DVB Logo
Home
မြန်မာသတင်း
အာဆီယံ‘Troika' အစီအစဉ်ဖြင့် မြန်မာ့အရေးအဖြေရှာရန် အာဆီယံခေါင်းဆောင်များ မျှော်လင့်  
DVB
·
July 24, 2024
အာဆီယံ‘Troika' အစီအစဉ်ဖြင့် မြန်မာ့အရေးအဖြေရှာရန် အာဆီယံခေါင်းဆောင်များ မျှော်လင့်  
1 / 2
Donate to DVB

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံ ၃ နိုင်ငံပါဝင်တဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ အာဆီယံ‘Troika' အစီအစဉ်ကနေ မြန်မာ့အရေး အဖြေရှာနိုင်ရေး အာဆီယံခေါင်းဆောင်တွေက မျှော်လင့်နေတယ်လို့   Nikkei Asia သတင်းမှာ ဖော်ပြပါတယ်။ 

အာဆီယံ 'Troika' အစီအစဉ်ဆိုတာကတော့ ပြီးခဲ့တဲ့နှစ်က အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှား၊ လက်ရှိဥက္ကဋ္ဌ လာအိုနဲ့ လာမယ့်နှစ်မှာ အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မယ့် မလေးရှားနိုင်ငံတို့ဟာ မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းရေးပတ်သက်ပြီး သုံးပွင့်ဆိုင် ပူးတွဲဖြေရှင်းကြမယ့် ယန္တရားဖြစ်ပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ နိုင်ငံ ၃ နိုင်ငံအပြင် မြန်မာ့အရေးအလေးထားတဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတနိုင်ငံ ပါဝင်တဲ့ ‘Troika Plus’ကိုလည်း ပြီးခဲ့တဲ့အစည်းအဝေးမှာ ထိုင်းက အဆိုပြုခဲ့ဖူးပါတယ်။

လက်ရှိလာအိုမှာကျင်းပမဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌတို့ရဲ့ ဆွေးနွေးပွဲတွေမှာတော့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေးမှာ အာဆီယံဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ဆက်လက် ပါဝင်နေမှုနဲ့ အားလုံးပါဝင်တဲ့ အာဆီယံ လူသားချင်းစာနာထောက်ထားမှု ကူညီထောက်ပံ့ရေးမ ဟာဗျူဟာတရပ်ကို အကောင်အထည်ဖော်ရေး စတဲ့အချက်တွေကို အလေးထား ဆွေးနွေးသွားမယ့်အကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေးဝန်ကြီးတွေဟာ အာဆီယံနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်ဖို့ အခုနှစ်ရဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်တဲ့ လာအိုနိုင်ငံကို စုဝေးရောက်ရှိနေကြပြီဖြစ်ပြီး မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကတော့ အစည်းအဝေးမှာ ပါဝင်တက်ရောက်ခွင့် မရပါဘူး။ 

ဒါပေမဲ့ အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးမှာတော့ စစ်ကောင်စီ စေလွှတ်ထားတဲ့ ကိုယ်စားလှယ် ပါဝင်တက်ရောက်တာ တွေ့ရပါတယ်။ 

အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ကာအိုခင်ဟွန်းက စစ်ကောင်စီနိုင်ငံခြားရေးဌာနအတွင်းဝန် ဦးအောင်ကျော်မိုးနဲ့အဖွဲ့ကို  ဇူလိုင် ၂၄ ရက်ဒီကနေ့  ဗီယင်ကျန်းမြို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲပြင်ပမှာ သီးသန့်တွေ့ဆုံခဲ့ပြီး ဆွေးနွေးတဲ့ အကြောင်းအရာတွေကိုတော့ မသိရပါဘူး။

အဓိကဖြစ်တဲ့ ၅၇ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကိုတော့ မနက်ဖြန် ဇူလိုင်လ ၂၅ ရက်မှာ  မြို့တော် ဗီယင်ကျန်းမှာ ကျင်းပမှာဖြစ်ပြီး တရုတ်၊ ဂျပန်၊ အမေရိကန် စတဲ့ အာဆီယံရဲ့ အဓိကမိတ်ဖက်နိုင်ငံတွေ ပါဝင်တဲ့ တခြား ဆက်စပ်အစည်းအဝေးတွေကိုတော့ ဇူလိုင် ၂၇ ရက်နေ့အထိ ကျင်းပသွားမှာပါ။

အခုနှစ် အစည်းအဝေးတွေမှာတော့ အာဆီယံဒေသအတွင်း ချိတ်ဆက်မှုနဲ့ ခံနိုင်ရည်ရှိမှုတိုးမြှင့်ရေး အပါအဝင် အာဆီယံအသိုက်အဝန်း တည်ဆောက်မှု မြှင့်တင်ရေးကိစ္စတွေကို အဓိကထား ဆွေးနွေးမှာဖြစ်တယ်လို့ လာအို နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး  Nikkei Asia  သတင်းက ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေးအုံကြွမှုတွေက အာဆီယံအဖွဲ့ရဲ့ စည်းလုံးညီညွတ်မှုကို ခြိမ်းခြောက်နေတဲ့ကိစ္စနဲ့ တောင်တရုတ်ပင်လယ်မှာ တင်းမာမှုတွေ မြင့်တက်နေတဲ့အကြောင်းအရာတွေက အာဆီယံအစည်းအဝေးအပေါ် လွှမ်းမိုးနေပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲတွေမှာတော့ မြန်မာ့အရေးအပြင် တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုတွေ လျော့ချနိုင်ရေးနဲ့ ပတ်သက်လို့လည်း အဖြေရှာသွားရဖို့ ရှိနေပါတယ်။

ဖိလစ်ပိုင်နိုင်ငံက အနောက်ဖိလစ်ပိုင်ပင်လယ်ရှိ ကင်းစခန်းတွေမှာ ပြန်လည် ထောက်ပံ့ရေး မစ်ရှင်တွေ တိုးမြင့်လုပ်နေချိန် ပင်လယ်ရေကြောင်းအတွင်း တရုတ်ရဲ့ ရန်လိုမှုလုပ်ရပ်တွေ မြင့်တက်လာရာကနေ နှစ်နုင်ငံကြား ဆက်ဆံရေးဟာ ဇွန်လအတွင်း ပိုမိုတင်းမာလာခဲ့ပါတယ်။ ဒီအရေးတွေနဲ့ ပတ်သက်ပြီး အာဆီယံဟာ ပင်လယ်ရေကြောင်းကျင့်ဝတ်ဆိုင်ရာ ဆွေးနွေးပွဲတွေကိုလည်း ပြန်လည်စတင်ကျင်းပနေရပါတယ်။

အာဆီယံ-တရုတ် အစည်းအဝေး အပါအဝင် အာဆီယံနဲ့ တခြားမိတ်ဖက်နိုင်ငံတွေအကြား အစည်းအဝေးတွေကို အခုလ ၂၆ ရက်မှာ ကျင်းပမှာဖြစ်ပြီး အမေရိကန်၊ ဥရောပသမဂ္ဂ၊ ရုရှားနဲ့ တောင်ကိုရီးယား တို့ ပါဝင်တဲ့ ဆွေးနွေးပွဲတွေနဲ့အတူ အဖွဲ့ဝင်နိုင်ငံပေါင်း ၂၇ နိုင်ငံပါဝင်တဲ့ အာဆီယံဒေသတွင်းဖိုရမ်ကိုတော့ ဇူလိုင် ၂၇ ရက်နေ့ ကျင်းပမှာပါ။

အာရှခရီးစဉ်ကနေ လာအိုနိုင်ငံကို ရောက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကတော့ ဆွေးနွေးပွဲမှာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ရာသီဥတု ပြောင်းလဲမှုအရေး၊ မြန်မာနိုင်ငံရဲ့ လက်ရှိအကျပ်အတည်းကိစ္စ၊ တောင်တရုတ်ပင်လယ်မှာ အပြည်ပြည်ဆိုင်ရာဥပဒေကို လေးစားလိုက်နာရေးရဲ့ အရေးကြီးပုံနဲ့ ယူကရိန်းကိုဆန့်ကျင်တဲ့ ရုရှားရဲ့ တရားမဝင်စစ်ပွဲ စတဲ့အကြောင်းအရာတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပြန်လည်ထိန်းသိမ်းနိုင်ဖို့ရည်ရွယ်ပြီး  ၂၀၂၁ ခုနှစ်၊ ဧပြီလ အာဆီယံ ခေါင်းဆောင်များအစည်းအဝေးမှာ ချမှတ်ခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅  ရပ်ဟာလည်း ၃ နှစ်ကျော်ရှိလာပြီဖြစ်ပေမဲ့ တချက်မှ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။

လက်ရှိ မြန်မာနိုင်ငံဒေသအနှံ့အပြားမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှုကြောင့် လူပေါင်း ၃ သန်းကျော် နေရပ်စွန့်ခွာခဲ့ရကာ  အဲဒီထဲက အများစုက ကလေးငယ်တွေ ဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

Source: Nikkei Asia 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013