DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းသက်တမ်းထပ်တိုးမလား၊ ကြားဖြတ်အစိုးရအဖွဲ့ပြီး ပြုပြင်ပြောင်းလဲမှု လုပ်မလား
DVB
·
July 24, 2024
အာဏာသိမ်းသက်တမ်းထပ်တိုးမလား၊ ကြားဖြတ်အစိုးရအဖွဲ့ပြီး ပြုပြင်ပြောင်းလဲမှု လုပ်မလား
Donate to DVB

ကြားဖြတ်အစိုးရအဖွဲ့ကို သမ္မတဟောင်းဦးသိန်းစိန်ဦးဆောင်ဖြစ်ခဲ့ရင်  နိုင်ငံတကာဖိအားတွေ လျော့ကျသွားနိုင်သလို စစ်တပ်အပေါ် ယုံကြည်မှုကြဆင်းလာတဲ့ တပ်ထောက်ခံသူတွေကိုပါ ပြန်လည် စုရုံးရာရောက်နိုင်တယ်လို့ ပြည်တွင်း နိုင်ငံရေးသမားတချို့က သုံးသပ်ပြောပါတယ်။

ဒီလအကုန်မှာကျင်းပဖို့ရှိနေတဲ့ အမျိုးသားလုံခြုံရေးနဲ့ကာကွယ်ရေးကောင်စီ အစည်းအဝေးမှာ အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းထားတဲ့ အရေးပေါ်ကာလ သက်တမ်းကို ထပ်မံတိုးယူဦးမှာဖြစ်တယ်လို့ သုံးသပ်မှုတွေ ရှိသလို တချို့ကလည်း ကြားဖြတ်အစိုးရအဖွဲ့ပြီး ပြုပြင်ပြောင်းလဲမှုတချို့လုပ်လာနိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြ ပါတယ်။

ဒီသုံးသပ်ချက်တွေဟာ တရုတ်နိုင်ငံကို သမ္မတဟောင်း ဦးသိန်းစိန်သွားခဲ့ပြီးအပြန်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို လုပ်နိုင်ခဲ့တဲ့ သမ္မတဟောင်းဦးသိန်းစိန်ကို ကြားဖြတ်အစိုးရရဲ့ အကြီးအကဲ အနေနဲ့ထားပြီး လက်ရှိ ဖြစ်ပေါ်နေတဲ့ စစ်ရေးနိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းဖို့ လိုလားနေကြတာလို့ နိုင်ငံရေးအသိုင်းအဝိုင်းက ပြောဆိုပါတယ်။

ကြားဖြတ်အစိုးရတခုနဲ့ အစားထိုးဖို့ဆိုတာက အာဏာ ၃ ရပ်ကို ချုပ်ကိုင်ထားတဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောဆန္ဒအပေါ်မှာ အများကြီးမူတည်တယ်လို့ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးစွဲ အတည်ပြုခဲ့ပြီး ၂၀၁၀ မှာ ရွေးကောက်ပွဲကျင်းပကာ စစ်တပ် ၂၅ ရာခိုင်နှုန်းနဲ့ ယူနီဖောင်းချွတ် အရပ်ဘက်ကို ပြောင်းလိုက်တဲ့ စစ်ခေါင်းဆောင်တဝက်နဲ့ပေါင်းပြီး အုပ်ချုပ်ရေးပုံစံတခုကို ပြောင်းလဲခဲ့ဖူးပါတယ်။

နိုင်ငံတော်အာဏာကို ရယူခဲ့ဖူးတဲ့ သမ္မတဟောင်းဦးသိန်းစိန်ဟာ လက်ရှိအချိန်ထိ စစ်တပ်အ သိုင်းအဝိုင်းမှာရော တချို့နိုင်ငံရေးအသိုင်းအဝိုင်းမှာပါ ထောက်ခံမှုတွေကို ရရှိနေတဲ့သူဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတချို့က သုံးသပ်ပြောဆိုပါတယ်။

ဒါကြောင့် ၂၀၂၁ ခုနှစ်မှာ နိုင်ငံတော်အာဏာကို စစ်တပ်ကသိမ်းယူပြီးတဲ့နောက်ပိုင်းကစလို့ ဒီကနေ့အချိန်ထိ တိုင်းပြည်ကို တည်ငြိမ်အောင်ထိန်းသိမ်းထားနိုင်ခြင်းမရှိတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့နေရာမှာ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ အစားထိုးပြီး လက်ရှိ ကြုံတွေ့နေတဲ့စစ်ရေးနိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းဖို့ စစ်တပ်အသိုက်အဝန်းက  လိုလားနေကြတာပါ။

၂၀၁၀ ပြည့်နှစ်မှာတိုင်းပြည်ကိုတာဝန်ယူခဲ့တဲ့ သမ္မတဟောင်းဦးသိန်းစိန်ဟာ သူတာဝန်ယူခဲ့ချိန်က  တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းအတွေအပါအဝင် နိုင်ငံတာကပါ ထောက်ခံမှု ရှိခဲ့တာကြောင့် လက်ရှိအချိန်မှာ ဦးဆောင်လာရင် ကောင်းမယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့် စဉ်းစားကြတာဖြစ်နိုင်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ ဥက္ကဋ္ဌ ဦးအေးလွင်က သုံးသပ်ပြော ပါတယ်။

ဒီလကုန် အာဏာသိမ်းသက်တမ်းကုန်ဆုံးတော့မယ့် စစ်ကောင်စီဟာ နောက်ထပ်တကြိမ်အာဏာ ထပ်မံတိုးယူဖို့အတွက်  အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကို ထပ်မံတင်ပြဖို့ရှိ ပါတယ်။

ဒါပေမဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့အကြီးအကဲဖြစ်တဲ့ ယာယီသမ္မတ ဦးမြင့်ဆွေဟာ ကျန်းမာရေးမကောင်းတာကြောင့် အဲဒီတာဝန်တွေကို ထမ်းဆောင်နိုင်ခြင်း မရှိတဲ့အတွက် လုပ်ပိုင်ခွင့်အာဏာအားလုံးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံကို လွှဲအပ်ထားတယ်လို့  စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

အောင်သူ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013