
စစ်အာဏာရှင်တပ်က ဒီနှစ်ထဲမှာ တော်လှန်ရေးအင်အားစုတွေကို စိတ်ဓာတ်ရေးရာအရ ထိုးနှက်ဖို့အတွက် “အလင်းဝင်ခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဝါဒဖြန့်မှုတွေကို အဆက်မပြတ် လုပ်ဆောင်လာနေပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်က ရှမ်းပြည်နယ်၊ ဗထူးမြို့မှာ ပြုလုပ်တဲ့ စစ်ဘက်သင်တန်းဆင်းပွဲ တခုမှာ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ၂၀၂၁ ခုနှစ်ကနေ အခုအထိ အလင်းဝင်လာတဲ့ PDF တပ်ဖွဲ့ဝင်ပေါင်း ၁,၃၄၁ ယောက် ရှိနေပြီလို့ ပြောဆိုခဲ့ပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်ကလည်း ရက်ပေါင်း ၉၀ အတွင်း အလင်းဝင်ကြဖို့ ဖိတ်ခေါ်နေသလို၊ လပခ နဲ့ တပခ နယ်မြေတွေမှာ PDF တွေ ရာနဲ့ချီ အလင်းဝင်နေတယ်လို့ ဝါဒဖြန့်ပါတယ်။
ဒီလိုပြောဆိုချက်တွေဟာ တော်လှန်ရေးအဖွဲ့အစည်းတွေကို စိတ်ဓာတ်ပျက်ပြားအောင် စနစ်တကျ ရည်ရွယ်လုပ်ဆောင်နေတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်က တုံ့ပြန်ပါတယ်။
NUG ပြောခွင့်ရသူ ဦးနေဘုန်းလတ်က “ဒီအကြမ်းဖက်စစ်တပ်ကနော် ကျနော်တို့ သူတို့ဆီမှာ ဒီ ကက(ပြည်) ဆိုတာ ရှိတယ်ဗျ။ ဒီကာကွယ်ရေးအောက်မှာ ဒီပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးဌာန ဌာနချုပ် ဆိုတာမျိုးပေါ့။ အဲဒါဟာ ရှိပြီးတော့ သူက သေချာ ဒီစိတ်ဓာတ်စစ်ဆင်ရေး ဆိုတဲ့ဟာ၊ ဝါဒဖြန့်ချိရေးဆိုတာတွေကို တောက်လျှောက် လုပ်နေတာပေါ့နော်။ အဲဒါ ဒါတွေကို သိနားလည်ထားဖို့ လိုအပ်ပါတယ်နော်။ ကျနော်တို့ တော်လှန်ရေးမှာ ဒါ PDF တွေမှမက တော်လှန်ရေးမှာ ပါဝင်နေကြတဲ့သူတွေ အကုန်လုံး ဒီစစ်တပ်ဟာ စိတ်ဓာတ်စစ်ဆင်ရေးတွေ၊ ဝါဒဖြန့်ချိရေးတွေကို ဘယ်လိုလုပ်လဲဆိုတာကို သိနားလည်ဖို့ လိုပါတယ်။ အခု ဒီ ‘အလင်းဝင်’ နဲ့ ဘာညာဆိုပြီးတော့ ခေါင်းစဉ်တပ်ပြီးတော့ လုပ်နေတဲ့ဟာတွေကလည်း ခုနကပြောတဲ့ တချို့သော အနည်းငယ်သော ဒီလူတချို့နဲ့ပေါ့နော်၊ ဒီတခြားသောသူတွေနဲ့ကို ပေါင်းပြီးတော့ တမင်သက်သက်ကို လုပ်ပွဲတွေ ဒါ လုပ်ပြနေတဲ့ သဘောပါပဲနော်။ ဒါ ဒါတွေက ထင်ရှားပါတယ်” လို့ ပြောပါတယ်။
စစ်တပ်ဘက်က ကိန်းဂဏန်းတွေနဲ့ ဝါဒဖြန့်နေသလို လက်တွေ့မြေပြင်မှာလည်း တပ်ဖွဲ့ဝင်တချို့ မိခင်တပ်ရင်းတွေကို စွန့်ခွာသွားတာတွေ ရှိနေပေမဲ့ စစ်တပ်ဘက်ကို လက်နက်ချတဲ့သူကတော့ အနည်းစုသာဖြစ်တယ်လို့ မန္တလေးတိုင်းထဲက PDF တွေနဲ့ နီးစပ်သူတယောက်ကပြောပါတယ်။
အဲဒီလို ဘက်ပြောင်းသူတွေဟာ ငွေကြေးကိစ္စ အရှုပ်အရှင်းရှိသူတွေ ဖြစ်လေ့ရှိပြီး အများစုကတော့ မိသားစု စားဝတ်နေရေးအခက်အခဲကြောင့် တပ်ကနေ ထွက်ခွာကြတာလို့ သူက ပြောပါတယ်။
တော်လှန်ရေးတပ်နဲ့ နီးစပ်သူ မန္တလေးဒေသခံတယောက်က “စဉ့်ကူးဘက်တွေကတော့ နည်းနည်းများတယ်။ အိမ်နားလေးကကျတော့ မိဘတွေက ဝင်ငွေအဆင်မပြေကြတော့ အလုပ်လုပ်ကျွေးမဲ့သူ မရှိတော့ အဲဒီလိုနဲ့ ပြန်ထွက်ကြတာတွေ ရှိတယ်ဗျ။ အိမ်ကို ငဲ့ကြတော့။ ပေးထွက်တာမျိုးတော့ ရှိတယ်။ တချို့ကကျတော့ ယုံကြည်တဲ့သူကျတော့ ပေးမထွက်ချင်ကြဘူး။ နှမြောတာပေါ့။ တချို့ကြတော့လည်း တပ်ကို ပြန်ငဲ့ပြီးတော့ ပြန်ပါသွားတာလည်း ရှိတယ်။ ဒီတိုင်း ထွက်လိုက်တာပဲ ရှိတယ်။ ထွက်ပြီး တခြားနယ်မှာ အလုပ်သွားလုပ်တာမျိုးပေါ့ အဲဒီလိုမျိုးတော့ ရှိတယ်ဗျ”လို့ ပြောပါတယ်။
စစ်တပ်က ဝါဒဖြန့်နေချိန်မှာပဲ တော်လှန်ရေးအဖွဲ့အစည်းတချို့ အတွင်းမှာလည်း စစ်ရေးဖိအားနဲ့ စားဝတ်နေရေး အကြောင်းအမျိုးမျိုးကြောင့် တပ်ဖွဲ့ကို စွန့်ခွာသွားတဲ့ တပ်ပြေး ပြဿနာတွေ ရှိနေပါတယ်။
ထွက်ပြေးသူတွေထဲကမှ တချို့ဟာ စစ်တပ်ဆီ လက်နက်ချတာ၊ ငွေကြေးအလွဲသုံးစားလုပ်တာ၊ လေကြောင်းတိုက်ခိုက်ဖို့အတွက် ပွိုင့်တွေပေးတာ၊ တခြားရဲဘော်တွေကို ဘက်ပြောင်းဖို့ စည်းရုံးတာတွေ ပြုလုပ်လာတာကြောင့် တော်လှန်ရေးအင်အားစုတချို့က သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထုတ်ပြန်ပြီး အရေးယူတာမျိုး ရှိခဲ့ပါတယ်။
ဒီစိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ရဲ့ ပြောခွင့်ရသူ CDM ဗိုလ်မှူး ကိုနောင်ရိုးက လုပ်ဆောင်သင့်တာတွေကို အကြံပြုပါတယ်။
ကိုနောင်ရိုးက “တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဒီတပ်ပြေးပြဿနာကို ကိုင်တွယ်တဲ့အခါမှာတော့ သေချာခြုံငုံသုံးသပ်ပြီးတော့မှ ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ဆွေးနွေး အဖြေရှာဖို့က အရေးကြီးလိမ့်မယ်လို့ ကျနော်တို့ ယူဆပါတယ်။ ဒါတွေကို ကျနော်တို့ အပေါ်မှာပေါ့နော် ဟို တပ်တွင်းမှာလည်း အောက်ခြေကြားထဲမှာ မကျေလည်မှုတွေ မဖြစ်အောင်၊ မလိုလားအပ်တဲ့ နောက်ဆက်တွဲတွေ မဖြစ်အောင် အကောင်းဆုံးလည်း အေးအေးချမ်းချမ်း ကိုင်တွယ်ဖြေရှင်းနိုင်မဲ့ နည်းလမ်းလည်းဖြစ်အောင် ဟုတ်လား၊ ကျယ်ကျယ်ပြန့်ပြန့် ခြုံငုံသုံးသပ်ပြီး မူဝါဒတွေ ကောင်းတဲ့ တကယ့်ကို ဘက်စုံ ထောင့်စုံ အမြင် စကားသံတွေ အခြေခံပြီးတော့မှ မူဝါဒစည်းကမ်းတွေ ချမှတ်ပြီး ကိုင်တွယ်ဖို့ ဖြေရှင်းဖို့ အရေးကြီးလိမ့်မယ်တို့ ယူဆပါတယ်ဗျ”လို့ ပြောပါတယ်။
စစ်အာဏာရှင်ရဲ့ ‘အလင်းဝင်’ ဝါဒဖြန့်မှုတွေဟာ တော်လှန်ရေးအင်အားစုတွေကြား သံသယပွားပြီး စည်းလုံးမှုပြိုကွဲအောင် ရည်ရွယ်လုပ်ဆောင်နေတာလို့ သုံးသပ်တာတွေ ရှိနေပါတယ်။
ဒါကြောင့် ဒီစိတ်ဓာတ်စစ်ဆင်ရေးတွေကို သတိပြုဖို့ လိုအပ်သလို၊ တပ်တွင်းပြဿနာတွေကို ကိုင်တွယ်ရာမှာလည်း ရန်သူ့အတွက် အသုံးမဝင်သွားအောင် ပညာသားပါပါ ဖြေရှင်းဖို့ လိုအပ်နေကြောင်း လေ့လာသူတွေက ထောက်ပြကြပါတယ်။
စိုးသူအောင်










