DVB Logo
Home
မြန်မာသတင်း
ရွှေတောင်တွင် မြစ်ရေကြီးမှုကြောင့် အိမ် ၁၀၀၀ ကျော်ကပြည်သူများ ဘေးလွတ်ရာရွှေ့ပြောင်း
DVB
·
July 16, 2024
ရွှေတောင်တွင် မြစ်ရေကြီးမှုကြောင့် အိမ် ၁၀၀၀ ကျော်ကပြည်သူများ ဘေးလွတ်ရာရွှေ့ပြောင်း
Donate to DVB

ဧရာ၀တီမြစ်ရေ တက်လာတာကြောင့် နိုင်ငံတဝန်းမြို့ပေါင်း ၂၀ ကျော်မှာ ရေကြီးရေလျှံတာတွေ ဖြစ်နေသလို ပဲခူးတိုင်း၊ ရွှေတောင်မြို့ထဲမှာ အိမ်ခြေ ၁၀၀၀ ကျော်က မိသားစုဝင်တွေကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးထားရပါတယ်။

ဧရာဝတီမြစ်ရေကြီးနေတာကြောင့် နိုင်ငံတဝန်း မြို့ပေါင်း ၂၀ ကျော် ရေကြီးရေလျှံဖြစ်နေပြီး ရွှေတောင်မြို့က ရပ်ကွက်နဲ့ ရွာတွေက နေအိမ်တွေ ရေနစ်မြုပ်နေတာကြောင့် မြို့ပေါ်က လူတွေက ရေဘေးကယ်ဆယ်ရေး သတ်မှတ်ထားတဲ့နေရာတွေမှာ ရွှေ့ပြောင်းနေကြရပါတယ်။

ရေနစ်မြုပ် ရွာတွေက ပြည်သူတွေကတော့ မြင့်တဲ့နေရာတွေက ဘုန်းကြီးကျောင်းတွေမှာ အဆင်ပြေသလိုနေနေကြရကာ ရေစီးသန်ပြီး သွားလာရခက်ခဲတဲ့နေရာတွေကတော့ စားရေးသောက်ရေး အခက်အခဲကြုံနေကြတာကြောင့် အကူအညီတွေ လိုအပ်နေပါတယ်။

ဒုရင်ဂဗိုလ်ကျေးရွာသူတဦးက “အနိုမ့်ပိုင်းကလူတွေက လွတ်တဲ့နေရာတွေမှာ တက်ပြီးဖြစ်သလို နေကြပေါ့။ ဘုန်းကြီးကျောင်း၀င်းထဲက ဓမ္မာရုံတို့၊ ဇရပ်တို့ အဲ့လိုနေရာလေးတွေမှာ ရွှေ့ပြောင်းနေနေရတယ်။ ရွာဘက်တွေကတော့ ကယ်ဆယ်ရေးစခန်းတို့ ဘာတို့မရှိကြဘူးလေ။ မြို့ပေါ်ပြောင်းရွှေ့နေဖို့ကလည်း အဆင်မပြေကြဘူးလေ။ ဒီနေ့တော့ ထမင်းထုပ်ဝေမဲ့ အလှူရှင်ရှိလို့ ရွာက စက်လှေသမားတွေကိုတော့ လှမ်းပြောထားတယ်။ ခဏနေ အလှူရှင်လာမယ်တဲ့ သွားကြို့ဖိုပေါ့။ တခြားဘယ်ကမှတော့ အလှူရှင်မလာပါဘူး လေလောဆယ်တော့ လာကူတာတွေလည်း မရှိပါဘူး” လို့ ပြောပါတယ်။

ဧရာဝတီမြစ်ရေတက်လာတာကြောင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတို့က မြို့တွေမှာ ရေကြီးရေလျှံတွေ ဖြစ်ပေါ်နေပါတယ်။ 

ရွှေတောင်မြို့နယ်ထဲ ဧရာ၀တီမြစ်နားရှိ ရွာတွေက သွားလာရခက်ခဲတာကြောင့် တချို့အလှူရှင်တွေ လမ်းလှမ်းမမီတာတွေလည်း ရှိနေပါတယ်။

ဒေသခံအလှူရှင်တဦးက “ရွှေပန်းတောက တော်တော်ဆိုးတယ်။ အဲ့ဒီဆိုးတဲ့နေရာတွေကျတော့ အလှူရှင်တွေအနေနဲ့ ရေစီးသန်တော့ မလာကြဘူး။ တကယ်လို့ ကယ်ဆယ်ရေးတွေက ထမင်းထုပ်‌ဝေပြီဆိုရင်တောင်မှပဲ တကယ်ခက်ခဲနေတဲ့‌  မြောက်ပိုင်းကို လုံ၀မရောက်ဘူး။ ဒုရင်ဂဗိုလ်၊ ညောင်ပင်သာ၊ ရွှေပန်းတော၊ မရွှေထားကွက်သစ်၊ ၄ ရွာစုစုပေါင်းကို အိမ်ခြေက ၂၀၀ ကနေ ၃၀၀ လောက်အထိရှိတယ်” လို့ ပြောပါတယ်။

ရွှေတောင်မြို့တွင်းနဲ့ ရွာတွေဘက်က ရေဘေးသင့်သူတွေကို ဒေသခံပရဟိတအဖွဲ့တွေက အသင်းပိုင်စက်လှေတွေနဲ့ နေရာရွှေ့ပြောင်းပေးတာ၊ အလှူရှင်တွေနဲ့ချိတ်ဆက်ပြီး ထမင်းထုပ်ဝေတာတွေကို ကူညီပေးနေပါတယ်။

ဒေသခံပရဟိတအဖွဲ့ဝင်တဦးက “ကြာနီကန်ရပ်ကွက်က ရွှေ့ပြောင်းပေးထားတဲ့သူတွေက ရွှေမျက်မှန်ဘုရား၀င်းထဲမှာ အိမ်ခြေ ၅၀၀ လောက် ရွှေ့ပေးထားတယ်။ ယွန်းတန်းက ၁၃၄ အိမ် လောက်ရွှေ့ပေးထားတယ်။ ဧရာ၀တီကွက်သစ်ကတော့ လူဦးရေ ၆၀၀ လောက်ရှိတယ် အိမ်ထောင်စု ၁၀၀ ကျော်လောက်ပေါ့။ အဲ့ဒီလူတွေအားလုံး ၁၀၀၀  ကျော် လောက်တော့ ရွှေ့ပြီးသွားပြီ။  ရေကဆက်တက်နေတုန်းပဲ၊ နောက် ၃-၄ ရက်လောက်တော့တက်ဦးမှာပဲ။  ဒီနေ့လည်း ထပ်ပြီးသွားရွှေ့ရဦးမယ်။ ဒီနေ့က သရက်တောဘက်ရယ်၊ ယွန်းတန်းဘက်ရယ်ကို သွားရွှေ့ပေးရမှာ။ လောလောဆယ်တော့ ထမင်းထုပ် အလှူခံပြီးကျွေးနေရတယ်။ တချို့ကြတော့လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေကြတယ်၊ မြို့နယ်ကတော့ ဆန်ပေးမယ်၊ ဆီပေးမယ်တော့ ပြောတယ် ဟင်းတော့ သူတို့မတတ်နိုင်ဘူး” လို့ ပြောပါတယ်။

ရွှေတောင်မြို့နယ်ထဲက အနိမ့်ပိုင်းနေရာတွေမှာရှိတဲ့ အထက်တန်းကျောင်း ၄ ကျောင်း၊ အလယ်တန်းကျောင်း ၃ ကျောင်း၊ မူလတန်းကျောင်းပေါင်း ၂၀ ကိုလည်း ဇူလိုင် ၁၆ ရက်ကစပြီး ယာယီပိတ်ထားလိုက်ကြောင်း ပညာရေးမှူးရုံးတာဝန်ရှိသူဆီကနေ သိရပါတယ်။

ရေက ဆက်တက်နေတာကြောင့် ရေဘေးသင့်သူတွေ ထပ်တိုးလာနေကြောင်း ဒေသတွင်း ကူညီရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

မြစ်ရေကြီးတာကြောင့် မြစ်ကြောင်းတလျှောက်က လယ်ယာစိုက်ခင်းတွေ ဧက သောင်းချီ ရေနစ်မြုပ်တာ၊ လမ်းတံတားတွေ ပျက်စီးတာနဲ့ ရေးဘေးသင့်သူတွေကို အရေးပေါ် ပြောင်းရွှေ့ပေးနေရတယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

  မင်းညို 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013