DVB Logo
Home
မြန်မာသတင်း
သာပေါင်းမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် လူဦးရေ ၃၀၀၀ ခန့် အကူညီလိုအပ်နေ 
DVB
·
July 24, 2024
သာပေါင်းမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် လူဦးရေ ၃၀၀၀ ခန့် အကူညီလိုအပ်နေ 
1 / 3
Donate to DVB

ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်မှာ င၀န်မြစ်ရေ မြင့်တက်ပြီး ရေကြီးရေလျှံမှုကြောင့် လူနေအိမ်တွေ ရေနစ်မြုပ်ကာ လူအယောက် ၃၀၀၀ ထက်မနည်း ရေဘေးအန္တရာယ်ကြုံနေရပြီး အကူအညီတွေ လိုအပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

သာပေါင်းမြို့နယ်မှ ဇူလိုင် ၁၉ ရက်မှ ၂၃ ရက်အထိလူနေ အိမ် ၅၀၀ ထက်မနည်းရေနစ်မြုပ်နေပြီး လူအယောက် ၃၀၀၀ ခန့် ရေဘေးကြုံနေရကာ အစားအစာနဲ့ ဆေးဝါး ရေသန့်တွေ အကူအညီ လိုအပ်နေတာလို့ ဆိုပါတယ်။ 

ဒေသခံတဦးက “အခုရေကြီးမှုက မနှစ်ကထက် တော်တော်ကို ပိုဆိုးတယ်။ အခု ငဝန်မြစ်ကမ်းဘေးက ရွာတွေအကုန်လုံး ရေမြုပ်ကုန်တာ။ လတ်တလော အစားအစာနဲ့ ရေသန့်တွေ အဓိက လိုနေတာ။ ဘာမှလည်း လုပ်မရ ဘယ်မှလည်းသွားမရတော့ဘူး” လို့ ပြောပါတယ်။ 

လက်ရှိ ရေဘေးကြုံနေရတဲ့ ဒေသခံ အယောက် ၃၀၀၀ ခန့်ကို ပရဟိတအဖွဲ့တွေ၊ မီးသတ်တွေက ပေါင်းစပ်ပြီး ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံတွေကို ရွှေ့ပြောင်းပေးထားကာ ရေဘေးကြုံနေရတဲ့ ဒေသခံတွေထဲမှာ ကလေးငယ်တချို့နဲ့ သက်ကြီး ရွယ်အိုတွေ ဖျားနေကြတယ်လို့ ဆိုပါတယ်။ 

“မိုးမိတဲ့ဒဏ်နဲ့ မြစ်ရေမြုပ်တဲ့ ဒဏ်ကြောင့် ရေဘေးရှောင်တွေတချို့ ဖျားနေတာပါ။ အဓိကကတော့ အဖျားပျောက် ဆေးဝါးတွေနဲ့ ရေသန့်တွေ၊ စားစရာတွေ အကူအညီ လိုအပ်နေတယ်။ ရေက မကျသေးဘူး။ မိုးကလည်း ဆက်ရွာနေတာပဲ” လို့ ဒေသခံ ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။ 

သာပေါင်းမြို့နယ်ထဲက ဆောင်ပုံ၊ ဘုရားကုန်း၊ ကွင်းပေါက်၊ ခေနန်၊ ကန်ဘဲ့၊ ညောင်ကုန်း၊ ရွှေရောင်ချ၊ သရက်ကုန်း စတဲ့ ကျေးရွာတွေမှာ ရေကြီးရေလျှံမှုတွေ အများဆုံး ဖြစ်ပေါ်နေတာလို့ သိရပါတယ်။ 

ဒါ့အပြင် ရေကြီးရေလျှံမှုဒဏ်ကြောင့် သာပေါင်းမြို့နယ်ထဲက အခြေခံပညာ အထက်တန်းကျောင်းတွေ အပါအဝင် စာသင်ကျောင်း ၁၄ ကျောင်းထက်မနည်းကို ဇူလိုင်လ ပထမ အပတ်ကတည်းက ပိတ်ထားရတယ်လို့ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013