DVB Logo
Home
မြန်မာသတင်း
သိန္နီဈေး ဗုံးကြဲခံရမှု SNLD ပါတီ မြို့နယ်အတွင်းရေးမှူးအပါအဝင် ၇ ဦးသေဆုံး   
DVB
·
July 19, 2024
သိန္နီဈေး ဗုံးကြဲခံရမှု SNLD ပါတီ မြို့နယ်အတွင်းရေးမှူးအပါအဝင် ၇ ဦးသေဆုံး   
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့ ရပ်ကွက် ၁ ရှိ မြို့မဈေးကြီးထဲကို စစ်ကောင်စီတပ်က ဇူလိုင် ၁၈ ရက် မနေ့ညနေပိုင်းက လေယာဉ်နဲ့ ဗုံးလာကြဲတာမှာ SNLD ပါတီရဲ့ မြို့နယ်အတွင်းရေးမှူး အပါအဝင် အရပ်သားပြည်သူ အနည်းဆုံး ၇ ဦးသေဆုံးပြီး ၁၇ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီရဲ့ သိန္နီမြို့နယ် စည်းရုံးရေးမှူးနဲ့ အတွင်းရေးမှူး ဦးစိုင်းထွန်းကြည် (အသက် ၅၅ နှစ် )ဟာ  သိန္နီဈေးထဲမှာ လျှပ်စစ်ပစ္စည်းမျိုးစုံရောင်းချတဲ့ဆိုင်ဖွင့်ထားပြီး ဈေးရောင်းနေစဉ် ဗုံးဆန်ထိမှန် ဒဏ်ရာအပြင်းအထန်ရပြီး  ဇူလိုင် ၁၉ ဒီမနက်ပိုင်းမှာ ဆုံးသွားတာလို့  သမီးဖြစ်သူ နန်းလှိုင် ဆိုင်က DVB ကိုပြောပါတယ်။

“ အဖေက မနေ့ညနေက ဈေးထဲမှာဆိုင်ဖွင့်နေတုန်း ဗုံးဆန်ထိသွားတယ်။ ဝမ်းဗိုက်မှာထိပြီး အူတွေထွက်လာတယ်။ ပေါင်လည်းကျိုးသွားတယ်။ သိန္နီဆေးရုံက မနိုင်လို့ ချင်းရွှေ‌ဟော်ဆေးရုံမှာသွားကုတာ၊ ဒီကနေ့မနက် ၃ နာရီ ၄၆ မိနစ်မှာ ဆရာဝန်လက်ထဲမှာပဲ ဆုံးသွားပြီရှင့်။ အဲဒါ အလောင်းကို သိန္နီပြန်သယ်လာခဲ့ပါတယ်။”

စိုင်းထွန်းကြည်ဟာ သိန္နီဇာတိဖြစ်ပြီး မိသားစုအပေါ် တာဝန်ကျေတဲ့အိမ် ထောင်ဦးစီးတယောက်ဖြစ်သလို ရပ်ရေးရွာရေးအမျိုးသားရေးမှာလည်း အမြဲတက်ကြွစွာ ကူညီတတ်ကြောင်း၊ သိန္နီမှာတိုက်ပွဲဖြစ်တော့ ဇနီးနဲ့ သားသမီးတွေကို စစ်ဘေးရှောင်ခိုင်းပြီး သူကတော့ ဇာတိမြေကိုခွဲမသွားနိုင်ဘူးဆိုပြီး ကျန်ခဲ့ရာက အခုလို ဗုံးဒဏ်နဲ့ ကွယ်လွန်သွားတဲ့အတွက် အရမ်းစိတ်ထိခိုက်ရတယ်လို့ သမီးဖြစ်သူက ပြောပါတယ်။ 

နောက်ထပ်သေဆုံးသူတဦးဟာ ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်က အသက် ၂၀ ကျော် အရွယ် စိုင်းအောင်ထွန်းဖြစ်ပြီး မိသားစုကို ရှာဖွေကျွေးမွေးနေတဲ့ စိတ်သဘောထား ကောင်းမွန်သူဖြစ်တာကြောင့် လွန်စွာနှမျောရကြောင်း  သိန္နီဒေသခံတဦးက ပြောပါတယ်။

သေဆုံးသူ နောက်တဦးကတော့ ကုန်စုံဆိုင်က ဒေါ်အားဝူး (အသက် ၆၀ ကျော် ) ဖြစ်ကြောင်း ၊ ဗုံးဆန်ကြောင့် လည်ပင်းပြတ်ပြီး ခေါင်းတခြားကိုယ်တခြားဖြစ်သွားတယ်၊ ပရဟိတအဖွဲ့က ခေါင်းနဲ့ကိုယ်ကို ပြန်ထုပ်ပိုးပေးပြီး သူ့အိမ်ကိုပြန်ပို့ပေးတယ်၊ အိမ်မှာ သားသမီးတွေက အဝေး ရောက်နေပြီး လေဖြတ်လူမမာခင်ပွန်းတယောက်ပဲကျန်တယ်၊ ခင်ပွန်းက အိပ်ရာက မထနိုင်တာကြောင့် မနေ့ညက တညလုံး သူ့မိန်းမအလောင်းကို ဒီတိုင်းကြည့်နေရပြီး ဒီနေ့မှ ပရဟိအဖွဲ့တွေက အလောင်းလာသယ်ကာသင်္ဂြိုဟ်ပေးမှာကို စောင့်နေတယ်လို့  ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

ဒါ့အပြင် လားရှိုးကနေ ကိတ်မုန့်လာရောင်းတဲ့ လူငယ်တဦး၊ မုန့်ဆိုင်ထဲက အမျိုးသား တဦး၊ ဈေးအနောက်ဘက်က အသက် ၄၀ ကျော်ရွယ်အမျိုးသမီးတဦးလည်း ဆုံးသွားတယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး  ၁၇ ဦးရှိပြီး သိန္နီဆေးရုံမှာ ၁၃ ဦးကုသမှုခံယူကာ နောက်ထပ် ၃ ဦးကတော့ ဒဏ်ရာပြင်းထန်လို့ ကွတ်ခိုင်ပုဂ္ဂလိက ဆေးခန်း တွေမှာ ကုသနေရပါတယ်။ 

သိန္နီမှာ ၂၀၂၇ စစ်ဆင်ရေးတိုက်ပွဲဖြစ်ကတည်းက မြို့သူမြို့သားအများစု  စစ်ဘေး ရှောင်နေကြရပါတယ်။ ခန့်မှန်းခြေ မြို့လူဦးရေရဲ့  ၃ ပုံ ၂ ပုံ တခြားဒေသမှာ တိမ်းရှောင်နေပြီး တချို့ကတော့ နေ့ခင်းဘက် အိမ်မှာပြန်နေကြကာ  ညဘက်မှာ မြို့ဆင်ခြေဖုံးရွာတွေမှာ သွားအိပ်ကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

မနေ့ ညနေပိုင်းက သိန္နီမြို့ဈေးမှာ ဈေးရောင်းသူ ဝယ်သူတွေ စည်ကားနေချိန် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဗုံးကြဲလို့ ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရကာ သေဆုံးခဲ့တာဖြစ်ပါတယ်။

မြို့ခံတဦးက “ခါတိုင်းမှာ စစ်လေယာဉ်တွေက ညဘက်ပဲ လာလို့  ညကိုရှောင်တယ်။ ဒါပေမဲ့ မနေ့ကတော့ ညနေပိုင်း အဖိတ်ဈေးနေ့  ဈေးရောင်းဈေးဝယ်လူ စည်ကားချိန်မှာ ဗုံး ၅- ၆ လုံး လောက်လာကြဲသွားတာ၊ အပျက်အစီးပုံတွေကြားထဲမှာ သေဆုံးဒဏ်ရာရသူတွေရှိ နိုင်သေးတယ်။ ကိုးကန့်စစ်သားတွေကို ဦးတည်တယ်ဆိုပေမဲ့ ထိမှန်သေဆုံးရတာ ပြည်သူတွေပဲ။ မြို့ထဲမှာနေရင် အန္တရာယ်မကင်းဘူးဆိုတာသိပေမဲ့ တချို့က စစ်ဘေးရှောင်ဖို့ လမ်းစရိတ်၊ နေစရိတ် စားစရိတ်မရှိလို့ ဘယ်မှသွားလို့မရဘူး။ တချို့ကတော့ ဇာတိမြေကိုချစ်တဲ့စိတ်နဲ့ တင်းခံပြီးနေနေတာ”လို့ ပြောပါတယ်။  

ဇူလိုင် ၁၉  ဒီမနက် ၃ နာရီကျော်ကလည်း သိန္နီမြို့နယ် စယ်အူကျေးရွာမှာ စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ဗုံး ၂ ခါလာကြဲလို့  အထက်တန်းကျောင်းပျက်စီးသွားပြီး လူထိခိုက်ဒဏ်ရာရမှု အခြေအနေတော့ မသိရဘူးလို့  ဒေသခံက ပြောပါတယ်။ 

သိန္နီမှာ ပြီးခဲ့တဲ့အပတ် ဇူလိုင် ၁၄ ရက် မနက်အစောပိုင်းကလည်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးလာကြဲလို့ သိန္နီမြို့  အထက်တန်းကျောင်း ပြိုကျပျက်စီးခဲ့တယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013