DVB Logo
Home
မြန်မာသတင်း
ရည်ညွန်း ဆန်ဈေးနှုန်းတိုးမပေးပါက  ရေရှည်ရောင်းချနိုင်ရေး အခက်ကြုံ
DVB
·
July 24, 2024
ရည်ညွန်း ဆန်ဈေးနှုန်းတိုးမပေးပါက  ရေရှည်ရောင်းချနိုင်ရေး အခက်ကြုံ
Donate to DVB

စစ်ကောင်စီကထုတ်ပြန်ထားတဲ့ သင့်တင့်မျှတတဲ့ဆန်ဈေးနှုန်းကို လာမယ့် ဩဂုတ်လမှာ တိုးမပေးရင် လက်ရှိဈေးနဲ့ ရေရှည်ရောင်းချနိုင်ဖို့ အခက်အခဲရှိတယ်လို့ ဆန်လက်ကား ရောင်းချသူတွေက ပြောပါတယ်။ 

စစ်ကောင်စီက ဆန်ကုန်သည် ၁၁ ဦးကို ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်မှာ ဖမ်းဆီးအရေးယူပြီးတဲ့နောက် ဇူလိုင် ၂ ရက် ထုတ်ပြန်ခဲ့တဲ့ ဆန်ရည်ညွှန်းဈေးက စက်ပိုင်နဲ့ ဆန်ကုန်သည်တွေအတွက် ထုတ်လုပ်မှုစရိတ်နဲ့ မကာမိဘဲ အရှုံးခံ ရောင်းချရတဲ့ဈေးတွေဖြစ်နေပါတယ်။

ဒါကြောင့်လာမယ့် ဩဂုတ်လမှာ ထုတ်ပြန်တဲ့ ဆန်ရည်ညွှန်းဈေးကို အခုထက်ပိုပြီးတိုးမြှင့် သတ်မှတ်ပေးဖို့ ဆန်လက်ကား ရောင်းချသူတွေက မျှော်လင့်နေကြတာဖြစ်ပါတယ်။

ဒီအခြေနေကို မြန်မာနိုင်ငံရဲ့ လူကြိုက်အများဆုံးနဲ့ ထိပ်တန်းဆန်လည်းဖြစ်တဲ့ ရွှေဘိုပေါ်ဆန်းရောင်းချတဲ့  ဆန်ကုန်သည်တဦးက “ ပွင့်ပွင့်လင်းလင်းပြောရင်တော့ ၁၄ ခွဲက ရှုံးတာပေါ့။ သိတဲ့ အတိုင်း အပြင်မှာ ၁၆ လောက်ပေါက်တဲ့ဆန်ကို ၁၄ ခွဲနဲ့ ရောင်းပေးရတယ်။ ကုန်စည်ဒိုင်လည်းသွင်းရတယ်ဆိုတော့ အရှုံးခံပြီးသွင်းရတာပေါ့နော်။ ကျနော်တို့အကုန်လုံး အသင်းသူအသင်းသားတွေ မျှော်လင့်တာကတော့ ၁၄ ခွဲဆိုတာကတော့ လောလောဆယ် အဆင်မပြေဘူးပေါ့ဗျာ။ ၈ လပိုင်းဆိုရင ရည်ညွှန်းဈေးလေး နည်းနည်းလေး အပြောင်းအလဲလေး လုပ်လာရင်တော့ အောက်က ဆန်စက်တွေ စပါးပွဲစားတွေပဲ အဆင်ပြေမယ်။ ကျနော်တို့လည်း လူးသာလွန့်သာဆိုရင်တော့ အဆင်ပြေနိုင်တာပေါ့”လို့ ပြောပါတယ်။

လက်ရှိ ဇူလိုင်လအတွက် ဆန်ရည်ညွှန်းဈေးတွေကို သတ်မှတ်ရာမှာ ရွှေဘိုပေါ်ဆန်းဆန် တတင်းခွဲတစ်အိတ်ကို ကျပ် ၁၄၅၀၀၀၊ ဘေးကြား၊ ကျားပျံပေါ်ဆန်းတအိတ်ကို ကျပ် ၁၃၀၀၀၀၊ ဧရာဝတီမြို့နယ်အစုံကထွက်တဲ့ ပေါ်ဆန်းတအိတ်ကို ကျပ်၁၂၀၀၀၀၊ ဆန်သား ၅ ရာခိုင်နှုန်းကနေ ဆယ်ရာခိုင်နှုန်းအထိပါဝင်တဲ့ ဧရာမင်း၊ ဧရာပဒေသာ၊ မဂျမ်းတောကစလို့ အထူးအရည်အသွေး ကောင်းတဲ့ ဆန်မာအုပ်စုကို တအိတ် ကျပ် ၁၃၀၀၀၀၊ ဆန်သား ၅ ရာခိုင်နှုန်းကနေ ၁၀ ခိုင်နှုန်းထိပါဝင်တဲ့ ဧည့်မထအုပ်စုဝင် ဆန်ကြမ်းတအိတ်ကို ကျပ်တသိန်းအထိသာ အများဆုံးရောင်းချဖို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

အဲ့ဒီလို ဆန်ရည်ညွှန်းဈေး သတ်မှတ်လိုက်တဲ့အတွက် ဆန်တအိတ်ကို ၂ သိန်းကျော် ရောင်းကြတဲ့ အရောအနှောမပါတဲ့ အရည်အသွေးမြင့် ပေါ်ဆန်းဆန်တွေက တရားမဝင်ဆန်ဖြစ်သွားပြီး ဈေးဆိုင်တွေအများစုမှာ တင်ရောင်းနိုင်တာ မရှိတော့ပါဘူး။

ရန်ကုန်မြို့က ဝါးတန်းဆန်ကုန်စည်ဒိုင်မှာ ရွှေဘိုပေါ်ဆန်းအပါအဝင် အရည်အသွေးမြင့် ပေါ်ဆန်းတွေ ဝယ်လို့မရတော့လို့ လက်လီဈေးကွက်မှာ အခက်အခဲဖြစ် ပါတယ်။

ရန်ကုန်မြို့က ဆန်လက်လီရောင်းချသူတဦးက “မရဘူး။ ရရင်တော့အကုန်လုံးယူလာမှာပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် ဟိုကနေလာရတာ ဝေးတာပေါ့။ ဒီကိုရောက်ဖို့ စရိတ်တွေ မနည်းဘူးကုန်တယ်။ ဆိုကြပါစို့၊ ဆန်တအိတ်ကို တသိန်းခွဲလောက် ပေါက်တယ် ဆိုရင်တောင် တအိတ်ကို ၁၃၀၀၀၀ နဲ့ရောင်းခိုင်းတယ်ဆိုတော့ သူကမကိုက်ဘူးလေ။ မကိုက်ဘူး”လို့ ပြောပါတယ်။

အဲ့ဒီလိုရွှေဘိုပေါ်ဆန်းအရည်အသွေးမြင့်ဆန်တွေက ရည်ညွှန်းဈေးကြောင့် ဈေးကွက်ထဲမှာ ပြတ်လပ်လာပြီး ပေါ်ပေါ်ထင်ထင်ရောင်းဝယ်တာမရှိတော့သလို စစ်ပွဲတွေကြောင့် စိုက်ဧကတွေနဲ့ သွင်းအားစုတွေအသုံးပြုမှုနှုန်းလျော့ကျလာတာတွေကြောင့်လည်း စပါးအထွက်နည်းရာကနေ ဆန်ထွက်လျော့လာတဲ့ အခြေအနေတွေ ဖြစ်လာ ပါတယ်။

ရွှေဘိုမြို့ က ဆန်စက်လုပ်ငန်းရှင်တဦးက “အခုနိုင်ငံရေး အခြေအနေ နယ်မြေအခြေအနေတွေကြောင့် စိုက်ပျိုးထုတ်လုပ်မှုမှာလည်း သုံးပုံပုံရင် တပုံလောက်က စိုက်ပျိုးချင်မှ စိုက်ပျိုးနိုင်မယ်။ အခြေအနေ အကြောင်းကြောင်းကြောင့် အရပ်ရပ်ကြောင့်၊ ပြီးရင်လည်း ဓာတ်မြေဩဇာ၊ ဘာညာသွင်းအားစု ဓာတ်ဆီဈေးဘာညာတွေကြောင့်လည်း ကုန်ဈေးနှုန်းက တက်တာလည်းပါတယ်။ အောက်ခြေမှာက အခြေအနေ အကြောင်းကြောင်းကြောင့်မစိုက်နိုင်၊ မပျိုးနိုင်တာလည်း ရှိတာပေါ့ဗျာ၊ အဲ့လိုချည်းဆိုတော့ တောင်သူကလည်း ပစ္စည်းအင်အားကျတော့နည်းနည်းလေး လျော့သွားတယ်ဗျ၊ အဲ့ဒီလျော့တဲ့ဟာကို ဈေးသတ်မှတ်လိုက်တော့ တချို့တောင်သူက မကိုက်တော့ မရောင်းတော့တာ”လို့ ပြောပါတယ်။

လတ်တလောထုတ်ပြန်ထားတဲ့ ဇူလိုင်လအတွက် သင့်တင့်မျှတတဲ့ဆန်ဈေးနှုန်း ထုတ်ပြန်ချက်တွေကို ၂၀၂၃ ခုနှစ် နိုဝင်ဘာမှာ ဆန်စပါးအသင်းချုပ်က စတင်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဆန်ကုန်သည်တွေကို အရေးကြီးကုန်စည်ဥပဒေနဲ့ ဖမ်းဆီးပြီးတဲ့နောက်မှာတော့ စားသုံးသူရေးရာဦးစီးဌာနရဲ့ဦးဆောင်မှုနဲ့ ထုတ်ပြန်လာပြီး ဆန်ကုန်သည်တွေကတော့ အရှုံးခံရောင်းချနေတဲ့ သင့်တင့်မျှတတဲ့ ဆန်ဈေးတွေကို လာမယ့် ဩဂုတ်လမှာ တိုးမြှင့်ပေးဖို့ မျှော်လင့်နေကြ ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013