DVB Logo
Home
မြန်မာသတင်း
ရွှေဘို စစ်တပ်ဂိတ်ကို PDF က တိုက်ခိုက်ပြီး လက်နက်များ သိမ်းဆည်း၊ ရေးနှင့် သံဖြူဇရပ်တွင် တိုက်ပွဲဖြစ်
DVB
·
July 17, 2024
ရွှေဘို စစ်တပ်ဂိတ်ကို PDF က တိုက်ခိုက်ပြီး လက်နက်များ သိမ်းဆည်း၊ ရေးနှင့် သံဖြူဇရပ်တွင် တိုက်ပွဲဖြစ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းရွာမှာ အထိုင်ချပြီး စစ်ဆေးရေးလုပ်ဆောင်နေတဲ့ စစ်ကောင်စီအထိုင်ဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်က ဇူလိုင် ၁၇ ရက် မနက် ၆ နာရီက ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေဆီကနေ သိရပါတယ်။

ညောင်းကိုင်းရွာဟာ စစ်ကောင်စီ‌ထာက်ခံတဲ့ ပျူစောထီးရွာတွေဖြစ်တဲ့ ဇီးဖြူကုန်းရွာ၊ ရွာဆိုးရွာ၊ ပေါင်ချိုင်ရွာ စတဲ့ကျေးရွာတွေရဲ့ အနောက်ဘက်မှာ တည်ရှိတဲ့ကျေးရွာတရွာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ ကိုရှမ်းကြီးက “ကျနော်တို့ ဒီလိုအခွင့်အရေးမျိုးရနိုင်ဖို့ တညလုံး အိပ်ရေးအပျက်ခံပြီး စောင့်ခဲ့ရတယ်ဗျ။ အခွင့်အရေးရတာနဲ့ ကျနော်တို့ ရွာထဲအထိ ဝင်ပစ်ခဲ့တာပါဗျ။ စစ်ကောင်စီဘက်ကတော့ စစ်သား ၄ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာပြင်းထန်ရသွားတယ်။ နောက်ပြီး စစ်ကောင်စီ ဂိတ်စခန်းကနေ ကျနော်တို့ MA-1 တလက်၊ G-3 တလက်၊ ကျည်ဘောက်အပိုတချို့နဲ့ ကျည်တချို့ သိမ်းပိုက်ရရှိခဲ့ပါတယ်။ တိုက်ပွဲအတွင်း ကျနော်တို့အဖွဲ့ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

ညောင်ကိုင်းရွာ တိုက်ပွဲဖြစ်စဉ် အ‌ေသးစိတ်သိရနိုင်ဖို့ ဒေသခံတွေဆီကို DVB အနေနဲ့ ကြိုးစားဆက်သွယ်ပေမဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

အခုတိုက်ပွဲကို Special Troop Of Anyar Revolution (STAR) အညာဒေသ အထူးတော်လှန်ရေးတပ်ဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်တွေမှာ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၉ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့‌နဲ့ တောင်ညိုစစ်ကြောင်းတို့ထံကနေ သိရပါတယ်။

ရေးမြို့နယ်၊ မော့ကနင်ကျေးရွာနဲ့ ကွာန်ကျိုက်ကျေးရွာကြား တံတားနားမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဇူလိုင် ၁၆ ရက် မနက် ၉ နာရီမှာ စစ်ကောင်စီတပ်သားတွေက လာရောက်ပစ်ခတ်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုရှိပေမဲ့ အတိအကျ မသိရသေးဘူးလို့ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ရန်နိုင်က ပြောပါတယ်။

“မနေ့ ၉ နာရီလောက်က စစ်သားတွေက ကျနော်တို့ရှိတဲ့နေရာကို လာပြီး ချောင်းပစ်တာ။ ပစ်တာက အရင်ဆုံး M79 လာပစ်တာ၊ ဒါပေမဲ့ မပေါက်ဘူး။ ကျနော်တို့ဘက်က လိုက်ပစ်တာ တိုက်ပွဲဖြစ်သွားတာ။ သူတို့ဘက်က ပြန်လှည့်ပြေးသွားတယ်။ သူတို့အင်အားကိုတော့ အတိအကျ မသိရပါဘူး။ ထိခိုက်မှုက ကျနော်တို့ဘက်ကမရှိဘူး၊ သူတို့ဘက်ကတော့ ရှိနိုင်တယ်။”

သံဖြူဇရပ်မြို့နယ်၊ အပြင်စခန်းကြီးကျေးရွာမှာလည်း ဇူလိုင် ၁၅ ရက် မွန်းလွဲ ၁ နာရီက အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တောင်ညိုစစ်ကြောင်း ၁၅ မိနစ်ကျော်ကြာ ချုံခိုပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

တောင်ညိုစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ စစ်ကြောင်းထိုးလာတာကို ကြိုစောင့်ပြီးပစ်တာ။ ၁၅ မိနစ်လောက် တိုက်ပွဲဖြစ်ပြီး ပြန်ဆုတ်ခဲ့ရတယ်။ သူတို့ဘက်က ဒရုန်းတွေ အလွန်အကျွံသုံးပြီး တိုက်ခိုက်လို့ ပြန်ဆုတ်ခဲ့ရတာပါ။ ကျနော်တို့ဘက်က ထိခိုက်မှုမရှိဘူး။ သူတို့ဘက်က ၃ ဦးသေပြီး ၄ ဦး ဒဏ်ရာရတယ်” လို့ ပြောပါတယ်။

တိုက်ပွဲမဖြစ်ပွားခင်က စစ်ကောင်စီစစ်ကြောင်းကို ကင်းထောက်သွားတဲ့ တောင်ညိုစစ်ကြောင်း ရဲဘော်နှစ်ဦးကို စစ်ကောင်စီတပ်‌က သတ်ဖြတ်ခဲ့ပြီး တိုက်ပွဲပြီးချိန်မှာလည်း အနီးနားမှာရှိတဲ့ ကျေးရွာချင်းဆက် လမ်းတခုကို ဖျက်ဆီးခဲ့သလို ကျေးရွာ‌ထဲဝင်ပြီး ဒေသခံတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဇူလိုင် ၉ ရက်နဲ့ ၁၁ ရက်မှာလည်း အင်အား ၁၀၀ ခန့်နဲ့ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။

တိုက်ခိုက်မှုတွေကို တောင်ညိုစစ်ကြောင်း၊ ရေးပြည်သူ့ကာကွယ်ရေးတပ်နဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့ NMSP-AD တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ ဝဲကလိ တတက ၄ သင်တန်းကျောင်း၊ စခက ၁၉၊ အမတ ၃၁၇၊ ခမရ ၁၀၆၊ ဝဲကလိနဲ့ အမတ ၃၁၅ တို့က အင်အားတွေဖြည့်တင်းပြီး သံဖြူဇရပ်-ရေး-ထားဝယ် လမ်းကြောင်းကို ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013