
ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းက အဓိက အချက်အချာကျတဲ့ မီးဇာကျေးရွာကို စစ်အာဏာရှင်တပ်က ဩဂုတ် ၂၆ ရက် ညနေ ၄ နာရီခွဲကနေ ၅ နာရီအထိ လေယာဉ် ၅ စီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပလက်ဝ ဒေသခံတွေက ပြောပါတယ်။
မီးဇာကျေးရွာနဲ့ အနီးပတ်ဝန်းကျင် တောင်တန်းတွေကို ဂျက်ဖိုက်တာ ၄ စီး၊ Y-12 တစီးနဲ့ ဗုံးအလုံးရေ ၃၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိအခိုက်များစွာ ရှိနိုင်တယ်လို့ ပလက်ဝမြို့နယ် ရှင်းလက်ဝဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“မီးဇာရွာ လေယာဉ်အုပ်စုလိုက်သုံးပြီး ဗုံးကြဲသွားတာရှိတယ်။ ကျနော်တို့ သိထားရသလောက် မီးဇာရွာနဲ့ ရွာအနောက်က တောင်တန်းတွေကို လေယာဉ် ၅ စီးနဲ့ ဗုံးကြဲသွားတာလို့ ကြားထားရတယ်။ ဗုံးကြဲသံတွေကတော့ အများကြီး ကြားရတယ်ဗျာ။ မီးဇာဆိုတာ အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးမှာ အဓိက အချက်အချာအကျဆုံး ကျေးရွာဖြစ်တယ်။ ကုန်သည်တွေ၊ ဘုတ်သမားတွေ အမြဲမပြတ်တမ်းရှိတာကြောင့် ဆိပ်ကမ်းတွေမှာသာ ဗုံးတွေကျမယ်ဆို အထိအခိုက်က အတော်လေးကို များနိုင်တယ်။”
လက်ရှိမှာ စစ်တပ်က လေယာဉ်အုပ်စုလိုက်သုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မီးဇာကျေးရွာသား အများစုဟာ ဘေးလွတ်ရာ ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရလို့ ပလက်ဝဒေသခံတွေက ပြောပါတယ်။
အခု ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ မီးဇာကျေးရွာဟာ ကုလားတန် မြစ်ကမ်းဘေးမှာ တည်ရှိပြီး စစ်အာဏာရှင်တပ် အခြေချတပ်စွဲခဲ့တဲ့ တရွန်အိုင်ဗျူဟာ၊ မြစ်ဝဗျူဟာနဲ့ ရှင်းလက်ဝဗျူဟာ ၃ ခုကြား အလယ်မှာ အဓိက ဆက်သွယ်ထားတဲ့ အချက်အချာကျကျေးရွာ ဖြစ်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ ပလက်ဝမြို့နယ်ရှိ အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းက အဓိက အချက်အချာကျတဲ့ ကျေးရွာ ၃ ရွာကို ဩဂုတ် ၂၄ ကနေ ၂၆ ရက်အထိ ၃ ရက်ဆက်တိုက် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကုန်သည်တွေအပေါ်မှာ စိုးရိမ်စိတ်တွေ ရှိလာကြပြီလို့ လောင်တလိုင်ရောက် ရခိုင်ကုန်သည်တယောက်က ပြောပါတယ်။
“မီးဇာ ဗုံးကြဲခံရတာကတော့ ဟုတ်တယ်ဗျာ။ ထိခိုက်မှု များလား နည်းလားဆိုတာ မသိရသေးဘူး။ ကုန်သွယ်ရေးလမ်းကြောင်းက ရွာတွေ နေ့တိုင်း ဗုံးကြဲခံနေရတော့ ရခိုင်ကို ကုန်နဲ့ ဆင်းရမှာတောင် စိုးရိမ်စိတ်ရှိနေပြီ။ ကုန်သွယ်ရေးအရ အချက်အချာကျတဲ့ ကျေးရွာတွေကိုပဲ ရွေးပြီး ဗုံးကြဲတိုက်ခိုက်နေတာကြောင့် စစ်တပ်က ဒီလမ်းကြောင်းကို ပစ်မှတ်ထားပြီး နှောင့်ယှက်ဖျက်ဆီးဖို့ ကြိုးပမ်းနေတာ သေချာနေပြီ။”
စစ်အာဏာရှင်တပ်ဟာ ဩဂုတ် ၂၄ ရက်က ပလက်ဝမြို့နယ် စိမ်းညှင်းဝကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး ဩဂုတ် ၂၅ ရက်နေ့မှာ ရွှေလိုက်ဝကျေးရွာကို လေကြောင်းတိုက်ခိုက်ကာ ဩဂုတ် ၂၆ ရက်မှာ မီးဇာကျေးရွာကို ထပ်မံ လေကြောင်းတိုက်ခိုက်လာတာ ဖြစ်ပါတယ်။
စိမ်းညှင်းဝကျေးရွာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုမှာ ကလေးငယ်တွေ အပါအဝင် ၅ ယောက် သေဆုံးပြီး ၁၇ ယောက် ထိခိုက်ဒဏ်ရာရရှိကာ ရွှေလိုက်ဝရွာ ဗုံးကြဲမှုနဲ့ မီးဇာကျေးရွာ ဗုံးကြဲတိုက်ခိုက်မှုမှာ အရပ်သားထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးပါဘူး။
၂၀၂၃ ခုနှစ်ကတည်းက စစ်အာဏာရှင်တပ်က ရခိုင်ပြည်နယ်ကို ကုန်စည်စီးဆင်းမှု ပိတ်ဆို့ထားတာကြာင့် ရခိုင်ပြည်နယ်အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ စက်သုံးဆီတွေကို မီဇိုရမ်ပြည်နယ် တခုတည်းကသာ မှီခိုအားပြုနေကြရတာလည်း ဖြစ်ပါတယ်။
အာရက္ခတပ်တော် (AA) နဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်အာဏာရှင်တပ်ဟာ အရှုံးတွေနဲ့ ဆက်တိုက် ရင်ဆိုင်လာနေရတာကြောင့် ရခိုင်ပြည်နယ်က အရပ်ဘက်ပစ်မှတ်တွေကို လေကြောင်းကနေ ပစ်မှတ်ထားပြီး ဆက်တိုက် တိုက်ခိုက်လာနေတဲ့အတွက် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ် အထူးသတိပြုကြဖို့ကို အာရက္ခတပ်တော်က တိုက်တွန်းထားပါတယ်။











