DVB Logo
Home
မြန်မာသတင်း
ချောက်မြို့နယ် ကတိုင်ကျေးရွာကို စစ်တပ်ကဝင်စီးပြီး ပြည်သူပိုင်ပစ္စည်းများကို အဓမ္မယူဆောင်
DVB
·
July 26, 2024
ချောက်မြို့နယ် ကတိုင်ကျေးရွာကို စစ်တပ်ကဝင်စီးပြီး ပြည်သူပိုင်ပစ္စည်းများကို အဓမ္မယူဆောင်
1 / 3
Donate to DVB

မကွေးတိုင်း၊ ချောက်မြို့နယ်၊ နရွဲတောကျေးရွာအုပ်စု၊ ကတိုင်ကျေးရွာကို ဇူလိုင် ၁၉ ရက်နေ့ ညမှာ စစ်ကောင်စီတပ်သားတွေ စီးနင်း၀င်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို FAW ကားတွေနဲ့ သယ်ယူကာ ဒေသခံရွာသား ၁ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ကတိုင်ကျေးရွာမှာ ဇူလိုင် ၁၉ ရက် ညကနေ ဇူလိုင် ၂၂ ရက်အထိ စခန်းချနေပြီး ဒေသခံပြည်သူတွေပိုင်ဆိုင်တဲ့ နေအိမ်တွေကနေ ဆိုင်ကယ်တွေအပါအ၀င် အဖိုးတန်ပစ္စည်းတွေကို FAW ကားတွေနဲ့ ကုန်းကြီးကျေးရွာဆီကို တင်ဆောင်သယ်ယူသွားကြပြီး ရွာခံအမျိုးသား ၁ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြတယ်လို့ ဆိုပါတယ်။

ရွာသားတဦးက“ညပိုင်း ၁၀ နာရီကျော်လောက်မှာ စစ်သားတွေက ကားတွေနဲ့ သေနတ်တွေဖောက်ပြီး ရွာထဲ၀င်လာကြတာ ဆူညံလို့ပါ။ သူတို့၀င်လာတာသိတော့ ညကြီးမင်းကြီး ရွာကလူတချို့လည်း ထွက်ပြေးကြတာပေါ့ဗျာ။ သူတို့စစ်သားတွေက ရွာသားတယောက်ကို ဖမ်းထားပြီးတော့ ပိုက်ဆံရှိတဲ့ အိမ်တွေကိုလိုက်ပြခိုင်းပြီး တန်ဖိုးကြီးတဲ့ပစ္စည်းတွေ အကုန်ယူသွားကြတာ။ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးကြတဲ့ အိမ်တွေကပစ္စည်းတွေကတော့ အကုန်ပါတာပဲ။ တရွာလုံးအတိုင်းအတာနဲ့ဆိုရင် သိန်းပေါင်းထောင်ချီပြီးပါသွားတယ်။ ကျနော်တို့ ဒီရွာမှာက အိမ်ခြေ ၈၀ နီးပါးလောက်ရှိတယ်” လို့  ပြောပါတယ်။

တိမ်းရှောင်ထွက်ပြေးလာကြတဲ့ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီတပ်သားတွေ နောက်တခေါက် ပြန်လာမှာကိုစိုးရိမ်တဲ့အတွက် ဇူလိုင် ၂၄ ရက်အထိ ကျေးရွာကို မပြန်ရဲကြသေးဘူးလို့လည်း သိရပါတယ်။

နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ဒေသခံအမျိုးသားတဦးက  “စစ်သားတွေက ပြောလို့ရတာမဟုတ်ဘူးလေ။ ရွာက တယောက်လည်းဖမ်းသွားတာဆိုတော့ ပြန်လာချင်လည်းလာမှာ။ ရွာထဲကလူ ၃၀၀ ကျော်လောက်ကတော့ မိုးထဲရေထဲဖြစ်သလို တဲထိုးပြီးနေကြရတာပေါ့။ မင်းဆိုးမင်းညစ်ရဲ့လက်ထက်မှာ ကျနော်တို့ပြည်သူတွေ အရမ်းဒုက္ခရောက်ကြရတယ်ဗျာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ပျူစောထီးကျေးရွာဖြစ်တဲ့ ကုန်းကြီးကျေးရွာမှာ တပ်စွဲနေတဲ့အပြင်​ ချောက်မြို့ကိုသွားတဲ့ ကြေးနီလမ်းခွဲ (ခေါ်) ထိန်ကန်လမ်းခွဲကိုလည်း ပိတ်ဆို့ထားတာကြောင့် ကံသစ်ကုန်းကျေးရွာ၊ ကံတိုင်ကျေးရွာ၊ ရွာမကျေးရွာနဲ့ ညောင်ဇင်ကျေးရွာတွေအပြင် အနီးအနားကျေးရွာတွေက ဒေသခံပြည်သူတွေဟာ သွားလာရေး အခက်အခဲဖြစ်နေကြတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013