DVB Logo
Home
မြန်မာသတင်း
အရပ်ဖက်အဖွဲ့အစည်းရဲ့ နိုင်ငံရေးကိစ္စတွေအပေါ် ဆောင်ရွက်မှု လစ်လျူရှုလို့မရ
DVB
·
September 27, 2014
အရပ်ဖက်အဖွဲ့အစည်းရဲ့ နိုင်ငံရေးကိစ္စတွေအပေါ် ဆောင်ရွက်မှု လစ်လျူရှုလို့မရ
Donate to DVB

ကိုယ့်နိုင်ငံအတွက် ရေရှည်တည်ဆောက်ချင်တဲ့ လူအဖွဲ့အစည်းပုံစံနဲ ပတ်သက်ပြီး ဗျူဟာမြောက် ပြင်ဆင်လုပ်ဆောင်ကြဖို ထင်ရှားတဲ့ စာရေးဆရာမ မသီတာ (စမ်းချောင်း)က အရပ်ဘက် အဖွဲ့အစည်းတွေကို  တိုက်တွန်းလိုက်ပါတယ်။

[caption id="attachment_66182" align="alignright" width="300"]ဓာတ်ပုံ - မသီတာ (စမ်းချောင်း) ဓာတ်ပုံ - မသီတာ (စမ်းချောင်း)[/caption]

ရန်ကုန်မှာ ကျင်းပတဲ့ အမျိုးသားအဆင့် နိင်ငံရေးဆွေးနွေးပွဲအတွက် အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ ဆွေးနွေးပွဲမှာ စာရေးဆရာမ မသီတာ(စမ်းချောင်း)က တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

“ရေရှည်မှာ ကိုယ်က ဘယ်လို ငြိမ်းချမ်းမျိုးကို တည်ဆောက်ချင်တာလဲ။ နောက်တခုက လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်နေတဲ့ ကိစ္စတွေပေါ့နော်။ နိုင်ငံရေးဆွေးနွေးမယ့်ကိစ္စတွေ ရှိတယ်။ ဒါတွေကို မျက်ခြေမပြတ်စေချင်ဘူး။ ဒါတွေနဲ့ပတ်သက်ရင် ကိုယ်က လက်တွေ့ကျတဲ့ ကိန်းဂဏန်း အချက်အလက်နဲ့တကွ တိုင်းပြည်ရဲ့ လိုအပ်ချက်ကတော့ ဘာဖြစ်နေတယ်။ အဲဒါတွေကို ဖြည့်ဆည်းပေးဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ဘယ်ချက်တွေက အဟန့်အတားဖြစ်နေ တယ်။ ဘယ်လို ပြင်ရင်ကောင်းမလဲ။ နောက်တခါ ဘယ်လို ပြည်ထောင်စုမျိုးကို လူထုက အလိုရှိနေတယ်။ တကယ်သာ ဖက်ဒရယ်ပြည်ထောင်စု သွားမယ်ဆိုရင် အရပ်ဘက် အဖွဲ့အစည်း တွေကလည်း အဲဒါကို ဦးတည်မယ့်ကိစ္စတွေကို ဘာတွေလုပ်သင့်တယ်။ ဘယ်ဟာတွေကတော့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အဓိကကျပြီးတော့ ဆွေးနွေးပေးရင် သင့်တော်မယ်ဆိုတာမျိုးကို အရပ်ဘက်အဖွဲ့အစည်းက လူတွေကလည်း ပြင်ဆင်သင့်တယ်ပေါ့။ သူတို့မှာ ရှိတဲ့ အချက်အလက် အပေါ်မှာ အခြေခံပြီးတော့ ဆွေးနွေးစရာအကြောင်းအရာမျိုးတွေကို ရှာပေးသင့် တယ်ပေါ့။”

လွတ်လပ်တဲ့ အရပ်ဘက်လူ့အဖွဲ့အစည်း ထွန်းကားမှုနောက်ကျခဲ့ရတဲ့ မြန်မာနိုင်ငံအနေနဲ့ အရပ်ဘက် အဖွဲ့တွေရဲ့ နိုင်ငံအရေး ကိစ္စတွေတွေမှာ ပါဝင် ဆောင်ရွက်နိုင်စွမ်းဟာ လစ်လျူရှုလို့ မရဘူးလို့ ပြောပါတယ်။

ဗျူဟာမြောက် ချဉ်းကပ်မှုမျိုးနဲ့ လုပ်မယ်ဆိုရင်တော့ အရပ်ဘက် အဖွဲ့တွေရဲ့ အခန်းကဏ္ဍက ဒီထက်ပိုပြီးတော့ အရေးပါလာမယ် သူက ပြောပါတယ်။

တက်ရောက်သူတွေထဲက ဆွေးနွေးကြရာမှာ အလှူဒါန အဖွဲ့အစည်းတွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ မတူကွဲပြားသလို လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ လုပ်နေတဲ့ အဖွဲ့အစည်းတွေက များသောအားဖြင့် နိုင်ငံရေးနဲ့ မပတ်သက်ချင်ဘူးလို့ ပြောပါတယ်။

မတူကွဲပြားတဲ့ အဖွဲ့တွေနဲ့ ပတ်သက်ပြီး မသီတာ စမ်းချောင်းက အခုလို ရှင်းပြပါတယ်။

“လူမှုရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေကလည်း အရပ်ဘက် လူထုအခြေပြု အဖွဲ့အစည်းများလို့ ကိုယ့်ကိုယ်ကိုယ် ယူဆလာတယ်။ အခွင့်အရေးကို စကားပြောတာ မဟုတ်ပဲနဲ့။ လိုမယ်ထင်တဲ့ ဟာတွေ လုပ်ရင်း လုပ်ရင်းနဲ့ အခွင့်အရေးကို ကာကွယ်တာ မဟုတ်ဘူး ဆိုတဲ့ဟာမှာ သူတို့ရဲ့စံနဲ့ သူတို့ရဲ့ ကိုယ်စားပြုမှုနဲ့ အရပ်ဘက် လူထုအခြေပြု အဖွဲ့အစည်းများ လို့ ခေါ်ရမယ့် ပုံရိပ်မှာ အားနည်ချက်တွေရှိသွားမှာ စိုးတယ်။ ကိုယ့်ရဲ့ ပုံရိပ်ကို ပိုပြီးတော့ ထင်ထင်ရှားရှား ဖြစ်စေချင်တယ်၊ ကိုယ့်ရဲ့ အခန်းကဏ္ဍကို သတ်သတ်မှတ်မှတ် ဖြစ်စေချင်ရင်တော့ ကိုယ့်အချင်းချင်း ကြားထဲမှာ အကျေအလည် ဆွေးနွေးကြဖို့ လိုတယ်ဆိုတာတော့ ပြောဖြစ်ပါတယ်။”

အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံရေး ကိစ္စတွေမှာဆွေးနွေးနိုင်ပေမယ့် ဆုံးဖြတ်ခွင့် ရှိမရှိ ကိုတော့ ပြောဆိုဆွေးနွေးနေဆဲ ဖြစ်တယ်လို့ ထောက်ပြပြောဆိုပါတယ်။

အစိုးရသစ်တက်လာပြီးတဲ့နောက်ပိုင်းမှာ မြန်မာနိုင်ငံမှာ အရပ်ဖက် အဖွဲ့အစည်းတွေ ကျယ်ကျယ်ပြန်ပြန် ဖွဲ့စည်းလာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013