DVB Logo
Home
မြန်မာသတင်း
ရဟတ်ယာဉ်၊ လေယာဉ်ဖြင့် အလင်းဝင်လာပါက ဆုငွေ ကျပ်သိန်း ၁၀,၀၀၀ ချီးမြှင့်မည်ဟု MNDAA ကြေညာ 
DVB
·
July 17, 2024
ရဟတ်ယာဉ်၊ လေယာဉ်ဖြင့် အလင်းဝင်လာပါက ဆုငွေ ကျပ်သိန်း ၁၀,၀၀၀ ချီးမြှင့်မည်ဟု MNDAA ကြေညာ 
Donate to DVB

စစ်ကောင်စီဘက်တော်သားတွေအနေနဲ့ လက်နက်ချ အလင်းဝင်ရောက်လာမယ်ဆိုရင် အသက်ဘေးအန္တရာယ်လုံခြုံရေး အာမခံပေးမှာဖြစ်ပြီး  ရာထူးအဆင့်၊ လက်နက်ခဲယမ်း၊ တိုက်ခိုက်ရေးယာဉ်တွေအပေါ် မူတည်ကာ အနည်းဆုံး ကျပ် ၁၀ သိန်းမှ အများဆုံး ကျပ်သိန်း ၁၀,၀၀၀ အထိ ဆုချီးမြှင့်ပေးမယ်လို့ MNDAA ကိုးကန့်တပ်ဖွဲ့က  ဇူလိုင် ၁၄ ရက်မှာ အသိပေး ကြေညာထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ MNDAA ရှေ့တန်းတပ်ဖွဲ့တွေထံမှာ လာရောက်လက်နက်ချနေပြီး လက်နက်ချအလင်းဝင်သူတွေကို လူသားချင်းစာနာစွာ ဆက်ဆံပြီး အသက်ကို အာမခံချက် အပြည့်အဝ ပေးမယ့်အပြင် ထိုက်တန်တဲ့ ဆုငွေတွေပါ ချီးမြှင့်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အလင်းဝင်ရောက်လာသူတွေအနေနဲ့ စစ်သည်အဆင့်မှာ ကျပ် ၁၀ သိန်း၊ လက်နက်ပါပါက ကျပ် ၁၅ သိန်း၊ ဒုဗိုလ်မှ ဗိုလ်ကြီးအဆင့် ကျပ်သိန်း ၂၀၊ လက်နက်ပါပါက ကျပ် ၂၅ သိန်း၊ ဗိုလ်မှူးမှ ဗိုလ်မှူးကြီးအဆင့်ဆိုရင် ကျပ်သိန်း ၃၀၊ လက်နက်ပါပါက ၃၅ သိန်း ချီးမြှင့်မယ်လို့ ဆိုပါတယ်။

လက်နက်ကြီးတွေနဲ့တကွ အလင်းဝင်လာသူတွေ၊ လက်နက်ကြီးတွေကို စစ်ကောင်စီဘက်က ဆက်ပြီး အသုံးမပြုနိုင်အောင် ဖျက်ဆီးခဲ့ပြီး အလင်းဝင်လာသူတွေကိုလည်း လက်နက်အမျိုးအစားအလိုက် ဆုချီးမြှင့်ပေးမယ်လို့ သိရပါတယ်။

၁၂ ဒသမ ၇ မမနဲ့ အထက် စက်သေနတ်တွေကို ကျပ်သိန်း ၅၀၊ ၁၀၀ မမနဲ့အထက် အမြောက်တွေကို ကျပ်သိန်းပေါင်း ၁၀၀၊ သံချပ်ကာ၊ တင့်ကားနဲ့ တခြားကုန်းလမ်းသုံး အကြီးစား စစ်ရေးကိရိယာတွေကို ကျပ်သိန်းပေါင်း ၁,၀၀၀ ချီးမြှင့်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရဟတ်ယာဉ်၊ ပို့ဆောင်ရေးလေယာဉ်နဲ့ တခြားလေယာဉ်အမျိုးအစားတွေကို ဆုငွေ ကျပ်သိန်းပေါင်း ၁၀,၀၀၀၊ မိမိအထက်အရာရှိကို ထိန်းချုပ်လိုက်ပြီး အလင်းဝင်လာသူကို ကျပ်သိန်း ၁၀၀ ချီးမြှင့်ပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။

MNDAA တပ်ဖွဲ့ဝင်တွေဟာ ဇူလိုင် ၁၄ ရက်က လားရှိုးမြို့ နန်ကျိုင်းရွာမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိခဲ့တဲ့အထဲမှာ ၁၈ နှစ်အောက် ကလေး ၃ ယောက် ပါတယ်လို့ ဆိုပါတယ်။

ဇူလိုင် ၁၃ ရက်ကလည်း လားရှိုးစစ်ပွဲဇုန်ကနေ စကစရဲ့ ဒုတိယတပ်ခွဲမှူး ၁ ဦး အပါအဝင် စစ်သုံ့ပန်း ၃၂ ဦး ဖမ်းမိတယ်၊ ဒဏ်ရာရစစ်သုံ့ပန်းတွေကို လူသားချင်းစာနာမှုဆိုင်ရာ ဆေးကုသပေးခဲ့တယ်လို့ The KoKang သတင်းမှာ ဖော်ပြပါတယ်။ 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013