DVB Logo
Home
ဆောင်းပါး
ရွံစရာ သာဝ (သရော်စာ)
DVB
·
July 27, 2024
ရွံစရာ သာဝ (သရော်စာ)
Donate to DVB

(က)

“‘ဖြုတ် ထုတ် သတ် လမ်းစဉ်’ ဟာ တကယ့်ကို ဆိုးဝါးတဲ့လမ်းစဉ်ကွ စိမ်းမောင်ရ”

“ဟုတ်တယ် မူးသာ . . . သိပ်ကြောက်ဖို့ကောင်းတဲ့ လူမိုက်တွေရဲ့ လမ်းစဉ်ပေါ့ကွာ၊ အဲသည်လမ်းစဉ် ကျင့်သုံးတဲ့ အဖွဲ့အစည်းဟာ နောက်ဆုံးတော့ ‘ကျဆုံး’ ရတာပဲ မဟုတ်လား”

“အမှန်ပဲ စိမ်းမောင်ရ၊ မင်းလည်း ဒီလမ်းစဉ်ကို ရင်းရင်းနှီးနှီး ရှိတယ်နော်”

“အေးလကွာ . . . ဒီလမ်းစဉ်ကို ကျင့်သုံးပြီဆိုတာနဲ့ အနှေးနဲ့အမြန်ပဲ အဲသည်အဖွဲ့အစည်းဟာ ပြုတ်ပြုတ်ပြုန်းတော့မှာ မဟုတ်လား”

အဘစိမ်းမောင်က ပြုံးစိပြုံးစိလုပ်ကာ အဘလုံးတုံးနှင့် ဖေကြီးတို့ကို လှမ်း၍ ကြည့်ပါလေ၏ ခင်ဗျာ။ ပြီးတော့ စကားဆက်ပါ၏။

“ဒါနဲ့ အဲသည် ‘ဖြုတ် ထုတ် သတ်’ လမ်းစဉ်ကို မင်းက ဘယ်လိုသိခဲ့တာလဲကွ”

“ဟာကွာ . . မင်းကလည်း ဟိုးအရင်က တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ ‘ဗ က ပ’ တွေ ကျင့်သုံးခဲ့တာလေ”

“ဟား ဟား ဟား ဟား ဟား ဟား”

“မင်းက ဘာရယ်တာလဲဟ”

“‘ဗ က ပ’ တွေ ကျင့်သုံးခဲ့တယ် ဆိုလို့ပါကွာ၊ အခု ‘ဖြုတ် ထုတ် သတ်’ လမ်းစဉ် ကျင့်သုံးနေတဲ့ အဖွဲ့အစည်းဟာ မင်းတို့ကိုးကွယ်နေတဲ့ ကြင်စိုး သာဝ မအလ ဘုရားဒကာကြီးရဲ့ ‘စ က စ’ နယ်လှည့်စစ်ရှုံးအဖွဲ့ကြီးဟ စိမ်းမောင်ရ”

“ဟေ . . . ဘယ် . . . ဘယ်လို”

သို့ဖြင့် အရွှင်အဘတွေက မြေပြင်က ဖြစ်ရပ် သတင်းအမှန်များနှင့် ရှင်းပြကြပါ၏။

စစ်ရှုံးကောင်စီဥက္ကဋ္ဌကြီး မအလဟာ သူခန့်ထားတဲ့ သူ့အစိုးရအဖွဲ့ဝင်တွေကို စိတ်ထင်တိုင်း ဖြုတ်နေ ထုတ်နေရာကနေ ယခုအခါမတော့ တိုင်းနဲ့ပြည်နယ်အနှံ့ စစ်မြေပြင်တွေက တိုက်တိုင်းရှုံး တိုက်တိုင်းပြေးနေသူတွေ၏ ခေါင်းဆောင် တိုင်းမှူးများ တပ်မမှူးများကို ဖြုတ်နေကြောင်း၊ ထုတ်နေကြောင်း၊ သတ်နေကြောင်း ပြောပြပါလေ၏။

“အဲဒါ ‘ဖြုတ် ထုတ် သတ်’ လမ်းစဉ်ကွ”

“အဲ . . ‘ဖြုတ်’ တာ ‘ထုတ်’ တာလောက်တော့ ရှိမှာပေါ့ကွာ၊ ‘သတ်’ တော့ မသတ်လောက်ပါဘူး လုံးတုံးရာ”

“ဟားဟား ဟားဟား ဟားဟား”

“အခု တိုင်းမှူးတွေ တပ်မမှူးတွေကို ဖြုတ်ရုံ ထုတ်ရုံ ထောင်ချရုံသာမက ‘သေဒဏ်’ ပါ ပေးနေတာဟာ ‘သတ်’ တာပေါ့ဟ ငတုံးရ”

“ဟေ . . . . .”

“အေး . . . မင်း ခုနကပြောသလိုပဲ၊ “အဲသည်လမ်းစဉ်ကို မြိန်ရေယှက်ရေ ကျင့်သုံးတဲ့ အဖွဲ့အစည်းဟာ နောက်ဆုံးတော့ ‘ကျဆုံး’ တော့မယ်” ဆိုတာ များမကြာမီကာလမှာ ငွေရောင်ပိတ်ကားပေါ်မှာ တကမ္ဘာလုံး ကြည့်ကြရတော့မှာပါတဲ့ဗျား”

“ဝါး . . ဟားဟား ဟားဟား ဟားဟား”

(ခ)

အဘစိမ်းမောင်မှာ ခေါင်းကုတ်လိုက် ဖင်ကုတ်လိုက်နှင့် ဖြစ်နေပါလေ၏။ ‘ဟှူး’ခနဲ သက်ပြင်းလေပူကြီးများလည်း ချနေပါလေ၏။

“PDF နဲ့ အခြားတော်လှန်ရေးတပ်တွေ သိမ်းလာတဲ့မြို့တွေဟာ နေ့စဉ်ရက်ဆက် တိုးလာနေပြီး မန္တလေးတို့ ပြင်ဦးလွင်တို့ လားရှိုးတို့ နေပြည်တော်တို့ကိုလည်း မင်းတို့အဘ မအလ လက်လွှတ်ရတော့မှာဟ”

“အဲ . . . အဲသည်လောက်ကြီးလည်း လွယ်မယ်မထင်ပါဘူး မူးသာရာ”

“မင်းမယုံဘူးဆိုရင် စောင့်ကြည့်နေလေ”

“‌အေး အေး  ပါ”

အဘစိမ်းမောင်၏ “အေးပါ” မှာ အားမရှိလှ။ သူတို့အဘ မအလကြီး၏ အရူးမီးဝိုင်းခံနေရတဲ့ မြေပြင်အခြေအနေကို သူတို့ လက်မခံချင်လည်း လက်ခံနေရတာကတော့ အမှန်ပဲဖြစ်ပါ၏။ ဒါပေမယ်လို့ ‘အောက်ကလည်းနေသေး’ အပြောလည်းမလျှော့သေးဘဲ ဤသို့ဆက်ပါ၏။

“မင်းတို့ PDF တွေ ဘယ်မြို့တွေ ဘယ်လိုသိမ်းသိမ်း ‘လေတပ်’ က ဗုံးမိုးရွာချရင်တော့ အမြီးကုပ်ပြီး ပြေးကြရမှာကွ . . . ဟ ဟ ဟ”

“မင်းတို့ဖက်ဆစ်တပ်မှာ အဲသည်နည်းပဲ ရှိတော့တာလေကွာ၊ မြေပြင်မှာ စစ်သားပီပီ ယောက်ျားဆန်ဆန် မျက်နှာချင်းဆိုင် မတိုက်ရဲတော့ဘူးမဟုတ်လား”

“ဟား ဟား ဟား ဟား ဟား ဟား”

အရွှင်အဘတွေက ဆက်၍ပြောသည်မှာ မအလဟာ စစ်နိုင်ဖို့အရေး စစ်နည်းဗျူဟာတွေကို မည်သို့မည်ပုံ ပြောင်းလဲကာ ကစားရမည့်အစား အရပ်တကာလှည့်ကာ ‘ယတြာ’ ချေသည့် အလုပ်တွေနှင့်သာ အချိန်ကုန်နေတာပါတဲ့။

“မင်းစဉ်းစားကြည့်ကွာ စိမ်းမောင်ရာ . . . . . မင်းသာ သူ့နေရာမှာဆိုရင် အဲသလို ရူးကြောင်မူးကြောင် ယတြာတွေ လျှောက်လုပ်နေမှာလား”

“မလုပ် . . . အဲ . . . မသိဘူးကွာ”

“ဟားဟား ဟားဟား ဟားဟား”

“အခု သူ ဖြုတ် ထုတ် သတ် လုပ်လိုက်တဲ့ စစ်တိုင်းမှူးတွေထဲမလည်း သူ့လိုပဲ ယတြာလုပ်တဲ့ကောင်ကလုပ်၊ ပဋ္ဌာန်းတွေချည်း လှည့်ပတ်ရွတ်ခိုင်းနေတဲ့ကောင်က ခိုင်းနဲ့ ဖြစ်ချင်တိုင်းကို ဖြစ်နေတော့တာပဲဟ”

“ဟမ် . . . . . .”

“ဖမ်းဆီးရမိတဲ့ ‘စစ်သုံ့ပန်း’ ရာထူးကြီးကြီးတွေကို ရှာဖွေစစ်ဆေး မှတ်တမ်းယူတဲ့အခါ သူတို့ဆီကနေ ‘အဆောင်လက်ဖွဲ့တွေ’၊ ‘ယတြာတွေ’ နဲ့ ‘ဂါထာတွေ’ တလှေကြီးကို သိမ်းဆည်းရမိသတဲ့ကွ”

“အဲ . . . . .”

“‘ခေါင်းဆောင်ရူး’ နောက်မှာ ‘နောက်လိုက်ရူးတွေ’ လည်း ရှိနေသေးတယ်လို့ ပြောရမှာပေါ့ကွာ”

“မင်းတို့အဘ မအလရဲ့ ‘ကျည်ကာအင်္ကျီ အိတ်ကပ်ထဲမှာလည်း အန္တရာယ်ကင်း ‘အဆောင်လက်ဖွဲ့’ တခုခု ရှိနေမယ်လို့ ငါ အတတ်ပြောရဲတယ်”

“ဟေ . . . . .”

“တကယ်လို့ ဒီ (--) ကြီးကို လက်ရဖမ်းမိပြီဆိုရင် သူ့ကိုယ်ခန္ဓာမှာရှာကြည့်၊ ‘အဆောင်’ တခုခု တွေ့ကိုတွေ့ရမယ်ကွ”

“ငါ . . . ငါ . . . ပြန်လိုက်အုံးမယ်”

“နေပါဦး စိမ်းမောင်ရာ . . . အပြင်မှာ မိုးတွေမှောင်လာနေပြီလေကွာ၊ ငါ သတိရမိတဲ့ ‘လက်ဖွဲ့အဆောင်ပုံပြင်လေး’ တော့ နားထောင်သွားပါဦးလား”

“ဝါး . . ဟားဟား ဟားဟား ဟားဟား”

ထိုစဉ်မှာပဲ လေရော မိုးပါ ရုတ်ချည်း သည်းသည်းမည်း ရွာချလာလေရာ ဖင်ကြွနေသည့် အဘစိမ်းမောင်မှာ ‘ဟှူး’ ကနဲ သက်ပြင်းရှည်ကြီးကိုချကာ ပြန်ထိုင်လိုက်ရပါလေ၏။

(ဂ)

“တကယ်တော့ မအလကြီးဟာ အဲသည် ဘာမှမစွမ်းတဲ့ ယတြာတွေ အဆောင်တွေကြောင့် ဒုက္ခလှလှကြီး တွေ့နေတာကွ”

“အေးပါ မူးသာရာ . . . နင်ပြောပြမယ့်ပုံပြင်လေးကို ငါတို့စိတ်ဝင်စားလို့ ပြောပြပါတော့ဟာ”

“အေးပါ လုံးတုံးရဲ့၊ ဖေကြီးလည်း စိတ်ဝင်စားပုံပဲ၊ စိမ်းမောင်လည်း ကြားချင်နေပုံပဲ . . . ဟဲဟဲ ဟဲဟဲ ဟဲဟဲ”

သည်လိုနှင့် သူ၏ဇာတ်လမ်းကို ပြောပြပါလေ၏ ခင်ဗျာ။ တခါက စီးပွားရေး လူမှုရေး ဘာသာရေးကအစ အရာရာပြည့်စုံနေပြီး အေးချမ်းသာယာလှတဲ့ ရွာကလေးမှာ သီလ သမာဓိနဲ့ ပြည့်စုံတဲ့ သူကြီး အုပ်ချုပ်နေစဉ် စာမတတ်ပေမတတ် ဉာဏ်ပညာနုံနဲ့လှတဲ့ တဇောက်ကန်း ‘သာဝ’ ဆိုတဲ့ လူမိုက်ဟာ သူ့နောက်လိုက်နောက်ပါ မိုက်ရူးရဲအဖွဲ့တွေနဲ့ သူကြီးကို ဖမ်းချုပ်ပြီး သူက သူကြီး တက်လုပ်ခဲ့ပါသတဲ့။

သူနဲ့ သူ့အဖွဲ့က လက်နက်တွေနဲ့ဆိုတော့ ရိုးသားလှတဲ့ ရွာသားတွေလည်း ဒီလိုပဲ အောင့်အီးကာ ငြိမ်နေကြရပါသတဲ့။ တ‌ဇောက်ကန်းသာဝလည်း ‘သူကြီးအတု’ လုပ်နေပေမဲ့ သူ့အသက်သေမှာကိုတော့ ကြောက်တတ်သတဲ့။

“သူ့ကို ချောင်းရိုက်မှာ၊ ချောင်းခုတ်မှာ၊ ချောင်းပစ်မှာတော့ တော်တော်ကြောက်ပုံပဲဟ စိမ်းမောင်ရ”

“အေး . . . အဲ . . .”

“ဒီတော့ ‘ဓားပီး၊ တုတ်ပီး၊ သေနတ်ပီး’ အဆောင်တွေ လက်ဖွဲ့တွေ မနားမနေ ရှာဖွေတာပေါ့ကွာ”

“အဲသည်တော့ တွေ့ရောလား”

“တွေ့တာပေါ့ လုံးတုံးရ . . . နယ်တနယ်က ဘိုးတော်လိုလို နတ်လိုလို ဓာတ်လိုလို ကောင်တဦးဆီက ဈေးကြီးပေးပြီးမှ ရလာတာတဲ့၊ ‘ဝက်စွယ်ဂင်းပိတ်’ လို့ ပြောတယ်ကွ”

“အေး . . . ကြားဖူးတယ်၊ ‘ဝက်စွယ်ဂင်းပိတ်’ တို့၊ ‘ချိုးအမြုတေ’ တို့ ဘာတို့”

“အေးကွ . . သူရလာတဲ့ အဲသည် ဝက်စွယ်ဂင်းပိတ်ကို သေနတ်နဲ့စမ်းပစ်တာ ဘယ်နှစ်ချက်ပစ်ပစ် ကျည်လုံးဝ မထွက်ဘူးတဲ့ မီးမကူးဘူးတဲ့”

“စွမ်းသားဟ”

“အဲသည်ဟာရဲ့တန်ဖိုးဟာ တော်တော်များတာတဲ့ကွ၊ ဘာပဲဖြစ်ဖြစ် အသက်အတွက်ဆိုတော့ ကုန်ကုန်ဆိုပြီး ဝယ်လိုက်တယ်၊ ပြီးတာနဲ့ သူ့လည်ပင်းမှာ ကြိုးနဲ့ဆွဲထားလိုက်တော့သတဲ့”

အဲသည်လိုနဲ့ နေလာလိုက်တာ တပတ်လောက်ကြာတော့ ညညဆို သာဝဟာ လည်ချောင်းထဲက ယားယားလာပြီး ‘အူ’ ချင်စိတ်တွေ ဖြစ်လာပါသတဲ့။ ဒါကိုလည်း သူ့နောက်ပါတွေကို ပြောပြတော့ သူ့မိုက်ဖော်တွေက လည်ချောင်းကို ဆေးတွေဘာတွေ လိမ်းပေးကြပါသတဲ့။

“အဲသည်လိုနဲ့ သုံးပတ်မြောက်လည်းရောက်ရော ‘အူ’ ချင်ရုံသာမက ‘ချေး’ စားချင်စိတ်တွေပါ ထိန်းမရ သိမ်းမရကို ဖြစ်လာပါရောတဲ့ဗျား”

“ဟား ဟား ဟား ဟား ဟား ဟား”

ကျွန်ုပ်တို့ အားရပါးရ ရယ်နေကြချိန်မှာ အဘစိမ်းမောင်ကား ကြောင်အအနှင့် ငေးကာ ကြည့်နေပါလေ၏။ အဘလုံးတုံးက အဘစိမ်းမောင်ကို ပြောပါ၏။

“ဒီတော့ စိမ်းမောင်တို့အဘ မအလကြီးလည်း အဆာင်ယတြာအတုတွေနဲ့ အခုဆိုရင် ‘အူ’ ရုံသာမက ‘ချေး’ ပါ ပြေးပြေးစားနေတဲ့ဘဝကို ရောက်ရှိနေပါပြီပေါ့ဗျား”

“ဝါး . . ဟားဟား ဟားဟား ဟားဟား”

ဖေကြီး(လေရှီး)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013