
မန္တလေးတိုင်း စဉ့်ကူးမြို့သိမ်းတိုက်ပွဲမှာ သုံ့ပန်း ၁၀၀ ကျော် ဖမ်းဆီးရမိထားပြီး မြို့ကို ပြန်လက်မလွှတ်ရအောင် ပြင်ဆင်ဆောင်ရွက်နေတယ်လို့ မန္တလေး PDF တာဝန်ရှိသူက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးက စဉ့်ကူးမြို့နယ်အတွင်းက စစ်ကောင်စီစခန်းအားလုံးနဲ့ စဉ့်ကူးမြို့ကို ဇူလိုင် ၁၇ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တာပါ။
စဉ့်ကူးမြို့ဟာ မန္တလေးတိုင်းထဲမှာ မန္တလေး PDF က ပထမဆုံး သိမ်းယူနိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ ကင်းစင်တဲ့ မြို့နယ်ဖြစ်လာပြီလို့ မန္တလေး PDF က ဇူလိုင် ၂၀ ရက်မှာ ကြေ ညာထားပါတယ်။
မြို့သိမ်းတိုက်ပွဲအပြီးမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် ထိခိုက်သေဆုံးတဲ့ ပြည်သူတွေလည်းရှိခဲ့ပြီး ကြေညာချက်ထုတ်ပြန်တာမှာ နှောင့်နှေးမှုတချို့ရှိခဲ့ပါတယ်။
ကိုအော်စမွန် (ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး) က “စဉ့်ကူးမြို့နယ်ထဲမှာ ကျောက်မြောင်းတံတား တပ်စခန်းအပါအဝင် တပ်စခန်း ၁၂ ခု သိမ်းပိုက်ရရှိခဲ့တယ်။ အဲ့ဒါပြီးတော့မှ ကျနော်တို့ စဉ့်ကူးမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ဗျ။ သုံ့ပန်းအနေနဲ့ ၁၀၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ပြောရင် ရပါတယ်ဗျ။ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုလည်း များတယ်ဗျ။ အသေးစိတ်ကိုတော့ ကျနော်တို့ ထုတ်ပြန်ဖို့မရှိသေးပါဘူးဗျ။ စဉ့်ကူးမြို့ကို ကျနော်တို့ အလွယ်တကူ သိမ်းယူနိုင်ခဲ့တာမဟုတ်တဲ့အတွက် အလွယ်တကူ ပြန်စွန့်လွှတ်သွားဖို့တော့ မရှိပါဘူး။ စဉ့်ကူးမြို့ကို ထိန်းဖို့အတွက် အစွမ်းကုန်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ မိုးကုတ်ဘက်မှာတော့ တိုက်ပွဲတွေက မိုးကုတ်အရှေ့ပိုင်းကို ရောက်နေပြီလို့ပြောရင် ရပါတယ်ဗျ။ စစ်ကောင်စီဘက်က မြေပြင်စစ်ကြောင်း စစ်ကူလာတာတော့ မရှိသလောက်ကို တွေ့ရပါတယ်။ တပ်စခန်းတွေကို ခုခံတဲ့အခါမှာ လေကြောင်းတိုက်ခိုက်မှုကိုပဲ အားပြုပြီးတော့ ခုခံနေတာ တွေ့ရပါတယ်ဗျ” လို့ ပြောပါတယ်။
မန္တလေးတိုင်းကို တော်လှန်ရေးအင်အားစုတွေက စိန်ခေါ်လာနိုင်ပြီဖြစ်တဲ့အတွက် အိုးဘို၊ မြင်းခြံနဲ့ ရမည်းသင်းထောင်တွေမှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးကယ်ထုတ်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ပြောပါတယ်။
စဉ့်ကူးမြို့သိမ်းတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေဘက်က ရဲဘော်တချို့လည်း ဆုံးပါးခဲ့ရပြီး အလေးပြုမှတ်တမ်းတင်ဂုဏ်ပြုကြောင်း မန္တလေး PDF က ကြေညာထားပါတယ်။
သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက “မြန်မာပြည်ရဲ့ အသည်းနှလုံး ဗဟိုချက်နေရာဖြစ်တဲ့ မန္တလေးဒေသအထိကို ထိုးဖောက်ဝင်ရောက်နိုင်ပြီ။ အခုဆိုရင် မြို့တွေနယ်တွေကိုလည်း သိမ်းနိုင်တဲ့အခြေအနေပေါ့ဗျာ။ ဒါ စဉ့်ကူးနယ်ကို သိမ်းပိုက်ရရှိနိုင်ပြီလို့ သိရပါတယ်။ အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုအနေနဲ့ ဒင်းတို့ရဲ့အားသာချက်ပါလို့ ပြောနိုင်တဲ့ စစ်ရေးစစ်ရာမှာတောင်မှ အခုလို မရှုမလှ အရေးနိမ့်တာကို အင်မတန် သိသာထင်ရှားပေါ်လွင်တာဖြစ်ပါတယ်။ ပြည်သူလူထုက အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို မကြိုက်ဘူး။ အာဏာသိမ်းတဲ့လုပ်ရပ်ကို မနှစ်မြို့ဘူး။ ဒါကြောင့် ဒီပြည်သူ့တော်လှန်ရေးကြီးမှာ လူထုတရပ်လုံးက တို့တတ်စွမ်းတဲ့ နည်းနာ နည်းလမ်းမှန်သမျှနဲ့ အတူတကွ ပူးပေါင်းပါဝင်ကြတယ်ပေါ့ဗျာ။ နေပြည်တော်လို၊ ပဲခူးလို၊ မကွေးလို၊ ရန်ကုန်လို ဗဟိုနေရာတွေအထိပါ ထိုးဖောက်ဝင်ရောက်နိုင်တဲ့ အခြေအနေကို ကျနော်တို့ တွေ့လာရမှာဖြစ်ပါတယ်ဗျ။ အဲဒီတော့ တဖက်က ပြည်သူ့လှုပ်ရှားမှု လူထုတိုက်ပွဲတွေနဲ့အတူ ဟန်ချက်ညီညီပေါင်းစပ်ပြီးတော့ တော်လှန်ရေးရဲ့ အဆုံးသတ်ပန်းတိုင်ကို ကျနော်တို့ ဆက်လက်ချီတက်ကြဖို့ပဲဖြစ်တယ်လို့ ကျနော့်အနေနဲ့ တင်ပြလိုပါတယ်ခင်ဗျ” လို့ ပြောပါတယ်။
မန္တလေးတိုင်းနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို တော်လှန်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဇူလိုင် ၁၀ ရက်နေ့မှာ အပြီးသတ်သိမ်းယူထားပါတယ်။ မန္တလေးတိုင်း မတ္တရာနယ်၊ စဉ်ကူးနဲ့ မိုးကုတ်နယ်တွေမှာ စစ်ရေးဆက်လက်တင်းမာနေပြီး အခြေအနေရှုပ်ထွေးနေတာကြောင့် ထိခိုက်သေဆုံးမှုစာရင်းတွေကိုတော့ DVB က သီးခြားအတည်မပြုနိုင်သေးပါဘူး။
သုတချမ်းသာ