
‘ကိုရီးယား’ လို့ပြောရင် အရင်ဆုံး ဘာကိုပြေးမြင်ကြပါသလဲ။ ကိုရီးယားဆိုတာနဲ့ Kpop သီချင်းတွေ၊ ဒရမ်မာဇာတ်လမ်းတွေ၊ အစားအစာ၊ ဓလေ့ထုံးတမ်းတွေအပြင် အင်တာနက်ဂိမ်းတွေအထိ သိဖူး၊ ကြားဖူးတာတွေ ရှိမယ်ထင်ပါတယ်။ ဒါပေမဲ့ ကိုရီးယားမှာ ဒါတင်မကသေးဘဲ တခြား စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေ ရှိနေသေးတယ်ဆိုတာ စာရေးသူလည်း အမှန်တော့ အရင်က မသိခဲ့ပါဘူး။ ဒါဆိုရင် ဒိုဒို (Dokdo) လို့ခေါ်တဲ့ နာမည်ကို ကြားဖူးတဲ့သူများ ရှိနေလား။ စာရေးသူလည်း အစက နာမည်ကြားကြားချင်း ဒိုဒိုက ဘာလဲမသိခဲ့ပေမဲ့ ကိုရီးယားမှာ အလှကုန်ပစ္စည်းဆိုင်သွားရင် ‘ဒိုဒို’ ဆိုတဲ့ အလှကုန် brand ကို တွေ့ရမှာဖြစ်ပါတယ်။

ဒါပေမဲ့ အမှန်က ဒိုဒိုဆိုတာ ကိုရီးယားမှာရှိတဲ့ ကျွန်းနာမည်ကို အမှီပြုထားတာ ဖြစ်ပါတယ်။ နောက်ပြီး ကိုရီးယားမှာ မြေအောက်ရထားစီးရင် ဒိုဒိုနဲ့ပတ်သက်တဲ့ ကြော်ငြာတွေကို အကျယ်တဝင့် တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဒါဆိုရင် ဘာလို့ ဒိုဒိုက ထူးခြားနေတာပါလဲ။ အစက စာရေးသူလည်း မသိခဲ့ပေမဲ့ ဒီတခေါက် အခွင့်သင့်လို့ ဒိုဒိုကို ကိုယ်တိုင်သွားကြည့်လိုက်တဲ့အခါ ဒိုဒိုဟာ ကိုရီးယားတွေအတွက် အတော်ကို သံယောဇဉ်ကြီးပြီး ထူးခြားတဲ့ ကျွန်းဆိုတာ မျက်မြင် တွေ့ခဲ့ရပါတယ်။

ဒါဟာ ဘာလို့လဲဆိုရင် ကိုရီးယားနဲ့ ဂျပန်ဟာ နှစ်ပေါင်း ၃ဝဝ ကျော် ဒီ ဒိုဒို ဆိုတဲ့ ကျွန်းလေးကို သူပိုင်တယ်၊ ငါပိုင်တယ်ဆိုပြီး အငြင်းပွားနေဆဲ ဖြစ်ပါတယ်။ ကိုရီးယားကလည်း ဒိုဒိုဟာ သူတို့ပိုင်ကျွန်းလို့ဆိုပြီး ဂျပန်ကလည်း သူတို့ပိုင်တဲ့ကျွန်းလို့ ဆိုပြန်ပါတယ်။ ဒိုဒိုကျွန်းဟာ အရှေ့ပင်လယ်မှာ တည်ရှိပြီး သွားလာရတာ ဝေးလံခက်ခဲတဲ့ နေရာလည်း ဖြစ်ပါတယ်။ ပြီးတော့ ဒိုဒိုကျွန်းအနီးမှာပဲ ကျက်စားတဲ့ ငှက်၊ ရေနေသတ္တဝါ၊ အပင်တွေကို မြင်တွေ့နိုင်ပြီး သဘာဝဓာတ်ငွေ့ပေါများတဲ့ နေရာလည်း ဖြစ်ပြန်ပါတယ်။ ဒါ့အပြင် ကိုရီးယား၊ တရုတ်၊ မြောက်ကိုရီးယား၊ ဂျပန်၊ အမေရိကန်၊ ရုရှား အစရှိတဲ့ နိုင်ငံတွေရဲ့ ရေပြင်စစ်ဆင်ရေး၊ နိုင်ငံရေးအတွက် အချက်အချာကျတဲ့ နေရာမှာ တည်ရှိနေတယ်လို့ ဆိုပြန်ပါတယ်။

အဲ့လို နိုင်ငံရေး၊ စီးပွားရေး၊ တည်နေရာအရ တန်ဖိုးရှိတဲ့ကျွန်း ဖြစ်တဲ့အတွက် ကိုရီးယားတွေက အရှုံးမပေးဘဲ ဂျပန်နဲ့ အခုထိ အငြင်းပွားနေတာပဲ ဖြစ်ပါတယ်။ ဒါဆိုရင် ဒိုဒိုကို တကယ် ဘယ်သူကပိုင်တာလဲ။ ဒီမေးခွန်းကတော့ စာရေးသူအနေနဲ့က သဘာဝသယံဇာတတွေကို ဘယ်သူက ပိုပြီး ချစ်မြတ်နိုးပြီး ဘယ်သူက ပိုပြီး ထိန်းသိမ်းလဲဆိုတဲ့အပေါ် မူတည်မယ်လို့ ထင်မိပါတယ်။ ဒီကျွန်းအပေါ် အငြင်းပွားနေတာကနေ အနိုင်ရဖို့ ဒါမှမဟုတ် စီးပွားရေးအရ အကျိုးအမြတ်ရဖို့ လုတာထက် ဘယ်သူက ပိုပြီး ရေရှည် ထိန်းသိမ်းစောင့်ရှောက်နိုင်လဲဆိုတာ ကြည့်ရမှာပဲ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး တွေးမိတာက အမေနှစ်ယောက် ကလေးကိုလုတဲ့ သာဓကကို ပြေးမြင်မိပါတယ်။ ကလေးတယောက်ကို အမေနှစ်ယောက်က သူ့ကလေး ကိုယ့်ကလေး လုတဲ့အခါ ဘယ်သူက ကလေးအပေါ် အချစ်ပိုကြီးပြီး မထိခိုက်စေချင်လဲဆိုတာ မြင်သာသလို အခု ဒိုဒို အပေါ်မှာလည်း ဘယ်သူက ပိုပြီး ဒိုဒိုရဲ့ သယံဇာတတွေကို အပျက်အစီးမရှိအောင် စောင့်ရှောက်နိုင်လဲဆိုတာ ကြည့်သင့်တယ် ထင်ပါတယ်။
ပြီးတော့ ထိန်းသိမ်းစောင့်ရှောက်တယ် ဆိုတာလည်း လူတွေကပဲလုပ်ပြီး ဖျက်ဆီးတာလည်း လူတွေကပဲ လုပ်တာဖြစ်တဲ့အတွက် ဒီကျွန်းရဲ့ ပိုင်ရှင်ဟာ ဘယ်နိုင်ငံလို့ ပြောဖို့ထက် ဘယ်နိုင်ငံရဲ့ ပြည်သူတွေက ဒိုဒိုကို ထိန်းသိမ်းလာပြီး ဆက်လက်ထိန်းသိမ်းမလဲဆိုတာ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ အခုလို ဒိုဒိုရဲ့ အငြင်းပွားမှုတွေကနေတဆင့် တခြား နိုင်ငံအသီးသီးကလည်း ငြိမ်းချမ်းရေး၊ ညှိနှိုင်းရေး၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သာဓကတွေ ရယူနိုင်မယ် ထင်ပါတယ်။

အဲဒါကြောင့် ဒိုဒိုဟာ ကမ္ဘာပေါ်က ကျွန်းလေးတခုပဲ ဖြစ်ပေမဲ့ အရေးပါတဲ့ ငြိမ်းချမ်းရေး သင်္ကေတတခု ဆိုလည်း မမှားပါဘူး။ ဒီတခေါက် စာရေးသူလည်း ဒိုဒိုကို အလည်အပတ်သွားရင်း ဒိုဒိုရဲ့ တန်ဖိုးနဲ့ အရေးပါမှုကို မြင်တွေ့ရသလို နောင်လာနောက်သားတွေလည်း ဒိုဒိုကနေတဆင့် ရေရှည်တည်တံ့မှုရဲ့ အရေးပါမှု၊ ငြိမ်းချမ်းရေးရဲ့ အရေးပါမှုကို သင်ယူနိုင်မယ် ထင်ပါတယ်။
ဝင့်ထက်ထက်ဟန်
Kyung Hee တက္ကသိုလ်
ဆိုးလ်မြို့၊ တောင်ကိုရီးယား
Photo-Wint Htet Htet Han











