DVB Logo
Home
မြန်မာသတင်း
အိန္ဒိယရောက် ရခိုင်ကုန်သည်များ၏ စက်သုံးဆီများ ဖမ်းဆီးခံနေရ
DVB
·
July 18, 2024
အိန္ဒိယရောက် ရခိုင်ကုန်သည်များ၏ စက်သုံးဆီများ ဖမ်းဆီးခံနေရ
Donate to DVB

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်းကို ရောက်ရှိနေကြတဲ့ ရခိုင်ကုန်သည်တွေရဲ့ စက်သုံးဆီတွေကို ဗဟိုလိုင်လူငယ်အစည်းအရုံး (CYLA) က ဖမ်းဆီးနေတယ်လို့ သိရပါတယ်။

ဇူလိုင် ၁၅ ရက်က ရခိုင်ကုန်သည်တဦးပိုင်တဲ့ စက်သုံးဆီ ပေပါ ၂၀ ကျော်ကို လောင်တလိုင်မြို့နယ်အတွင်းက ဒယ်လိုင်ကျေးရွာမှာ CYLA အဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ကုန်သည်တဦးက ပြောပါတယ်။

“ဒယ်လိုင်ကျေးရွာအတွင်းမှာရှိတဲ့ ရခိုင်ကုန်သည်တဦးရဲ့ စက်သုံးဆီ ပေပါ ၂၀ ကျော်ကို CYLA က ဖမ်းဆီးထားတယ်လို့ သိရတယ်။ အဓိကတော့ ရခိုင်ကုန်သည်တွေရဲ့ ဆီဖြစ်တာကြောင့် ဒီအတိုင်းဖမ်းဆီးသွားတာ ဖြစ်တယ်။ ဆီပေပါ ၂၀ ကျော်ဆိုတော့ ကာလတန်ဖိုး ကျပ်ငွေ သိန်း ၇၀၀ နီးပါးလောက် ရှိနိုင်တယ်။ ဆုံးရှုံးမှုကတော့ များတာပေါ့၊ အဲဒီကုန်သည်လည်း မွဲသွားနိုင်တယ်။”

ဇွန် ၂၈ ရက်ကလည်း လောင်တလိုင်ခရိုင်၊ သစ်ပုတ်ချေကျေးရွာအတွင်းက ရခိုင်ကုန်သည်တဦး ဝယ်ထားတဲ့ စက်သုံးဆီ ပေပါ ၅၀ ကျော်ကိုလည်း CYLA ဘက်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း ကုန်သည်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲပြင်းထန်လာပြီး စစ်ကောင်စီက ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပိတ်ဆို့ထားပြီးနောက် ရခိုင်ကုန်သည်တွေဟာ အိန္ဒိယဘက်ကနေ ကုန်စည်တွေကို တင်သွင်းနေကြတာ ဖြစ်ပါတယ်။

လက်ရှိမှာ အဲဒီလမ်းကြောင်း ပိတ်ဆို့ခံထားရတာကြောင့် ရခိုင်ပြည်နယ်အတွင်း စားကုန်၊ ဆေးဝါးနဲ့ စက်သုံးဆီ‌ဈေးနှုန်းတွေ အတက်ဘက်ကို ရှိနေတယ်လို့ မြောက်ဦးမြို့ခံတဦးက ပြောပါတယ်။

“စစ်ကောင်စီက လမ်းပိတ်ထားတာကြောင့် ရခိုင်ပြည်မှာက အိန္ဒိယဘက်ကို မှီခိုပြီး ကုန်စည်တင်သွင်းနေကြတာ ဖြစ်တယ်။ လက်ရှိမှာတော့ CYLA က အဲဒီလမ်းကြောင်းကိုလည်း ပိတ်ဆို့ထားတာကြောင့် ကုန်စည်အဝင်မရှိဘူး။ ကုန်စည်‌စျေးနှုန်းတွေကတော့ အတက်ဘက်ကိုပဲ ရှိနေတယ်။”

CYLA အသင်းဟာ လောင်တလိုင်ခရိုင်အတွင်းမှာ ဩဇာရှိတဲ့ အရပ်ဖက် အဖွဲ့အစည်းတခုလည်း ဖြစ်ပါတယ်။

အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းကို ချင်းပြည်နယ်အတွင်း တိုက်ပွဲတွေမှာ အာရက္ခတပ်တော် ပါဝင်နေတဲ့အပေါ် အကြောင်းပြပြီးတော့ ဇွန် ၂၄ ရက်ကတည်းက CYLA က ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။

လက်ရှိမှာ ရခိုင်ကုန်သည်တွေ ဝယ်ယူထားတဲ့ ကုန်စည်တွေကို သယ်ယူခွင့်မရဘဲ အိန္ဒိယနိုင်ငံအတွင်း ပိတ်ဆို့နေတာ တလနီးပါးအထိ ကြာမြင့်လာပြီ ဖြစ်ပြီးတော့ ကုန်ကျစရိတ်တွေ တအားမြင့်တက်နေတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013