DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်း ၄ နှစ်အတွင်းရောက်လာချိန် မြန်မာနိုင်ငံက ကြေကွဲစရာအခြေအနေရောက်နေဟု ဦးကျော်မိုးထွန်း ပြော
DVB
·
July 18, 2024
အာဏာသိမ်း ၄ နှစ်အတွင်းရောက်လာချိန် မြန်မာနိုင်ငံက ကြေကွဲစရာအခြေအနေရောက်နေဟု ဦးကျော်မိုးထွန်း ပြော
Donate to DVB

စစ်တပ်က မတရားအာဏာသိမ်းယူမှု ၄ နှစ်အတွင်း ရောက်ရှိလာချိန် မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ကြေကွဲစရာအခြေအနေမှာ ရောက်ရှိနေပြီး မြန်မာပြည်သူတွေဟာ စကားလုံးနဲ့ တောင် မဖော်ပြနိုင်တဲ့ ဆိုးရွားတဲ့ အခြေအနေတွေကို ကြုံတွေ့နေရတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောလိုက်ပါတယ်။

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်ကနေ ၁၇ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တဲ့ အဆင့်မြင့်အရာရှိကြီးများအဆင့် နိုင်ငံရေးရာ ဖိုရမ်ဆွေးနွေးပွဲမှာ  မိန့်ခွန်းထဲမှာ ခုလို ပြောလိုက်တာပါ။

ဒါ့အပြင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ၂၀၂၄ ခုနှစ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များဆိုင်ရာ အစီရင်ခံစာထဲမှာ ၂၀၃၀ အာဂျင်ဒါ  အကောင်အထည်ဖော်မှုက ၁၇ ရာခိုင်နှုန်းလောက်သာ ပြည့်မီသေးကြောင်း ဖော်ပြထားတာမို့ ဒါက စိုးရိမ်ဖွယ်ရာ အခြေအနေရှိနေတာကို ဖော်ပြနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်တွေ ပြည့်မီရေးမှာ များစွာ ခက်ခဲနေသေးကြောင်းနဲ့ တိုင်းပြည် လူဦးရေထက်ဝက်နီးပါးက နိုင်ငံရဲ့ ဆင်းရဲမွဲတေမှု သတ်မှတ်မျဉ်းအောက် ရောက်ရှိနေသလို အလယ်အလတ် လူတန်းစားတွေ ပျောက်ကွယ်လာနေတယ်လို့လည်း မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာလည်း အလုပ်လက်မဲ့ဦးရေ ၈ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းနဲ့ စစ်တပ်ရဲ့ အတင်းအဓမ္မစစ်မှုထမ်းခိုင်းမှုကနေ လွတ်မြောက်နိုင်ဖို့ လူငယ်တွေဟာ နိုင်ငံနေရာ အနှံ့အပြားမှာ ပြောင်းရွှေ့နေထိုင်ရတာ၊ နိုင်ငံပြင်ပ ထွက်ခွာကြတာတွေကြောင့် အလုပ်မှ ထွက်ခွာသူဦးရေ တနေ့ထက်တနေ့ များပြားလာတာတွေကို လုပ်ငန်း ကုမ္ပဏီတွေက အစီရင်ခံ တင်ပြထားကြသလို ဝမ်းနည်းဖွယ်ရာ အကောင်းဆုံးကတော့ စစ်အာဏာရှင်တွေဟာ တရားဥပဒေစိုးမိုးရေးကို အလုံးစုံဖျက်ဆီးခဲ့ပြီး နိုင်ငံဖြတ်ကျော် မှုခင်းတွေ ဖြစ်ပေါ်စေဖို့ ဖန်တီးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့်မို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားသလို ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်တွေအားလုံးဟာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ ဖြစ်ပွားမှု တားဆီးရေးတို့ကို ဖော်ဆောင်နိုင်မှုအပေါ် မူတည်နေကြောင်းနဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်နိုင်ခြင်းကသာလျှင် ငြိမ်းချမ်းရေးရရှိရေး၊ တာဝန်ခံမှုရှိတဲ့ အားလုံးပါဝင်တဲ့ အဖွဲ့အစည်းတွေ ပေါ်ပေါက်ရေးအတွက် အခြေအနေကောင်းတွေကို ဖန်တီးပေးနိုင်မယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

နိုင်ငံတကာအသိုက်အဝန်းကလည်း မြန်မာပြည်သူတွေကို ချန်မထားဘဲ ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ၊ ပံ့ပိုးမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ကူညီပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013