပ်မယ်ဆိုတာကို ကြိုတင်သတင်းမထုတ်ပြန်ခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ ကလေးဝ-မဟာမြိုင်ကြားက အောင်ချမ်းသာ စစ်ကောင်စီတပ်စခန်းကို ဇွန်လဆန်းပိုင်းကတည်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အခုလလယ်မှာ စစ်ကောင်စီတပ်သားတွေ ဆုတ်ခွာထွက်ပြေးသွားတဲ့အတွက် စခန်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “အောင်ချမ်းသာတပ်စခန်းက စစ်သားတွေက ကုန်းကြောင်းကနေ ပြေးတာလည်းရှိတယ်။ တချို့ကိုလည်း ရဟတ်ယာဉ်နဲ့ လာခေါ်သွားကြတယ်။ ကုန်းကြောင်းကနေ ဆုတ်ခွာသွားကြတဲ့ကောင်တွေက စစ်ဘေးရှောင် ပြည်သူ ၈ ဦးကိုလည်း သတ်ဖြတ်သွား​ကြသေးတယ်” လို့ ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအပြီး ကလေးဝ-မဟာမြိုင်လမ်းကို ဇူလိုင် ၁၇ ရက်က ပြန်လည်ဖွင့်ပေးခဲ့ပေမဲ့ မိုးတွင်းကာလ လမ်းပိုင်းပျက်စီးတာတွေကြောင့် ပြင်ဆင်ဖို့ပြန်ပိတ်ခဲ့ပြီး ဒီကနေ့ ဇူလိုင် ၂၇ ရက်မှ ပြန်လည်ဖွင့်လှစ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကလေးဝ-မဟာမြိုင်လမ်းကို ၂ လနီးပါးကြာအောင်ပိတ်ထားခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့မှာ အဲဒီလမ်းပိုင်းကိုအသုံးပြုနေတဲ့ ယာဉ်မောင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအကြား ပဋိပက္ခဖြစ်ပွားခဲ့ကြပါသေးတယ်။

ကုန်တင်ယာဉ်မောင်းတယောက်က “ဒီနေ့ လမ်းဖွင့်ပေးလိုက်ပါပြီဗျ။ ကားကြီးတွေကတော့ ဂရုစိုက် မောင်းရပါတယ်။ အတက်ကား အဆင်းကားတွေ ရာချီပြီးသွားလာနေကြပါပြီ။ ရက်ရှည် လမ်းပိတ်ရတဲ့ အကြောင်းရင်းဟာ စစ်ရေးသတင်းဖြစ်လို့ PDF တွေဘက်က ကြိုတင် သတင်းမထုတ်ပြန်တာကိုလည်း အပြစ်မပြောရက်ပါဘူးဗျာ။ သူတို့က တိုင်းပြည်အတွက် တကယ်အလုပ်လုပ်နေကြတာ။ ကျနော်တို့က မိသားစုအတွက် စီးပွားရှာနေကြတာလေ။ ရပ်တည်မှုခြင်းကမတူကြဘူး။ ကျနော်တို့ နားလည်ပါတယ်´´ လို့ ပြောပါတယ်။

ကလေးဝ-မဟာမြိုင်လမ်းပိုင်းဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းက တမူး၊ ကလေး၊ ကလေးဝမြို့တို့ရဲ့ ကုန်စည်စီးဆင်းမှုအတွက် အဓိက အားထားရတဲ့လမ်းကြောင်းဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်တပ်တို့ တိုက်ပွဲတွေဖြစ်ပွားတိုင်း လမ်းအသုံးပြုနေတဲ့ မော်တော်ယာဉ်တွေဟာ လချီကြာအောင်ရပ်တန့်စောင့်ဆိုင်းခဲ့ကြရတယ်လို့လည်း အဲဒီလမ်းကို အသုံးပြုနေတဲ့ ယာဉ်မောင်းတွေက ပြောပါတယ်။

အောင်ချမ်းသာစစ်ကောင်စီတပ်စခန်းကို ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကလေးခရိုင် တပ်ရင်း ၁၊ ၂၊ ၃၊ ၄၊ ၅ နဲ့ KG Drone တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013