DVB Logo
Home
မြန်မာသတင်း
မန္တလေးမြို့ပေါ် လုံခြုံရေးတင်းကျပ်၊ ရှမ်းမြောက်တွင် တိုက်ပွဲများ  ဆက်ဖြစ်နေ
DVB
·
July 17, 2024
မန္တလေးမြို့ပေါ် လုံခြုံရေးတင်းကျပ်၊ ရှမ်းမြောက်တွင် တိုက်ပွဲများ  ဆက်ဖြစ်နေ
Donate to DVB

မန္တလေးမြို့မှာ မန္တလေးတောင်ကို အတက်အဆင်းပိတ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက  တပ်စွဲထားသလို မြို့တွင်းမှာလည်း လုံခြုံရေးပိုပြီးတိုးမြှင့်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယလှိုင်းအဖြစ် ရှမ်း-မန်းစစ်ဆင်ရေးဟာ ဇွန် ၂၅ ရက်မှာ စတင်ခဲ့တာဖြစ်ပြီး မန္တလေးမြို့နဲ့ မိုင် ၂၀ ဝန်းကျင်လောက်ပဲဝေးတဲ့ မတ္တရာမြို့နယ်အပါအဝင် ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းထဲက မြို့နယ်တွေဖြစ်တဲ့ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ စဉ့်ကူးစတဲ့မြို့နယ်တွေမှာ တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။ 

TNLAနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး တိုက်ပွဲတွေ ဖော်ဆောင်နေတာဖြစ်ပြီး စစ်ကောင်စီရဲ့ စခန်းကြီးငယ်ပေါင်း အနည်းဆုံး ၈၀ ကျော်လောက်ကို သိမ်းပိုက်ထားကြ ပါတယ်။

မန္တလေးနဲ့ အနီးဆုံးကို ရောက်လာတဲ့ ဒီထိုးစစ်အရှိန်ကြောင့် မန္တလေးမြို့ပေါ်မှာလည်း စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်တာ၊ ခံစစ်ပြင်တာတွေကို လုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

မန္တလေးတောင်ပေါ်မှာဆိုရင်လည်း ဆိုင်တွေကို ပိတ်သိမ်းပြီး စစ်ကောင်စီက နေရာယူထားသလို တောင်အတက်အဆင်းကိုလည်း ပိတ်ထားတယ်လို့ ဒေသခံတဦးက DVB ကို ပြောပါတယ်။

မန္တလေးမြို့ထဲက အထပ်မြင့်အဆောက်အဦတွေမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေရာယူတာရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မန္တလေးမှာ ဒေသစုံက စစ်ဘေးရှောင်တွေလည်းအများအပြား ရောက်ရှိနေတာကြောင့်  မြို့အဝင်အထွက် ဂိတ်တွေအပါအဝင် စစ်ဆေးရေးကလည်း ပိုပြီးတင်းကျပ်နေတယ်လို့လည်း သိရပါတယ်။

ပူးပေါင်းတပ်တွေဖော်ဆောင်တဲ့ ရှမ်း-မန်းစစ်ဆင်ရေးဟာ မန္တလေးနဲ့ အနီးဆုံးကိုရောက်ရှိနေပြီဖြစ်သလို စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်အထိ ရည်ရွယ်ထိုးစစ်ဆင်တဲ့ စစ်ဆင်ရေးလို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဘက်က ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အပစ်ရပ်မယ်လို့ ကိုးကန့်တပ်-MNDAA ကကြေညာထားပေမဲ့ လားရှိုးနဲ့ ကျောက်မဲမြို့နယ်ထဲမှာ ထိတွေ့တိုက်ပွဲတွေဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တရုတ်ကွန်မြူနစ်ပါတီရဲ့ မျက်နှာစုံညီအစည်းအဝေးကျင်းပမယ့် ဇူလိုင် ၁၄ ကနေ ၁၈ အထိ အပစ်ရပ်ထားမယ်လို့ မြောက်ပိုင်းလက်နက်ကိုင်တွေက ကြေညာထားပေမဲ့ လားရှိုးနဲ့ ကျောက်မဲမြို့နယ်တွေထဲ တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။

လားရှိုးမြို့နယ်ထဲမှာ‌တော့ မြို့အဝင် မယ်ဟန်ကျေးရွာနားနဲ့ ခမရ-၅၀၇ နားမှာ စစ်တပ်နဲ့ MNDAA တို့ နှစ်ဖက်ပစ်ခတ်မှုတွေရှိနေပြီး လက်နက်ကြီး၊ လေကြောင်းအသုံးပြုမှုတွေလည်းရှိနေတယ်လို့ လားရှိုးမြို့ခံက ပြောပါတယ်။

လားရှိုးမြို့ခံ အမျိုးသမီးတဦးက “သူတို့အပစ်ရပ်တဲ့နေ့ကတည်းက လေယာဉ်နဲ့လည်း ကြဲတာလည်းရှိတယ်။ ပြီးရင်သူတို့အချင်းချင်း ပစ်ခတ်တာလည်းရှိတုန်းပဲ။ ရပ်တာတော့ မရပ်သွားဘူးရှင့်၊ ဒီနေ့လည်း သူတို့ပစ်တုန်းပဲ။ မြို့ထဲကနေပြီး ဟိုဘက်ကို ပြန်ပစ်နေတာလည်း ရှိတယ် အစ်ကိုရေ။ ပြီးရင် ခုနကဆိုလည်း ဂျက်လေယာဉ်တွေက ဝဲပြီး လာပစ်ချသွားတာလည်းရှိတယ်။ ၅၀၇ တပ်ဘက်လေ။ ညဘက်ဆိုလည်း ပစ်တုန်းပဲ ဒါပေမဲ့ အခုဒီညဘက်၊ ညဉ့်နက်ပိုင်းဆိုရင် သူတို့ နည်းနည်း နားသွားတာတော့ရှိတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ဇူလိုင် ၁၅ ရက်မှာ လားရှိုးမြို့နဲ့ ၇ ဝန်းကျင်အကွာက မယ်ဟန်ဂိတ်ကို MNDAA က တိုက်ခိုက်အပြီး မြို့အဝင်လမ်းကို ထိန်းချုပ်လိုက်ကြောင်း ဒေသခံကပြောပြီး စစ်ရှောင်တွေ မြို့ထဲပြန်လှည့်လာတယ်လို့ အဲဒီမြို့ခံက ပြောပါတယ်။

မြို့ထဲကနေလည်း လက်နက်ကြီးပစ်ခတ်တာတွေဆက်ရှိနေပြီး အ.ထ.က (၅)  စာသင်ကျောင်းအနီးကို  လက်နက်ကြီး ကျရောက်ခဲ့သေးတယ်လို့ ဆိုပါတယ်။

ဒါ့အတူ ကျောက်မဲမြို့မှာလည်း ဇူလိုင် ၁၅ ရက်အထိ ခမရ-၅၀၁၊ ၅၀၂ နားမှာ တိုက်ပွဲပြင်းထန်ခဲ့ပေမဲ့ ဒီကနေ့ တိုက်ပွဲငြိမ်နေပြီး မြို့အပြင်ဘက်ကရွာတချို့မှာပဲ လက်နက်သံတွေကြားရကြောင်း ဒေသခံက ပြောပါတယ်။

ကျောက်မဲမြို့ခံ  အမျိုးသားတဦးက “ကျနော်တို့ ဒီဘက် ကျောက်မဲဘက်ကို စစ်ကူလာတဲ့ စစ်ကြောင်းပေါ့နော်။ စစ်ကြောင်းက ကျောက်မဲမြို့ရဲ့တောင်ဘက်ရွာတွေမှာ ရောက်နေတယ်။ အဲတာတွေက ကျောက်မဲမြို့ထဲကို မဝင်ဘူးခင်ဗျ။ သူတို့က မြို့ပတ်ချာလည်က ရွာတွေမှာ အဲလိုမျိုးပေါ့နော်၊ ရွာထဲကနေပြီး လမ်းကြောင်းတွေကို ပိတ်တာပေါ့နော်။ ဒီဘက်ကလည်း သူတို့လာမယ့် လမ်းကြောင်းကိုပိတ်တယ်။ ဟိုဘက်ကလည်း သူတို့ထွက်မယ့် လမ်းကြောင်းကိုပိတ်တယ်။ အဲလိုမျိုးအခြေအနေ ရင်ဆိုင်ပြီးတော့ အခု ထိတွေ့မှုတွေတော့ ဖြစ်နေပါတယ်ခင်ဗျ ”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ကူစစ်ကြောင်းဟာ ရပ်စောက်ဘက်ကနေ ကားအစီးရေ ၂၀ ဝန်းကျင်နဲ့ ထွက်ခွာလာတာလို့ ဒေသခံတွေကပြောပေမဲ့ DVB အနေနဲ့ အတိအကျကို အတည်မပြုနိုင်သေးပါဘူး။

မြို့ထဲတိုက်ပွဲမရှိတာကြောင့် လတ်တလော ကျောက်မဲမြို့ထဲမှာ မနက်ပိုင်း ဈေးရောင်းဈေးဝယ်တချို့ရှိပြီး သွားလာနေကြတယ်လို့ သိရပါတယ်။   

TNLA ပြောခွင့်ရသူကတော့ စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာရင် ရှမ်းမြောက်မှာလည်း ခုခံတိုက်ပွဲတွေ ဆက်ဖြစ်နိုင်ကြောင်း ပြောပါတယ်။

PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန လွေးယေဦးက  “ကျောက်မဲမှာဆိုရင် စစ်ကောင်စီရဲ့တပ် ၅၀၁၊ ၅၀၂ တွေမှာ တပ်စခန်းတွေကျန်ပါသေးတယ်။ လက်ရှိမှာတော့ သူတို့ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာနေတာလည်း ကျမတို့ ကြားသိရပါတယ်။ သူတို့အင်အား အလုံးအရင်းနဲ့တော့ ဖော်ပြထားတယ်။  ဒါပေမဲ့ ခန့်မှန်းခြေ ဘယ်လောက်ရှိလဲဆိုတာတော့ ကျမလည်း မပြောတတ်သေးဘူး။ ဒီကာလအတွင်းမှာ စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာရင်တော့ ကျမတို့က ခုခံပိုင်ခွင့် တိုက်ပွဲတွေတော့ ဖြစ်ပွားနိုင်ပါတယ်” လို့ ပြောပါတယ်။

ဇွန် ၂၅ ရက်ကစတဲ့ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအနေနဲ့ TNLA နဲ့ ပူးပေါင်းတပ်တွေဟာ ရှမ်းမြောက်က နောင်ချိုမြို့၊ မန္တလေးတိုင်းထဲက မိုးကုတ်အနောက်ခြမ်း အပါအဝင် စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

ဒီတိုက်ပွဲတွေထဲ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးတွေကြောင့်  မိုးကုတ်နဲ့ ရှမ်းမြောက်မှာ အရပ်သား ၇၀ နီးပါးသေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားပါတယ်။ 

ထက်အောင်/ စိုးသူအောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013