DVB Logo
Home
မြန်မာသတင်း
မြန်မာကို လူသားချင်းစာနာကူညီရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးမည် 
DVB
·
July 22, 2024
မြန်မာကို လူသားချင်းစာနာကူညီရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးမည် 
Donate to DVB

လာအိုနိုင်ငံမှာ ကျင်းပမယ့် ၅၇ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မြန်မာပြည်သူတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးရေး ဦးစားပေး ဆွေးနွေးသွားဖို့ ရှိနေပါတယ်။ 

လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ ဇူလိုင် ၂၁ ရက်ကနေ ၂၇ ရက်အထိ ကျင်းပနေတဲ့ ၅၇ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မြန်မာပြည်သူတွေကို လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေပေးရေးနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အဓိကထား ဆွေးနွေးမယ်လို့ အာဆီယံက ထုတ်ပြန်ထားတာပါ။

ဒီအစည်းအဝေးကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးရော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးပါ တက်ရောက်ခွင့် မရပါဘူး။ 

အာဆီယံ အလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ မြန်မာ့အရေးအထူးသံတမန် အာလွန်ကဲအိုကစ်တီကွန်နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ ၂၀၂၄ ဇန်နဝါရီလကုန်ပိုင်းမှာ အွန်လိုင်းကတွေ့ဆုံခဲ့ပြီး ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်မဖော်နိုင်သေးတာနဲ့ ပတ်သက်လို့  ဆွေးနွေးမှုတွေရှိခဲ့ပါတယ်။

အာဆီယံရဲ့ ၃ နှစ်ကျော် စစ်ကောင်စီနဲ့ ဆက်ဆံရေးဟာ မအောင်မြင်ဘူးဆိုတာ လက်ခံသိရှိပြီးတော့ စစ်ကောင်စီကို ဖိအားပေးအရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ လိုအပ်နေပြီလို့ NUG သမ္မတရုံးတာဝန်ရှိသူ ဦးကျော်ဇော်က တိုက်တွန်းပါတယ်။

“အင်ဒိုနီးရှားဥက္ကဋ္ဌ လုပ်တဲ့အချိန်မှာတုန်းကလည်း ထိတွေ့ဆက်ဆံတာတွေရှိပါတယ်။ အခုလာအိုက ဥက္ကဋ္ဌတာဝန်ယူတဲ့အခါမှာလည်း သူ့ရဲ့အထူးကိုယ်စားလှယ်ကနေပြီးတော့ ထိတွေ့ ဆက်ဆံနေတာရှိပါတယ်။ အာဆီယံအဖွဲ့နဲ့ ထိတွေ့ဆက်ဆံမှုတွေ ပိုမိုပြီးတော့ ကောင်းမွန်ဖို့အတွက် ကျနော်တို့ NUG အစိုးရကလည်း ကြိုးစားဆောင်ရွက်နေတယ် အဆင်သင့်ရှိတယ်ဆိုတာကိုလည်း ပြောကြားချင်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်ရှောင်ဒုက္ခသည် ၃ သန်းကျော်နေပြီ။ လူဦးရေရဲ့ ၄ ပုံ ၃ ပုံဟာ လူသားချင်းစာနာမှုအကူအညီတွေလိုတဲ့ ဆင်းရဲမွဲတေတဲ့အဆင့်တွေ ရောက်နေပြီဆိုတာ ကုလသမဂ္ဂရဲ့အစီအရင်ခံစာတွေမှာပါနေတယ်။ အာဆီယံအဖွဲ့ကြီးကလည်း လူသားချင်းစာနာထောက်ထားမှု အထောက်အကူပြုဖို့ သဘောတူထားတာရှိတယ်။ ဒါပေမဲ့လည်း အကြမ်းဖက်စစ်တပ်နဲ့ပဲ ဆွေးနွေးပြီးတော့ လုပ်နေကိုင်နေလို့က မအောင်မြင်ဘူးဆိုတာလည်း အာဆီယံအဖွဲ့ကြီးက တွေ့ရှိပြီးဖြစ်ပါ လိမ့်မယ်။”

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ စစ်ကောင်စီ ကိုယ်စားလှယ်ကို မဖိတ်ကြားဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်ကို တက်ရောက်ခွင့်ပြုဖို့ တော်လှန်ရေးအဖွဲ့တွေနဲ့ လူ့အခွင့်အရေးအဖွဲ့ ပေါင်း ၃၃၀ ကျော်က အာဆီယံအတွင်းရေးမှူးချုပ်ဆီကို ဇူလိုင် ၁၇ ရက်က စာပေးပို့ တောင်းဆိုထားပါတယ်။

တရုတ်နိုင်ငံရဲ့ ဒေသတွင်းဩဇာတည်ဆောက်ရေးမဟာဗျူဟာအရ မြန်မာ့အရေးကို အာဆီယံလမ်းကြောင်းကနေပဲ ချဉ်းကပ်ဖို့ မူဝါဒက အပြောင်းအလဲမရှိသေးတာလည်း ဖြစ်ပါတယ်။

မြန်မာ့အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောက "တရုတ်မှာက သူက ဆင်းရဲမှု ပပျောက်ရေးလုပ်ငန်းတွေ၊ နောက်ပြီးတော့ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ၊ တိုင်းပြည်အုပ်ချုပ်ရေးလုပ်ငန်းတွေ အဲ့ဒါတွေနဲ့ပတ်သက်လို့ သူက တတိယကမ္ဘာက နိုင်ငံတွေပေါ့နော်၊ တောင်ပိုင်းနိုင်ငံများပေါ့၊ အဲ့ဒီနိုင်ငံတွေကို လှမ်းပြီးစည်းရုံးနေတာ အများအပြားပဲဗျ။ မြန်မာပြည်တင်မဟုတ်ဘူး၊ အာဆီယံနိုင်ငံတွေတင်မဟုတ်ဘူး၊ အာဖရိကတိုက်တို့ လက်တင်အမေရိကတို့ ဘာတို့က လူတွေပါဖိတ်ပြီးတော့ အဲ့ဒီဟာတွေအတွက် သူ့ရဲ့ မဟာဗျူဟာကြီးတခုလုံးထဲက လုပ်ငန်းတခုပါပဲ”လို့ ပြောပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဥရောပသမဂ္ဂ (အီးယူ)က အကြီးတန်းအရာရှိတွေအပါအဝင် အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ ကနေဒါ ရုရှား၊ ဂျပန်၊ အိန္ဒိယ စတဲ့ နိုင်ငံပေါင်း ၃၀ ကျော်က အဆင့်မြင့်အရာရှိကြီးတွေ တက်ရောက်ဖို့ရှိနေတယ်လို့လည်း အာဆီယံအဖွဲ့ က ထုတ်ပြန်ထားပါတယ်။

အနောက်အင်အားကြီးနိုင်ငံတွေကလည်း စစ်ကောင်စီအာဏာစသိမ်းကတည်းက မြန်မာ့အရေးကို အာဆီယံလမ်းကြောင်းကနေပဲချဉ်းကပ်ဖို့ တိုက်တွန်းကြိုးစားခဲ့ကြပြီး ဘုံသဘောတူညီချက် ၅ ရပ်ကို ချမှတ်ခဲ့ပေမဲ့ အခုအချိန်အထိ တချက်မှ အောင်မြင်အောင် အကောင်အထည်မဖော်နိုင်သေးပါဘူး။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013